မောင်းတောမြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှုးအပါ ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ (မောင်တော၊ ဇူလိုင် ၉၊ ၂၀၁၉ )

ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်တောမြောက်ပိုင်းက ကြိမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံငါးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီဖက်က စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်ထိပ်လန့်နေကြပါတယ်။ ဒီအကြောင်း ရခိုင်ဘက်က သတင်းပေးပို့ထားတာကို ကိုစံကျော်ပြောပြပါမယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်ချောင်းကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ငါးဦးကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ကြိမ်ချောင်းဒေသခံတဦးကပြောပါတယ်။

“မနက်ပိုင်း ၄နာရီလောက်က လာဖမ်းလာတာ၊ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ယောက်ပါ။ နောက်နှစ်ယောက်ကတော့ ပန်းတောပြင် စစ်ဆေးရေးဂိတ်က နှစ်ယောက်ဖမ်းတယ်၊ အဲဒီမှာ ပုဏ္ဏားကျွန်းက တယောက်ပါတယ်လို့ နောက်တစ်ယောက်ကတော့ ဘယ်ကလည်း မသိဘူး။”

လက်ရှိအဖမ်းခံရတဲ့ ကြိမ်ချောင်းကျေးရွာအနီးမှာ ပြီးခဲတဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်သားတချို့ သေဆုံးသလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးလည်း တိုက်ပွဲအတွင်းဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီကြိမ်ချောင်းကျေးရွာအနီးမှာ စစ်ကောင်စီ ဗျုဟာကုန်းရှိသလို အခုလို ကျေးရွာအတွင်းဝင်ပြီး အုပ်ချုပ်ရေးမှူးကိုပါ ဖမ်းဆီးသွားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိပ်လန့်နေကြတယ်လို့ မောင်တောမြို့ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောပါတယ်။

“ အဲဒီဖက်မှာ တင်းတင်းမာမာဖြစ်နေတဲ့ အနေအထားရှိတယ်၊ အဲလိုဆက်ပြီးတော့ ဖမ်းနေလို့ရှိရင် နောက်ဆက်တွဲ ပြဿနာတွေက တော်တော်ကြီးထွားလာနိုင်တယ်၊ အဲဒီလို မဖြစ်အောင် နှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် တခုခုကို ပြေလည်ရာ ပြေလည်ကြောင်းတိုင်ပင်ပြီးတော့ လုပ်ရမယ် အဲလိုမှမဟုတ်ရင် ပြည်သူတွေအနေနဲ့ တော်တော်ခံရမှာဖြစ်တယ်ဗျာ။ ”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လအတွင်း ရခိုင်လက်နက်ကိုင်AAအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ စစ်ကောင်စီဝန်ထမ်းတချို့ကို ဖမ်းဆီးခဲ့သလို၊ စစ်ကောင်စီဖက်ကလည်း ရခိုင်ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးတရားစွဲထားပါတယ်။ ဒေသခံတွေကို ဖမ်းဆီးတာ၊ AA ရဲ့ ဒေသတွင်းတရားစီရင်ရေးတွေကို နှောက်ယှက်တာ၊ AA အဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးနေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း AA က မနေ့က ထုတ်ပြန်သတိပေးထားပါတယ်။

=========================







