မကွေးတိုင်း တောင်တွင်းကြီးမြို့နဲ့ ရန်ကုန်ကစမ်းချောင်းမြို့နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်တွေဟာ ဘာသာရေးလူမျိုးရေးလှုံဆော်မှုတွေအဖြစ် တနိုင်ငံလုံးကို ပြန့်နှံကူးစက်နိုင်တဲ့ အရေးတကြီးအခြေအနေ မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့သမ္မတရုံး ပြန်ကြားရေးတာဝန်ခံ ကပြောဆိုလိုက်ပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေသတင်းဌာနကမေခကစုစည်းပေးသွားမှာပါ။
ဒီကနေ့နေပြည်တော်မှာကျင်းပတဲ့ သမ္မတရုံးတာဝန်ခံ ဦးဇော်ဌေးနဲ့ သတင်းထောက်တွေတွေ့ဆုံ ပွဲမှာ မကွေးတိုင်း တောင်တွင်းကြီးမြို့နဲ့ ရန်ကုန်ကစမ်းချောင်းမြို့နယ်က ဖြစ်ရပ်တွေဟာ တနိုင်ငံလုံးကို အလျင်အမြန် ကူးစက်နိုင်တာမို့ ဒီအခြေအနေဟာ အရေးကြီးကြောင်း ပြောဆို လိုက်တာပါ။
“တောင်တွင်းကြီးကိစ္စက တိုင်းပြည်အတွက်ပြောရရင်တော့ စိုးရိမ်ရတယ်။ ဘယ်လောက်အထိ စိုးရိမ်ရသလဲဆိုတော့ ကျနော်တို့ အချိန်မီမတားနိုင်ရင် ကျနော်တို့ တနိုင်ငံလုံးမှာ ကူးစက်နိုင်တဲ့အနေအထားရှိတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဒီကိစ္စမှာ အကဲဆက်ပါတယ်။”
လက်ရှိအခြေအနေကိုတည်ငြိမ်နိုင်ဖို့လည်းလုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တောင် တွင်းကြီး ဒေသ ဖြစ်ရပ်မှာ ဆူပူမှုလုပ်ဆောင်တယ်လို့ သံသယရှိသူ နောက်ထပ်တဦးကို မနေ့က ထပ်မံခေါ်ယူစစ်ဆေးနေတာမို့ ဒီဆူပူမှုအတွက် စုစုပေါင်း ၆ဦးကို ထိန်း သိမ်းစစ်ဆေးနေတယ်လို့ တောင်တွင်းကြီး ရပ်မိရပ်ဖတဦးကပြောဆိုပါတယ်။ ပြစ်မှုကျူးလွန်သူများကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၊ ၄၄၀ / ၁၄၄ / ၁၄၇ / ၁၅၂ / ၁၅၃ တို့နဲ့အမှုဖွင့် ထားတယ်လို့ပြောပါတယ်။ လက်ရှိ တောင်တွင်း ကြီးဒေသအခြေနဲ့ပတ်သတ်လို့ သူက
“ကျနော်တို့မြို့ကတော့ လောလောဆည်အားလုံးငြိမ်းချမ်းသွားပြီခင်ဗျ ၊ အဓိက ခိုင်းစေသူကိုပေါ့နော် အဓိက ခေါင်းဆောင်တဲ့သူကိုပေါ့နော် လိုက်ပြီးတော့ စုံစမ်းပြီးတော့ ရှာတုန်းပါပဲ။”
ဒီအမှုနဲ့ ပတ်သက်ပြီး တောင်တွင်းကြီး ရဲစခန်း ကတာဝန်ရှိသူက စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်းဗွီအိုအေကိုပြောဆိုလာပါတယ်။
