NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် သက်တမ်း ထက်ဝက်မှာ နောက်ထပ် အရပ်သားသမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်လိုက် ပါပြီ။ နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်းတွေ၊ နိုင်ငံခြားရေးရာ နဲ့ နိုင်ငံရေး မူဝါဒတွေ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ အစိုးရဝန်ကြီးဌာနတွေအပေါ် ကိုင်တွယ်ဖြေရှင်း မှုတွေမှာ ကောင်းသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲအပြတ်အသတ်နဲ့ ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ သမ္မတသစ်ဦးဝင်းမြင့်အပေါ် သုံးသပ်ချက် အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
မတ်လ ၂၁ရက်နေ့က သမ္မတရာထူးက အနားယူသွားတဲ့ သမ္မတကြီး ဦးထင်ကျော်နေရာ မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သမ္မတသစ် ဦးဝင်းမြင့်ကို မတ်လ ၂၈ရက်နေ့ ပြည်ထောင်စု လွှတ်တော်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲအများဆုံး လျို့ဝှက်ဆန္ဒမဲ ၄၀၃မဲနဲ့ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ် ဆန္ဒမဲပေးရွေးချယ်ကြတဲ့ပွဲ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံတော်သမ္မတသစ်အနေနဲ့ NLD အစိုးရသစ် ရင်ဆိုင်နေရတဲ့အခက်အခဲတွေ ဝေဖန်မှုတွေနဲ့ အစိုးရ ပုံရိပ်ကျဆင်းနေမှုကို ပြန်လည် တည်ဆောက်လိုတဲ့အနေနဲ့ရော နိုင်ငံခြားရေးမူဝါဒ၊ ဥပဒေပြုရေးအပါအဝင် တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို မူမတူဝါဒအပြောင်းလဲတွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ခြေရှိတယ်လို့ သုံးသပ်သူကတော့ ဝါရင့်သတင်းသမားတဦးဖြစ်တဲ့ တိုင်းရင်းသတင်းမီဒီယာရဲ့ အတိုင်ပင်ခံအယ်ဒီတာ ဦးဇင်လင်းဖြစ်ပါတယ်။
" အခုလက်ရှိအနေအထားကြည့်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေ့ သမ္မတရွေးပွဲမှာ သူတက်ရောက်တာတွေ့ရတယ်။ ဦးဝင်းမြင့်ကိုလည်း ယုံယုံကြည်ကြည်နဲ့သူကိုယ်တိုင် တာဝန်ပေးတယ်လို့ ယူဆရတယ်။ ဒီကနေ့ ပါလီမန်မှာ မဲခွဲတဲ့ အခါကျတော့လည်း ဦးထင်ကျော်တုန်းက ရရှိခဲ့တဲ့မဲထက် ဦးဝင်းမြင့် ပိုရတာတွေ့ရတယ်။ ၄၀၃ မဲရတာတွေ့ရတယ်ပေါ့။ ဆိုတော့ကာ ပါလီမန်ထဲမှာလည်းပဲ ဦးဝင်းမြင့်ကို အမတ်တွေက လေးစားတာတွေ့ရတယ်ပေါ့။ အဲ့ဒီ့တော့ အစိုးရနဲ့ ပါလီမန် အချိတ်အဆက်တွေ လွတ်နေတာတွေရှိတယ်။ အဲ့ဒီ့အတွက်ကြောင့်မို့ အစိုးရသြဇာ မထူထောင်နိုင်တာတွေရှိတယ်။ အဲ့တာကြောင့်မို့လို့ ဦးဝင်းမြင့်လို ပုဂ္ဂိုလ်မျိုး တက်လာရင်တော့ အရင်တုန်းကထက်စာရင် ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ ဦးဝင်းမြင့်ကို သမ္မတရဲ့ လုပ်ပိုင်ခွင့် လုပ်ကိုင်နိုင်ခွင့်တွေ သူ့အနေနဲ့ ပိုပြီးတော့ ပေးလိုက်မယ်။ ပိုပြီးတော့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ လုပ်သွားလိမ့်မယ်လို့ ယူဆပါတယ်။
ဒါကြောင့် ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် လဲလိုက်တာဟာ ဘာပဲပြောပြော NLD အဖို့ လောလောဆယ် လူထု ပြင်းပြင်းထန်ထန် ဝေဖန်တာကို ခံနေရတာ၊လူထုက မကျေမနပ်ဖြစ်နေတာတွေ နောက် အစိုးရယန္တယားအတွင်းက အထွေထွေ ပြဿနာတွေ လူထုထဲမှာ ပြောစရာဆိုစရာဖြစ်နေတဲ့ကိစ္စတွေ ကိုတော့ ပြန်ပြီးတော့ ဆယ်တင်နိုင်လိမ့်မယ် မြှင့်တင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။"
သမ္မတသစ်ဦးဝင်းမြင့်ကို အရပ်သားအစိုးရသက်တမ်းထက်ဝက်မှာ ပြောင်းလဲ တာဝန်ပေး လိုက်တဲ့အပေါ် နိုင်ငံရဲ့ကောင်းသော အပြောင်းအလဲအဖြစ်ကြိုဆိုပြီး နိုင်ငံတကာ ဆက်ဆံရေးမှာရော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ပိုပြီးတော့ စွမ်းစွမ်း တမံဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ မူဆလင်အမျိုးသားရေးအဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်နာယကလည်းဖြစ် မြန်မာမူဆလင် စီးပွားရေးလုပ်ငန်းရှင်အသင်းရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကိုကိုလတ်က အခုလိုပြောပါတယ်။
