မြန်မာနိုင်ငံက မုန်တိုင်းသင့်သူတွေအတွက် ဒေါ်လာ ၃၃၃ သန်းလိုအပ် - UNOCHA

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက အုန်းတောချေရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်း မိုခါ မုန်တိုင်းသင့် ပြည်သူ ၁.၆ သန်းကို ကူညီပေးဖို့အတွက် ဒေါ်လာ ၃၃၃ သန်း လိုအပ်နေကြောင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေက ပြောလိုက်ပါတယ်။

“မုန်တိုင်းသင့်သူတွေအတွက် အချိန်မီ အကူအညီမပေးနိုင်ရင် မုတ်သုန်ရာသီမှာ ကာလကြာရှည် ဒုက္ခရောက်ကြရပါလိမ့်မယ်။” လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းရေးမှူး ရာမာနသန် ဘလာခရှစ်နန် (Ramanathan Balakrishnan) က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကနေ ပြောသွားခဲ့တာပါ။

“ထိခိုက်ခဲ့တဲ့ ရပ်ရွာအားလုံးမှာ လုံခြုံတဲ့ အမိုးအကာတွေ ဆောက်ဖို့နဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင် အချိန်လု လုပ်နေရပါတယ်။ ဒီအသက်ကယ်လုပ်ငန်းတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းဆီက ရက်ရောတဲ့ ငွေကြေးထောက်ပံ့မှုတွေ လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။

ဒီထဲမှာ အမေရိကန်ဒေါ်လာ ၂၁၁ သန်းက ၂၀၂၃ ခုနှစ် အတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုစီမံချက်ထဲက ဦးစားပေးလုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် သုံးမှာ ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၂၂ သန်း ကတော့ အခု မိုခါ မုန်တိုင်း အတွက် အရေးပေါ် ထောက်ပံ့ဖို့ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း အရေးပေါ်ရန်ပုံငွေ ၄၂ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်တာကြောင့် ရိက္ခာထောက်ပံ့မှု လျှော့ချဖို့ စီစဉ်နေရချိန်မှာ မုန်တိုင်းကြောင့် လိုအပ်ချက်တွေ ပိုများလာတယ်လို့လည်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံက မုန်တိုင်းသင့်သူတွေအတွက် ဒေါ်လာ ၃၃၃ သန်းလိုအပ် - UNOCHA