မြန်မာပြည်သူတွေအတွက် ပြည်ပကပို့တဲ့နှစ်သစ် ဆုတောင်း

ဒီကနေ့ကျရောက်တဲ့ ၁၃၈၁ တန်ခူးလဆန်း ၁၃ ရက် မြန်မာနှစ်ဆန်းတရက်နေ့မှာ မြန်မာပြည်သူပြည်သားတွေ အတွက် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ကြတဲ့ ဆရာတော်ကြီးများနဲ့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေက ဘယ်လိုဆုမွန်ကောင်းတွေ တောင်းပေးကြတယ်ဆိုတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၉ ဧပြီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်ဆန်းတရက်နေ့ ဖြစ်ပါတယ်။ ဒီနှစ်ဆန်း တရက်နေ့ကစပြီး မြန်မာနိုင်ငံသားတိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစေဖို့ အမေရိကန်- မြန်မာ ဗုဒ္ဓဘာသာအသင်းရှိရာ နယူးရောက်မြို့ လောကချမ်းသာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော် အရှင်ဣန္ဒက က အခုလို နှစ်သစ်ဆုတောင်း မိန့်ကြားခဲ့ပါတယ်

“မြန်မာပြည်သူပြည်သား အပေါင်းနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများ စကြဝဠာ အနန္တအတွင်း ရှိကြကုန်သော ဝေနေယျ များစွာ သတ္တဝါတို့သည် မြန်မာ့နှစ်သစ်ကူး နှစ်သစ်မင်္ဂလာအချိန်အခါတွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာ စွာဖြင့် သာသနာအကျိုး၊ လောကအကျိုး၊ မိမိအကျိုးကို ဆောင်ရွက်နိုင်ကြပြီး သူတော်ကောင်း တရားကို ဆ ထက်တပိုးတိုးပြီးတော့ ကျင့်ကြံ ကြိုးကုပ် အားထုတ်၍ အသက်ရာကျော်ရှည်နိုင်ကြပါစေ ၊ အစစအရာရာ အောင်မြင်ကြပါစေ။”

တောင်ကာရိုလိုင်းနားပြည်နယ် Jamestown မြို့က ဓမ္မဗိမာန်ကျောင်း ဆရာတော် ဦးနန္ဒဝံသကတော့ အတိတ်က လုပ်ရပ်ကို ပြန်သုံးသပ်ပြီး အနာဂတ်အတွက် ပစ္စုပ္ပန်မှာ ကောင်းအောင်ကြိုးစားဖို့ နှစ်သစ်သြဝါဒ ပေးပါတယ်။

“ဦးဇင်းတို့ ဒီနေ့ဆိုရင် နှစ်သစ်စပြီ ကုန်လွန်သွားတဲ့ အတိတ်က ဘယ်လောက်အထိ ကောင်းတဲ့ အခြေအနေ တွေ တိုးတက်ခဲ့ကြပြီလဲ။ ဘယ်လောက်အထိ ဆိုးတဲ့အခြေအနေတွေအထိ ကျဆင်းသွားကြသလဲ။ အဲဒီလို အတိတ်ကို ပြန်ကြည့်ပြီးတော့ ယခုပစ္စုပ္ပန်မှာ နောင်အနာဂတ်အတွက် ဘဝအခြေအနေတွေကို တိုးတက် အောင် လုပ်ဆောင်ပေးကြပါလို့ ၊ အဆွေအပေါင်းတို့ အဟောင်းအညစ် မဲညစ်သည့်စိတ် အတိတ်မှာသာ ထားခဲ့ပါလော့။ ယနေ့ကစ၊ နှစ်သစ်စပြီး နိဗ္ဗာန်ရည်လျက် ဖြူကြည်သန့်သစ် ကုသိုလ်စစ်ကို ယနေ့ရှိအောင် လုပ်ဆောင်လေလော့။ ထိုကုသလ မြတ်ပုညကို လောကမင်္ဂလာ အဖြာဖြာနှင့် ပြည့်ပါစေကြောင်း ဆုမွန်တောင်းသည် သံသရာ လွတ်ကြောင်းလည်း ဖြစ်ပါစေ။”

အမေရိကန် အနောက်တောင်ပိုင်း Arizona ပြည်နယ်မှာ နေထိုင်တဲ့ ၁၉၉၀ အရွေးကောက်ခံ အမတ်တဦး ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းဝင်းဖေ ကတော့ ငြိမ်းချမ်းမှု မရနိုင်သေးတဲ့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးတာပါ။

“သင်္ကြန်နှစ်သစ်ကူးကာလကနေ အစပြုပြီးတော့ ဒီနှစ် တနှစ်လုံး ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ အားလုံး ကြုံနေရတဲ့ ဘေးဆိုးအကျပ်အတည်းတွေ အားလုံးကနေ လွတ်မြောက်ပြီးတော့မှ ပိုမိုပြီးကောင်းမွန်တဲ့ ဘ၀ တည်ဆောက်နိုင်ကြပါစေလို့ မေတ္တာပြု ဆုတောင်းလိုက်ပါတယ်ခင်ဗျ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ နည်းနည်းတင်စားပြီးတော့ ပြောရရင် တုတ်ကြီးကြီးကိုင်တဲ့လူက တုတ်သေးသေးကိုင်တဲ့လူကို နိုင်တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲနဲ့ တုတ်ကြီးကြီးပဲကိုင်ကိုင် သေးသေးပဲကိုင်ကိုင် ၊ တုတ်မရှိတဲ့လူပဲဖြစ်ဖြစ် အားလုံးတန်းတူညီမျှမူနဲ့ သာယာငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်လာစေဖို့ ကျနော်မျှော်လင့်ပါတယ်။ အဲလိုပဲ ဆုတောင်းပါတယ်။”

ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် အကြီးအကဲဟောင်း ဆရာကြီး ဒေါက်တာဆလိုင်း ထွန်းသန်း ကတော့ အမေရိကန် တောင်ပိုင်း Texas ပြည်နယ်မှာ နေထိုင်ပါတယ်။ နှစ်သစ်မှာ ပြည်ထောင်စုသားတိုင်း စိတ်သစ် လူသစ်မွေးပြီး အာဃာတ မထားပဲ မေတ္တာတရား ထားကြဖို့ ပန်ကြားခဲ့ပါတယ်။

“ မြန်မာပြည်သူပြည်သားတွေကို အဘ ဆလိုင်းထွန်းသန်းက နှစ်သစ်မှာ မင်္ဂလာ စကားပြောချင်ပါတယ်။ နှစ်သစ် မှာ စိတ်သစ်လူသစ် အကြံဉာဏ်သစ် ၊ အလုပ်လုပ်တဲ့ နေရာမှာလည်း ဘာမဆို သူများ အပြစ် လွတ်အောင် လုပ်နိုင်ကြမယ်။ တကယ့်အစအန မကျန်အောင် လုပ်နိုင်ရမယ်၊ အစအဆုံးလုပ်နိုင်ရမယ်။ တယောက်နဲ့တယောက် အာဃာတ မထားဖို့လိုတယ်။ တယောက်နဲ့တယောက် အာဃာတ ထားရင် အများကြီး ကျနော်တို့ တိုင်းပြည်နစ်နာတယ်။ အဲဒီတော့ စိတ်သစ်လူသစ်မွေးပြီးတော့မှ တယောက်နဲ့တယောက် အာဃာတ မထားပဲနဲ့ မေတ္တာစိတ်ထားပါလို့ အဘ ဆလိုင်း ပြောချင်ပါတယ်။”