"ကျနော်က အများကြီးဝမ်းသာပါတယ်။ Welcome လည်းဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲတခုဖြစ်တဲ့ အနေအထားလို့လည်း ပြောလို့ရပါတယ်။ ယခင် သမ္မတကြီးကလည်း တကယ့်ကို အလုပ်ကို ကြိုးကြိုးစားစားနဲ့သူ့ရဲ့ တတ်စွမ်းညဏ်စွမ်းနဲ့ လုပ်ခဲ့သလို သမ္မတသစ်ဖြစ်လာတော့ သမ္မတဦးဝင်းမြင့်ကလည်း အသက် အရွယ်အားဖြင့်လည်း ငယ်ရွယ်တဲ့အခါကျတော့ ပိုပြီးတော့ သွက်လက်ပြီးတော့ နိုင်ငံတကာနဲ့ရော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ပိုပြီးတော့ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သမ္မတသစ်အနေနဲ့ အစိုးရဝန်ကြီး ဌာနတွေ၊ စစ်ဘက်နဲ့ဆက်ဆံရေးအပါအဝင် ဥပဒေပြုရေးတွေမှာ ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယူဆသူ ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးသုတဖြစ်ပါတယ်။
"ပိုပြီးတော့ အားကောင်းလာမယ်လို့ထင်တယ် ဘာကြောင့်လဲ သူက ရှေ့နေ တယောက်လည်းဖြစ်တယ် ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌလည်း လုပ်ဖူးတယ် ဆိုတော့ ပြတ်ပြတ်သားသားကိုင်တွယ်လိမ့်မယ်ပေါ့။ အရင်ကထက်စာရင်တော့ ဝန်ကြီးဌာနတွေ ကို အရင်ကထက်ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်မယ် လို့ထင်တယ်ပေါ့နော်။ အထူးသဖြင့် လဒ်ပေးလဒ်ယူ ကိစ္စတွေ ပိုပြီးတော့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်လို့ ထင်တယ်ဗျ။ ပညာပေးအပေါ်မှာလည်းပဲ သက်ရောက်မှု အတိုင်းအတာတခုအထိ ရှိမယ်လို့ ကျနော် မျှော်လင့်ပါတယ်ဗျ။"
အခုတက်လာတဲ့သမ္မတသစ်တာဝန်ယူလိုက်ချိန်ကစလို့ နိုင်ငံမှာ အပြောင်း အလဲတွေဖြစ်လာနိုင်ခြေရှိတယ်လို့ ယူဆပြီး နိုင်ငံရဲ့ အကောင်းဘက်ကို ဦးတည်သွားဖို့ မျှော်လင့်တယ် လို့ ကချင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အခုလိုသုံးသပ်ပါတယ်၊
"ဒါဟာ အကောင်းဘက်ကို ဦးတည်တယ်လို့ မြင်တယ်။ အပြောင်းအလဲတွေ လုပ်စရာရှိတာ လုပ်ပြီးတော့မှ NLD အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပိုပြီးတော့မှ အရှိန်အဟုန်မြင့် လုပ်လာနိုင်အောင် သူတို့ကြိုးစားလိမ့်မယ်လို့ယူတယ် ဒါကြောင့်မို့လို့ ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်လို့ ကျနော်သုံးသပ်မိပါတယ်။"
သမ္မတသစ်အဖြစ် ဦးဝင်းမြင့်၊ ဒုတိယသမ္မတ(၁)အဖြစ် ဦးမြင့်ဆွေနဲ့ ဒုတိယ သမ္မတ(၂) အဖြစ် ဦးဟင်နရီဗန်ထူးယူတို့ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ် တင်မြှောက်ပြီးနောက် မှာတော့ မတ်လ ၃၀ ရက်နေ့မှာ သမ္မတ ကျမ်းကျိန်ပွဲ အခမ်းအနားကို နေ့လည်တစ်နာရီမှာ ပြည်ထောင်စုလွှတ်တော်မှာ အခမ်းအနား ကျင်းပသွားမှာဖြစ်ပါတယ်။
NLD ပါတီအသိုင်းအဝန်းနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ သမ္မတအသစ်ဟာ လက်ရှိစိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မယ့် ထက်မြက်တဲ့ သမ္မတတစ်ဦး ဖြစ်လိမ့်မယ်လို့ သုံးသပ်ပြောဆိုနေကြတာလည်းရှိနေပါတယ်။ နိုင်ငံရေးသုံးသပ်သူတချို့ရဲ့ အမြင်ကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လစ်လပ်နေတဲ့ သမ္မတ ရာထူးကို ဆန္ဒမဲပေးခဲ့ကြပြီး ထောက်ခံမဲ ၄၀၃ မဲရရှိသွားတဲ့ ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်လိုက်ပါတယ်။
နိုင်ငံရေးအသိုင်းအဝန်းကတော့ သမ္မတအသစ်ဟာ စိန်ခေါ်မှုတွေ အထူးသဖြင့် တိုင်းရင်းသားအရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နိုင်ငံတကာ ဆက်ဆံရေးနဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးတွေမှာ ချောမွေ့အောင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
