သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအဓိကရုဏ်း လှုံ့ဆော်မှုများရှိနေ


တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)
တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)

တောင်တွင်းကြီးမြို့မှာရှိတဲ့ မွတ်ဆလင်ဗလီတလုံးအနီးမှာ ဆိုင်အချို့ကို အယောက် ၃၀လောက်ရှိတဲ့ လူအုပ်စုတစုက ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ လူ ထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ တာဝန်ရှိအာဏာပိုင်တွေနဲ့ ရဲတွေ အခု တောင်တွင်းကြီးမြို့က လမ်းဆုံတွေမှာ လုံခြုံရေးယူပြီး အခြေအနေကိုတော့ ထိန်းချုပ်နိုင်ပြီလို့ အဲဒီ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပဋိပက္ခနောက်ဆက်တွဲအခြေအနေနဲ့အတူပဲ၊ ဒီရက်ပိုင်းအတွင်း လူမျိုးရေး ဘာသာရေးဆန့်ကျင်လှုံဆော်ရေးသားမှုတွေ လူမှုမီဒီယာအချို့မှာ ပြန်နှံနေတာပါ။ ဒါကြောင့် အခုရက်ပိုင်းတွေအတွင်း ဘာသာရေး လူမျိုးရေးအရ အဓိကရုဏ်းပုံစံမျိုးတွေမဖြစ်ဖို့ သတိကြီးကြီးထားဖို့ လိုမယ်လို့ လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေး အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။

"ကျနော်တို့ပြည်သူတွေအတွက် အရမ်းသတိကြီးကြီးထားရမယ့်အချိန်မှာ ဒီဟာဖြစ်လာဖို့အတွက်ကိုလည်း တာဆူနေတာကြာပြီ။ ဒီဟာနဲ့ ပတ်သက်ပြီး ၁၀ ရက် ၁၁ ရက်နေ့မှာ ဒါကိုပြဿနာလုပ်မယ်ဆိုပြီးတော့ ဝိုင်းပြောနေတာအများကြီးရှိတယ်။ ဒါက အခု မဖြစ်ဖြစ်အောင်လုပ်နေကြတာ ၊ ဖြစ်မယ် ဆိုပြီးဖြန့်ထားတယ်။ ပြီးသွားတဲ့အခါကျတော့ မဖြစ်ဖြစ်အောင်လုပ်တဲ့ပုံစံမျိုး တွေဖြစ်နေတယ်ပေါ့နော်။

နောက်ပြီးတော့ ဒီရက်ထဲမှာပဲ တရားဟောခွင့်ပိတ်ထားတဲ့ ဦးဝီရသူတွေလည်းတရားဟောတယ် ၊ ဆက်တိုက်အမျိုးသားရေးလှုပ်ရှားမှုတွေကအများကြီးဖြစ်လာတယ်။ အဲဒီတော့ ပြဿနာဖြစ်လာလို့ရှိရင် နာမှာက ပြည်သူတွေပါပဲ။ ဒါကို ကျနော်တို့ မဖြစ်မနေ ဝိုင်းကာကွယ်ဖု့ိလိုပါတယ်။ ကိုယ့်ဒေသထဲမှာလည်း မွတ်ဆလင်တွေရော၊ ဗုဒ္ဓဘာသာတွေရော စည်းစည်းလုံးလုံးရှိဖို့လိုသလို လွှတ်တော်အမတ်တွေ တာဝန်လည်းအရေးကြီးပါတယ်။ လွှတ်တော်အမတ်တွေ ၊ ရပ်ရွာလူထုတွေ ရပ်ရွာခေါင်းဆောင်တွေကနေပြီးတော့ တွေ့ပြီးတော့ မဖြစ်အောင်ဘယ်လိုဝိုင်းကာကွယ်ကြမလဲ ။ ပြီးသွားရင် ရဲတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာမျိုးလုပ်ဖို့ လိုပါတယ်။"

တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရက်ကွက် အုန်းတော ၂ လမ်းနဲ့ မကွေးလမ်းမကြီးတလျေျာက်က ဆိုင်တွေကို တုတ် ဓါးကိုင်တဲ့ လူအုပ်ကနေ ဖျက်ဆီးခဲ့တာဖြစ်ပြီး၊ အခြေအနေကိုတော့ လုံခြုံရေးတပ်ဖွဲကတွေက ထိန်းချုပ်ထားနိုင်ပြီလို့ အစိုးရ ပြန်ကြားရေးကော်မတီက ထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်မှာ ကျူးလွန်သူတွေ လှုံဆော်သူတွေကို ဖမ်းဆီးနေပြီး၊ အလားတူ ပဋိပက္ခဖန်တီးမှုတွေကို အထူးသတိပြုကြဖို့ကိုလည်း အစိုးရ ပြန်ကြားရေးကော်မတီက သတိပေးထားပါတယ်။

ရခိုင်ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့နောက်ပိုင်း အခုရက်ပိုင်းတွေအတွင်းမှာပဲ လူမျိုးရေး ဘာသာရေးအရ အမုန်းပွားရေးသားမှုတွေ အတော်များများ လူမှုကွန်ယက်တွေ၊ အထူးသဖြင့် မြန်မာတွေအများစုသုံးတဲ့ ဖေ့ဘုတ်စာမျက်နှာတွေမှာ ရေးသားဖော်ပြမှု ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG