ဒီကနေ့ ကျရောက်တဲ့ မဟာအတာသင်္ကြန်အကြတ်နေ့မြန်မာနိုင်ငံတဝှမ်း ရေသဘင်ပွဲတော် ဆင်ယင်နွှဲပျော်ကြချိန် ဒီနှစ်ရဲ့ ထူးခြားချက် အဖြစ်နဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မြို့ကြီးတော်တော်များများမှာ ဆင်နွှဲကြပါတယ်။ ဒါပေမဲ့လို့ ဒီနှစ်ရန်ကုန် အင်းလျားကန်ဘောင်လမ်းလျှောက်ပွဲတော်မှာတော့ အလှဆင်ထားတဲ့ ဖန်တီးမှုတွေကို ဖျက်ဆီးခံခဲ့ရတဲ့အပေါ် သင်္ကြန်ပွဲတော် နွှဲပျော်သူတွေကြား စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြရပါတယ်။ ဒီလိုအများပြည်သူအတွက် ပျော်ရွှင်အောင် ဖန်တီးထားတာတွေကို အများမြင်ကွင်းမှာပဲ စည်းကမ်းမဲ့ ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေအပေါ် နိုင်ငံကြီးသားအသိစိတ်ဓာတ်ရှိဖို့၊ နောက် ပညာရေးစနစ်ကောင်းဖို့ နဲ့ပြည်သူ့နီတိသိဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုပြီး ထောက်ပြအကြံပြုကြတဲ့ အမြင်သဘောထား မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
ဒီနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ကာလ ရေကစားကြချိန်မှာ ထူးထူးခြားခြား ရန်ကုန်-မန္တလေး အပါအဝင် ပြည်နယ်နဲ့တိုင်း မြို့ကြီး တော်တော်များများမှာ ယာဉ်ကြောပိတ်ဆို့မှုလည်းမဖြစ်အောင် အန္တရာယ်ကင်းကင်းနဲ့ ရိုးရာအစဉ်အလာလည်းဖြစ်အောင် အများပြည်သူတွေ စုပေါင်းဆင်နွှဲကြတဲ့ လမ်းလျှောက်သင်္ကြန်တွေကို ကျင်းပပါတယ်။ ရန်ကုန်မြို့တော်မှာလည်း လမ်းလျှောက်သင်္ကြန်ကို နေရာသုံးနေရာ ခွဲပြီး ဆူးလေ လမ်းလျှောက်သင်္ကြန် ၊ မြကျွန်းသာ လမ်းလျှောက်သင်္ကြန် ၊ ပြည်လမ်းအင်းယားကန်ဘောင်ပေါ်မှာ လမ်းလျှောက်သင်္ကြန် ကျင်းပတာပါ ။
ဒါပေမဲ့လို့ ဒီကနေ့ ကျရောက်တဲ့ မဟာအတာသင်္ကြန် အကြတ်နေ့မှာတော့ ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ ပုသိမ်ထီးတွေ ပိတောက်ပန်းခက်တွေ အလှဆင်ထားတာတွေကို လူငယ်တချို့က အပျော်လွန်ပြီး ဖြုတ်ယူကြတာတွေအပေါ် လမ်းလျှောက်ပွဲလာ အများပြည်သူ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။ အများပြည်သူအတွက် ပျော်ရွှင်အောင် ဖန်တီးမှုတွေအပေါ် အခုလို အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာတွေနဲ့ ပတ်သက်လို့ လမ်းလျှောက်သင်္ကြန်ဆင်နွှဲခဲ့သူတွေ အပါအဝင် ရန်ကုန်မြို့ခံတွေအမြင် က ဘယ်လိုရှိပါသလဲ။
အနာဂတ်လူငယ်မျိုးဆက်တွေအနေနဲ့မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းကြဖို့ လိုသလို အများပြည်သူနဲ့ပတ်သက်တဲ့ ပြည်သူ့နီတိကိုလည်း သိရှိကြဖို့ က အဓိက ပညာရေးစနစ်နဲ့ လူမှု ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့ လိုတယ်လို့ မြန်မာ့အစိမ်းရောင်ကွန်ယက်က ဒေါ်ဒေဝီသန့်စင်က အခုလိုအကြံပြုပါတယ်။
“ လူငယ်ဆိုတာကတော့ ဒေါ်လေးတို့အပါအဝင် ခေတ်အဆက်ဆက်က ခေတ်ရေစီးကြောင်းကတော့ ကမ္ဘာနဲ့အညီ ပြောင်းလဲနေတာပေါ့။ အဲ့ဒီ့တော့ အဲ့ပြောင်းလဲမှုတွေကိုတော့ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီးပေါ့ အဲ့တာကတော့ မလုပ်သင့်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ နှစ်ကူးတယ်။ ကမ္ဘာမှာလည်း နှစ်သစ်ကူးရှိတယ်။ တနိုင်ငံ တနိုင်ငံရဲ့ သူ့ရိုးရာ ဓလေ့ ဒါတွေကိုတော့ အစိုးရအပါအဝင် ပြည်သူလူထုကပါ ပြည်သူလူထုထဲမှာမှ အဓိက လူငယ်တွေက ထိန်းသိမ်းသွားဖို့ အရေးကြီးတယ်။ နိုင်ငံတခုရဲ့ အစိုးရမှာရော လူထုမှာရော အထူးသဖြင့် မြန်မာပြည်ကြီးကို ဆက်ပြီး သယ်သွားမယ့် လူငယ်တွေမှာ တာဝန်ရှိပါတယ်လို့ ဒေါ်လေးက အဲ့တာလေးပြောချင်ပါတယ်။”
