အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီကနေ့ မနက်ခင်းပိုင်းက တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လိုက်ပါနိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို လိုက်ပါနိုင်မယ်ဆိုတာကို မဟာမိတ် ၃ဖွဲ့က မကြာခင်မှာ ကြေညာချက် ထုတ်ပြန်ဖို့လည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ဖြစ်တဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွ့ဲနဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီကနေ့ မနက် ဒေသစံတော်ချိန် မနက် ၉နာရီကနေ ၁၁နာရီခွဲအထိ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဓိက ဆွေးနွေးတဲ့အချက်တွေကို တအန်း(ပလောင်) အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှုး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။
“ အဓိကကတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတကွ လိုက်ပါနိုင်ဖို့ အချက်အလက်တွေကို နှစ်ဘက် အသေးစိတ်ညှိနှိုင်းဆွေးနွေးကြတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို တကယ်လက်တွေ့ကျကျ ဘာတွေ လုပ်ဖို့လိုမလဲ။ ဘယ်လို ဆွေးနွေးကြမလဲဆိုတာကို ကျနော်တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။ ကျနော်တို့ ၃ဖွဲ့က ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လိုက်ပါနိုင်တယ် အဲဒီအတွက် သဘောထားထုတ်ပြန်ချက် ထုတ်ဖို့တော့ ကျနော်တို့ ဆွေးနွေးကြပါတယ်။ အဲဒါ ထုတ်ပြန်ချက်ကိုလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်ဘက်ညှိနှိုင်းပြီး ထုတ်သွားမှာ ဖြစ်ပါတယ်။ ”
တိုင်းရင်းသား မဟာမိတ် ၃ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းလို့ ရရင် FPNCC ခေါ် တရုတ်နယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့ ပါဝင်တဲ့ ကော်မတီနဲ့ဆွေးနွေးဖို့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
ဒီကနေ့ ပြီးဆုံးသွားတဲ့ဆွေးနွေးပွဲအပေါ်မှာ တာ့ဘုန်းကျော်က အခုလို သုံးသပ်ပြောဆိုပါတယ်။
“ အပစ်အခတ် ရပ်စဲရေးကို ဘယ်လို လက်တွေ့ကျကျ ဘယ်လို ချဉ်းကပ်ကြမလဲ ဆွေးနွေးကြမလဲ ဆိုတဲ့ဟာတွေက နည်းနည်းပိုပြီး ထင်ရှားပေါ်လွင်လာတယ်။ အထူးသဖြင့်တော့ အပစ်အခတ်ရပ်စဲရေးလုပ်ရင် ကျနော်တို့ ၃ဖွဲ့ထဲနဲ့ အပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်း မဟာမိတ် မြောက်ပိုင်းမဟာမိတ်ဆိုတော့ ၄ဖွဲ့လုံးပါတာပေါ့။ KIA လည်းပါတယ်ပေါ့။အဲဒီဟာတွေရော တကယ်လက်တွေ့ကျကျ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ဟာလည်း ဆွေးနွေးနိုင်တယ်။ နောက် တစ်ကြိမ်ကျရင် တကယ်ပိုပြီး လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆောင်ရွက်သွားနိုင်မယ်လို့ ဆွေးနွေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲက အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။”
ဒီကနေ့ ဆွေးနွေးပွဲကို အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှုး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်ခဲ့ပြီး TNLA တအန်း(ပလောင်)အဖွဲ့က အထွေထွေအတွင်းရေးမှုးတာဘုန်းကျော်၊ MNDAA ကိုးကန့်က ဒုဥက္ကဌ ယန်ဝေကျုံးနဲ့ AA ရခိုင်အဖွဲ့က အထွေထွေအတွင်းရေးမှုး ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ရန်ကုန်မှာကျင်းပမှာဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ဖွဲ့က ၉ဖွဲ့ ပါဝင်တက်ရောက်မှာဖြစ်ကြောင်း PNLO ပအိုဝ်းအဖွဲ့ရဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
“ ကျနော်တို့ ဒီနေ့မှာ မနက်ဖန် အစည်းအဝေးအတွက်ကို တိုင်းရင်းသးာလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြင်ဆင်ရေးကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဒီပြင်ဆင်ရေးအစည်းအဝေးကိုတော့ ကျနော်တို့ ဒီ KNU ကိုယ်စားလှယ်က လွဲရင် ကျန်တဲ့ ၉ဖွဲ့က ကိုယ်စားလှယ်တွေက တက်ရောက်လာကြပြီဖြစ်ပါတယ်။”
ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ သူတို့ အဖွဲ့အစည်းအတွင်းမှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတာ၊ ဆွေးနွေးတာတွေ ဆောင်ရွက်နေတာကြောင့် အစည်းအဝေးတွေကို တက်ရောက်ဖို့ ယာယီရပ်ဆိုင်းထားပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က NCA ကို လက်မှတ်မထိုးသေးတဲ့ UWSA ဝတပ်ဖွဲ့၊ NDAA မိုင်းလားတပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့၊ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ KNPP ကရင်နီတပ်ဖွဲ့တွေကို ဖိတ်ကြားထားပေမဲ့ NDAA မိုင်းလားအဖွဲ့သာ တက်ရောက်ဖို့ အကြောင်းပြန်ထားပါတယ်။
Your browser doesn’t support HTML5