ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ နိဒင်ဒုက္ခသည်စခန်းကို ပိတ်သိမ်း လိုက်ပြီး စခန်းမှာ ရှိတဲ့ အိမ်ထောင်စုအားလုံးကိုနိဒင်ကျေးရွာအနီးမှာ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ ဒီလိုပိတ်သိမ်းတာဟာ စခန်းမှာနေထိုင်သူတွေရဲ့ သဘောတူညီချက်အရဆောင်ရွက်တာဖြစ်သလို သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ဖွင့်လှစ်ခဲ့တဲ့ ကျောက်တော်မြို့နယ် နိဒင် ရွာအနီးက IDP ခေါ် ဒုက္ခသည်စခန်းကို တနင်္ဂနွေနေ့က ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
စခန်းပိတ်သိမ်းလိုက်တဲ့အခြေအနေကို ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာ အောင်သူရိန်က အခုလို ပြောပါတယ်။
“ သူတို့က နဂိုရ်က နိဒင်ရွာဘေးမှာ camp နဲ့ နေနေတာကနေ အခုက နိဒင်ရွာနားမှာပါပဲ အိမ်တွေပြန်ဆောက်ပေးပြီးတော့ နေရာပြန်ချပေးတာပေါ့ခင်ဗျ။ အဲဒီမှာ အိမ်ထောင်စုက ၈၅စုလောက်ရှိတယ်။ လူဦးရေဆိုရင်တော့ ၅၈၀လောက်ရှိမှာပေါ့။ လူဦးရေ။ လုံးချင်းအိမ်လေးတွေ ၈၅လုံး၊ မိသားစုတစုအတွက် တလုံး ကျနော်တို့ အဲဒီမှာ လမ်းလေးတွေ ပါတယ်။ တခြားလိုအပ်မယ်ဟာတွေ ဝိုင်းဝန်းပြီး လုပ်ပေးထားတာရှိတယ်။ ပြောမယ်ဆိုရင် ပြည်ထောင်စုအစိုးရပါတယ်၊ ပြည်နယ်အစိုးရလည်း ပါတယ်၊ ပြီးတော့ IDP တွေကိုယ်တိုင်ပေါ့၊ သူတို့နဲ့လည်း ညှိနှိုင်းတယ်၊ ပြီးတော့ နိဒင်ရွာပေါ့ ၊ ဘာလို့လည်း ဆိုတော့ သူတို့ရွာဘေးမှာ ထားတာကိုး။ နိဒင်ရွာနဲ့လည်း ညှိနှိုင်တယ် အဲလို ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာပါ။ ”
နိဒင်ပြန်လည်နေရာချထားရေးအတွက်ဆောင်ရွက်ရာမှာ ရေရှည်ဘဝရပ်တည်ရေးအတွက်ပါ လုပ်ဆောင် ပေးသွားမှာ ဖြစ်ကြောင်း ဒေါက်တာအောင်သူရိန် ဆက်ပြောပါတယ်။
“ သူတို့ အလုပ်အကိုင်အခွင့်အလမ်းလေးတွေ၊ နောက်တခါ တခြားလိုအပ်မယ့် ပညာရေးဘာညာပေါ့ အဲဒါတွေကိုပါ ကျနော်တို့ ရေရှည်အတွက်ကို ဆောင်ရွက်ဖို့၊ ရေရှည်ဆိုတာထက်ကို ဘယ်လိုခေါ်မလဲ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်သွားတဲ့အချိန်ထိအောင် ကျနော်တို့က ဝိုင်းဝန်းပြီးတော့ ဆောင်ရွက် ပေးသွားမှာပါ။ ”
နိဒင်စခန်းတာဝန်ခံ ဦးကျော်အေးက စခန်းပိတ်သိမ်းပြီး နေရာသစ်ကို ရွှေ့ပြောင်းတာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“ အတင်းအဓမ္မတော့ မဟုတ်ပါ။ ကျနော်တို့ သဘောတူညီချက်ရပြီးမှ လုပ်တာပါ။ လောလောဆည်တော့ ဒီမှာ တော့ လေကောင်းလေသန့်တို့ရတာတော့ အဆင်ပြေပါတယ်။ အဓိက လိုအပ်ချက်မှာ အသက်မွေးဝမ်းကြောင်း ဆိုင်ရာနဲ့ စားနပ်ရိက္ခာတို့ ဘာတို့ လုပ်ငန်းပိုင်းကိစ္စတို့ပါ။ ဒုတိယအနေနဲ့ ပြောရရင် ရေပါ။ တတိယအနေနဲ့ ပြောရရင် မနေ့ကလည်း ဒေါက်တာ အောင်သူရိန်ကို ကျနော်တို့ ပြောထားလိုက်ပါတယ် ကျောင်းပါ။ ”
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ခုနှစ်ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက်မှာ IDP ဒုက္ခသည်စခန်း ၁၉ခုဖွင့်လှစ်ခဲ့ပြီး ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်အရ စခန်းတွေ ပိတ်သိမ်းဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။
လောလောဆည်မှာ ၂၀၁၇ခုနှစ်အတွင်းက ရမ်းဗြဲမြို့နယ် တန်းရွာရှိစခန်း၊ ကျောက်ဖြူမြို့နယ်က ကညင်တော၊ ပေါက်တော် ကြိမ်နီပြင်က မင်းသာဖစခန်းတစိတ်တပိုင်းကို ပိတ်သိမ်းခဲ့ပြီး ၂၀၁၈မှာတော့ ကျောက်တော်မြို့နယ် နိဒင်နဲ့ မြေပုံမြို့နယ် တောင်ပေါ်စခန်းက မိသားစု ၆၀၀လောက်အနက်က ၁၀၀ကို ရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။ ရွှေ့ပြောင်းဖို့ ညှိနှိုင်းနေဆဲ စခန်းတွေကတော့ စစ်တွေမြို့နယ်က သက္ကယ်ပြင်စခန်း၊ ခေါင်းဒုတ်ကာစခန်း ၁နဲ့ ၂၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ARSAအကြမ်းဖက်တိုက်ခိုက်မှုတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တဲ့နောက်ပိုင်းမှာတော့ လူ ၇သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကို တိမ်းရှောင်သွားကြောင်း UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ARSA အဖွဲ့ က ထပ်မံတိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။
Your browser doesn’t support HTML5