မဆုမွန်။ ။ အများပြည်သူအတွက် ပျော်ရွှင်အောင် ဖန်တီးပေးထားတဲ့ နေရာလေးတွေ ဖျက်ဆီးပစ်တာမျိုးတွေရှိတယ်။ တချို့ကတော့လည်း ဒါကို အပျော်လွန်ပြီး လုပ်တဲ့သဘောရှိတယ်။ တချို့ကျတော့လည်း ဒါကို ဖျက်ဆီးပစ်လိုက်တာကို ရှက်ရ ကြောက်ရကောင်းမှန်းမသိဘူးပေါ့နော်။ နီတိစိတ်သိအောင် ဘယ်လိုများ အကြံပေးချင်တာရှိပါလဲရှင်။
“ အဲ့တာကတော့ Generation Gap ပေါ့။ အဓိကကတော့ ခေတ်တွေကို ဖြတ်သန်းလာကြတဲ့တလျောက်မှာ ပြည်သူ့နီတိ ဆိုတာ ပြသတယ်။ နောက် ဒီလူငယ်တွေကို ရပ်ကွက်ကရော ကျောင်းရောက်ရင် ကျောင်းက ဆရာ၊ ဆရာမတွေရော နောက် အိမ်မှာဆိုရင်လည်း မိဘတွေကပါ သုံးဦးသုံးဖလှယ် ဝိုင်းထိန်းကြတယ်။ အခုက စိတ်လည်း မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ ဖြတ်သန်းလာတဲ့ခေတ်တွေပြောင်း လာတဲ့အခါ လူငယ်တွေလည်း ပြောင်းလဲလာကြတယ်။ ဒါကို နားလည်ပေးနိုင်ပေမဲ့လို့ မဖြစ်သင့်တာ မဖြစ်ဖို့က အဓိက အရေးကြီးဆုံး အခြေခံဖြစ်တဲ့ ပညာရေး နဲ့ ထိန်းသိမ်းမှ ရမယ်လို့ မြင်ပါတယ်။”
အခုလို လူငယ်လူရွယ်တွေနဲ့ ပြည်သူတွေကြား ပြည်သူ့နီတိကို နားလည်သဘောပေါက်ဖို့က ပညာရေးစနစ်ကောင်းဖို့ အဓိက လိုအပ်သလို အဲ့သလို အများပြည်သူနဲ့ဆိုင်တဲ့ပစ္စည်းတွေ နေရာတွေကို ဖျက်ဆီးလိုစိတ်ရှိတဲ့သူ လူငယ်တွေရဲ့ စိတ်ကိုလည်း ဆန်းစစ်ဖို့လိုတယ်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွန်ယက်က ဦးထွန်းဝင်းငြိမ်းကတော့ သုံးသပ်ပါတယ်။
“ဥပမာ ကားပေါ်တွေဆို ထိုင်ခုံတွေမှာ ဆိုဖာတွေကို ဓားတွေနဲ့ ခြစ်သွားတာမျိုးတွေရှိတယ်။ အဲ့တာမျိုးတွေ မကြာခဏ ကျနော်တို့တွေ့ရတယ်။ အဲ့ဒီ့လိုကိစ္စတွေက ကျနော်ထင်တယ် တိုင်းပြည်မှာ ပညာရေးစနစ်က အဓိကပါပဲ။ ငယ်ငယ်ကတည်းက ပညာပေးမှုတွေ အဲ့တာမျိုးနဲ့ပတ်သက်လို့ အများပြည်သူပိုင်ပစ္စည်းဖြစ်စေ နောက် အများပြည်သူနဲ့ဆိုင်တဲ့ နေရာမျိုးတွေကို ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ စိတ်တွေကို ငယ်စဉ်ကတည်းက ပညာရေးစနစ်တွေမှာ အများပြည်သူပိုင်ပစ္စည်းတွေကို စောင့်ရှောက်သင့်တယ်ဆိုတဲ့ အတွေးမျိုးတွေ ရရှိအောင် ပညာရေးစနစ်တွေမှာ ထည့်သွင်းတာမျိုး။ နောက်တခုက နိုင်ငံသားတယောက်ရဲ့ တာဝန်ပျက်ကွက်တာဖြစ်သလို ဒါဟာ ရှက်စရာကောင်းတဲ့အပြုအမှုမျိုး ဖြစ်တယ်ဆိုတဲ့ အသိမျိုး အဲ့အသိရအောင် ပညာပေးမှုမျိုး ဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။
တဖက်ကလည်း အဲ့ဒီ့လိုဖြစ်သွားတာနဲ့ပတ်သက်လို့ ဘာကြောင့်လုပ်တာလဲပေါ့နော်။ အဲ့သလို လုပ်တဲ့ အကြောင်းရင်းကိုလည်း သူတို့ကိုယ်တိုင် သိသွားအောင် ရှာဖွေသင့်တယ်လို့ထင်တယ်။ ဒီကျူးလွန်တဲ့အကြောင်းအရင်းကို အဲ့တာကိုလည်း သေသေချာချာ လေ့လာပြီးတော့ အဖြေရှာဖို့ ချဉ်းကပ်သင့်တယ်လို့ ထင်တယ်။”
မြန်မာ့ရိုးရာအစဉ်အလာမပြတ် ရေသဘင်ပွဲတော်ကို ကလေးငယ်တွေနဲ့ အများပြည်သူ အန္တရာယ်ကင်းကင်းနဲ့ ဆင်နွှဲနိုင်အောင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပလာခဲ့ပြီး အခုနှစ်မှာတော့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ တခြားပြည်နယ်တိုင်းတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေကို ကျင်းပလာကြတာဖြစ်ပါတယ်။