မနေ့ညက စမ်းချောင်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဘာသာရေး လှုံဆော်မှုအဖြစ် သံသယရှိနေကြပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်သူကို ဒီကနေ့ဘဲ ရန်ကုန်ရဲအက်ဥပဒေ ၄၁(မူးယစ်ရမ်းကားမှု)နဲ့ထောင် ၈ရက်ချလိုက်တယ်လို့ စမ်းချောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုဘိုဘိုဦး ကပြော ပါတယ်။ထိုသူဟာ ကြည်မြင်တိုင် မီးရထားဘူတာဝင်းထဲနေသူဖြစ်ပြီး အခုလို ထောင် ၈ရက်ချတာနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေမှာ ဝေဖန မှုတွေထွက်ပေါ်နေပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ကိုဘိုဘိုဦးအမြင်ကတော့
“ပုဒ်မက ရဲဥပဒေပေါ့နော်၊ ရန်ကုန်ရဲအက်ဥပဒေလို့ခေါ်တာပေါ့နော် ပုဒ်မ ၄၁ နဲ့ ပတ်သက်ပြီးတော့ ပြစ်ဒဏ် ၈ ရက်ချမှတ်လိုက်တာပါ။ ပြီးတော့ ခံဝန်ချုပ်ပါပါတယ်၊ ခံဝန်ချုပ်ပါတယ်ဆိုတာက လွတ်လာပြီးရင် ရဲစခန်းမှာ နေ့တိုင်း လက်မှတ်ထိုးနေရမယ်ပေါ့နော်။ နောက်ထပ် ပြစ်မှု တစုံတရာထွက်ပေါ်လာလို့ရှိရင်သူ့ကို နောက်ထပ်အနည်းဆုံး ၁ နှစ်လောက်ချနိုင်ပါတယ်ခင်ဗျ။ အခုက တရားစွဲတဲ့လူပေါ့နော် ပြည်သူတွေဘက်က တရားစွဲသူမရှိခဲ့ဘူးခင်ဗျ ၊ အမှုဖွင့်တဲ့လူပေါ့နော် ။ အမှုဖွင့်တဲ့လူမရှိတဲ့အခါကျတော့ ရဲကလည်း သူကပ်လို့ရတဲ့ ပုဒ်မကို သူကပ်ပြီးတော့ ထောင်ချလိုက်တယ်လို့ ယူဆထားပါတယ်ခင်ဗျ။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်ဖို့အတွက်ကို လှုံ့ဆော်တယ်ဆိုတာက အင်မတန်မှ အန္ဒရာယ်များတဲ့ ကိစ္စရပ်ဖြစ်ပါတယ် ဒီထက်ပိုပြီးတော့ သံသရရှိပါတယ်ခင်ဗျ ဒါကိုလည်း ကျနော်တို့ ဆက်လက်ပြီးတော့ မျက်ခြေမပျက်စောင့်ကြည့်နေပါတယ်ခင်ဗျ။”
အခုရက်ပိုင်းအတွင်း ဘာသာရေးလူမျိုးရေးလှုံဆော်မှုပုံစံမျိုးတွေ နေရာဒေသအချို့တွေမှာတွေ့နေရပြီး ဒါတွေကို ထိထိရောက်ရောက်ဖော်ထုတ်အရေးယူ သင့်တယ်လို့ မြန်မာ့ရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကသုံးသပ်ပြောဆိုလိုက်ပါတယ်။
“လုံခြုံရေးအရထိထိရောက်ရောက်ကိုင်တွယ်မှုပေါ့ ဒါက ဘယ်လိုပဲဖြစ်ဖြစ် တောင်တွင်းကြီးမြို့လိုဟာမျိုးမှာဖြစ်တာကတော့ အကြမ်းဖက်မှုလို့ပြောရမှာပဲ တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးနှောင့်ယှက်တာပေါ့။ ဒါမျိုးလုံ့ဆော်မှုတွေကို လုံခြုံရေးပိုင်းက တိတိကျကျကိုင်တွယ်နိုင်မယ်ဆိုရင် ဖြေရှင်းနိုင်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ လူထုအဖွဲ့အစည်းတွေပေါ့နော် NLD ပါတီဝင်တွေလည်းရှိတယ်၊ ကျန်တဲ့ လူထုအဖွဲ့အစည်းတွေကို ပညာပေးတာကို ကောင်းကောင်းလုပ်နိုင်ဖို့လိုတယ်။”
လက်ရှိချိန်အထိ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသားနဲ့ ဟိန္ဒူဘာသာဝင် ၂သောင်း ၆ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို အစ္စလာမ်ဘာသာဝင် ၃သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5