ဒီနေ့ သမ္မတရွှေးချယ်ပွဲက မဲရလာဒ်တွေအရဆိုရင် ပြည်သူလွှတ်တော်ကတင်သွင်းတဲ့ ဦးဝင်းမြင့်က ထောက်ခံမဲ ၄၀၃ မဲရရှိပြီး၊ စစ်တပ်ကတင်သွင်းတဲ့ ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၁ မဲနဲ့ ဒုတိယအများဆုံး ရရှိထားတာကြောင့် အစိုးရသစ်ရဲ့ လာမယ့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ထိန်းကြောင်းမှုအပေါ်မှာ စိတ်ဝင်စားနေကြပါတယ်။ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအတွက် ဖော်ဆောင်နိုင်မယ့် အဖွဲ့အစည်း တစ်ခုကို အစိုးရအနေနဲ့ ဆောင်ရွက်သွားဖို့လိုအပ်ကြောင်းကို နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်း ကပြောပါတယ်။
“ဥပမာအားဖြင့် သမ္မတအသစ်အနေနဲ့ စဉ်းစားသင့်တာက အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန် ဖို့အတွက် ဖော်ဆောင်မယ့် ကော်မတီမျိုးကို အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးတော့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့၊ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားတဲ့ အလယ်အလတ် အမြင်ရှိတဲ့၊ ဒီမိုကရေစီ အပြောင်းအလဲကို လိုလားတဲ့ တပ်မတော် အရာရှိကြီးတွေ နောက်ပြီး ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီးတော့ လာမယ့်သုံးနှစ်မှာ ထိထိရောက်ရောက် ညှိနှိုင်း၊ ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့တော့ မြင်ပါတယ်။”
NLD အစိုးရရဲ့ လက်ကျန်သက်တမ်းသုံးနှစ်မှာ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို ပိုပြီးချဲ့ထွင်ဖို့ လိုနေပြီး၊ တိုင်းရင်းသားပါတီတွေရဲ့အသံ၊ တိုင်းရင်းသားတွေရဲ့ခံစားချက်ကို ဒီထက်ပိုပြီး အလေးအနက် ထားဖို့ လိုနေတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ဆက်ပြောပါတယ်။
“လက်တလောပေါ့လေ အစိုးရသစ်အနေနဲ့ အဓိက ရင်ဆိုင်ရမယ့် အကျပ်အတည်းက အစိုးရထဲမှာရော၊ အစိုးရ ယန္တရား ထဲမှာရော ဗဟိုချုပ်ကိုင်မှု မြင့်မားနေတဲ့အနေအထားကို အမြန်ဆုံး ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချနိုင်အောင် စွမ်းဆောင်နိုင်ဖို့ဟာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာနိုင်တယ်လို့ မြင်တယ်။”
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းထားပြီး ယခုအချိန်ထိလည်း စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ဦးဝင်းမြင့်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့မှာ ဖြေရှင်းနိုင်လိမ့် မယ်လို့ယုံကြည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်ကပြောပါတယ်။
“အဂတိလိုက်စားမှုတွေနဲ့ ပတ်သတ်လို့ပြောရရင်လည်း အရင်တုန်းကတော့ တိုင်စာတွေရောက်လိုက် ပျောက်သွားလိုက်၊ တိုင်စာတွေရောက်လိုက်၊ ပျောက်သွားလိုက်နဲ့ ဖြစ်နေတယ်။ အခုသမ္မတကြီးလက်ထက် မှာတော့ ဒါမျိုးတွေ ဖြစ်တော့မှာမဟုတ်တော့ဘူး။ ထိထိရောက်ရောက်လည်း အရေးယူဆောင်ရွက် သွားမယ်လို့ ယုံကြည်ပါတယ်။”
တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အစိုးရသစ်ရဲ့ လေးလံထိုင်းမှိုင်းတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေပေါ် ပြန်သုံးသပ်ဖို့လိုနေပြီး စွမ်းဆောင်ရည် အားနည်းတဲ့၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ အားကိုးမှုကို မရနိုင်တဲ့ ဝန်ကြီးဌာနတွေကို အမြန်ဆုံးအစားထိုး၊ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုနေကြောင်းကိုလည်း နိုင်ငံရေး အသိုင်းအဝန်းက သုံးသပ်ကြပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ ဒီလ ၃၀ ရက်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5