မြန်မာ့သတင်းလွတ်လပ်ခွင့်ကျဆင်းမှု ကုလလူ့အခွင့်အရေးကော်မရှင် ထောက်ပြ

Reuters သတင်းထောက် ၂ ဦး လွှတ်မြောက်ရေးအတွက် မြန်မာသံရုံးရှေ့ ဆန္ဒပြ (စက်တင်ဘာ ၇ ရက်နေ့ ၂၀၁၈) (ဂျာကာတာ -အင်ဒိုနီးရှား)

ရခိုင်ပြည်နယ် ကချင်နဲ့ ရှမ်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းလာနေပြီး သတင်းမီဒီယာသမားတွေဟာ အာဏာပိုင်တွေရဲ့ ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ အန္တရာယ်တွေနဲ့ရင်ဆိုင် သတင်းရယူနေရတဲ့အတွက် စိုးရိမ်မကင်းဖြစ်စရာ အနေအထားဖြစ်လာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ အခုလိုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်လာနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နည်းပါးလာနေတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ မီဒီယာဥပဒေရှိပေမဲ့လည်း လက်တွေ့မှာ အကာအကွယ်ပေးနိုင်မှု အားနည်းနေတယ်လို့လည်း မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အရေး လှုပ်ရှားနေတဲ့သတင်းသမားတွေကလည်း ပြောပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ အတော်လေး စိုးရိမ်စရာအနေအထားကိုရောက်ရှိနေပြီး မြန်မာသတင်းသမားတွေကို အစိုးရနဲ့ တပ်မတော် အပါဝင် အာဏာပိုင်တွေဘက်က ဥပဒေပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးအရေးယူနေတဲ့အတွက် လွတ်လပ်စွာသတင်းရယူနိုင်ဖို့ သတင်းသမားတွေ အခက်တွေ့နေကြရတဲ့အကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကနေ ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့စွဲနဲ့ မြန်မာ့သတင်းမီဒီယာနဲ့ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာ သတင်းသမားတွေအပေါ် တည်ဆဲဥပဒေမျိုးစုံနဲ ဖမ်းဆီးအရေးယူ တရားစွဲထောင်ချနေတာလိုမျိုး လွတ်လပ်စွာသတင်းရယူခွင့်ကို ခြိမ်းခြောက်အန္တရာယ်ပြုနေတာတွေ ပြန်သုံးသပ်ဖို့နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်အောင် အာဏာပိုင်တွေဘက်က ဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ လူ့အခွင့်အရေးကော်မရှင်နာ မဟာမင်းကြီး Michelle Bachelet ကလည်း တောင်းဆိုထားပါတယ်။

အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာသမားတွေကို ပုဒ်မအမျိုးမျိုးနဲ့တရားစွဲဆိုအရေးယူမှုတွေ ပိုတိုးလာသလို သတင်းရင်းမြစ်တွေနဲ့ သတင်းအချက်အလက်ရယူဖို့ခက်ခဲမှုတွေရှိလာတာကလည်း အခုလို သတင်းမီဒီယာတွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား ပိုပြီးတော့မှ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာစေတယ်လို့ မြန်မာသတင်းသမားတွေက သုံးသပ်ပါတယ်။ အခုလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဘက်ကလည်း မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုတွေကိုပိုမြင့်တက်လာနေတဲ့ အနေအထားအပေါ် မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က အခုလိုသုံးသပ်ပါတယ်။

"တရားစီရင်ရေးစနစ်က ပရောဂတွေရယ် နောက်တခုကတော့ တည်ဆဲဥပဒေထဲက ခေတ်နဲ့ မဆီလျော်တဲ့ဥပဒေတွေ ဖြစ်နေတာတွေက သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကိုလည်း တိုက်ရိုက်ထိခိုက်စေတယ်။ နောက်တခုကတော့ တကယ့်မြေပြင်မှာပေါ့နော် ပဋိပက္ခ ဧရိယာတွေ တချို့ဒေသတွေမှာ အာဏာရှိတဲ့လူတွေ ၊ နောက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သတင်းသမားတွေကို သူတို့အကျိုးစီးပွားဆန့်ကျင်တဲ့အခါမျိုးမှာ ခြိမ်းခြောက်တာတွေရှိတယ်။ အဲဒါမျိုးကို တရားဥပဒေစိုးမိုးရေးက တတ်နိုင်သမှ ျအကာအကွယ်ပေးဖို့ ဝတ္တရားရှိတယ်။ သို့သော် အဲဒါမျိုးတွေလည်း ဥပဒေကာကွယ်ပေးတာမျိုးတွေလည်း မရှိဘူး အားနည်းတယ်။ ဒါကြောင့်ဒီ ထိပ်တိုက်ရင်ဆိုင်တဲ့အနေအထားမျိုးတွေ သွားဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအမြင်မှာရော ၊ သတင်းလွတ်လပ်ခွင့်စံချိန်စံညွန်းအစီရင်ခံစာမှာရော သွားပြီးထိခိုက်စေတာအဲဒါတွေကြောင့်လို့ ကျနော်ကတော့မြင်တယ်။

မဆုမွန်။ ။ တကယ်တော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေအပေါ် အကာအကွယ်ပေးနိုင်တဲ့သတင်းမီဒီယာဥပဒေလို ဥပဒေမျိုးရှိပါရက်နဲ့ ဘာကြောင့် သတင်းသမားတွေအပေါ် အကာအကွယ်ပေးနိုင်မှု အားနည်းနေရပါသလဲ ဒီအပေါ် သတင်းမီဒီယာဥပဒေအပေါ် လက်တွေ့အသုံးချမှုကရော ဘယ်လိုအနေအထားရှိပါသလဲ။

ဦးမြင့်ကျော်။ ။သတင်းမီဒီယာဥပဒေ ကတကယ်တမ်းကို ပြောရင်တော့ cover လုပ်နိုင်တယ်ပေါ့နော် ။ လွှမ်းခြုံနိုင်တဲ့ ဧရိယာက သတင်းအချက်အလက် ရပိုင်ခွင့်ဆိုတာရယ် တချို့သောအခြေအနေတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေဆီက ကာကွယ်တောင်းခံနိုင်ခွင့်ဆိုတာရယ် ၊ နောက်တခုကတော့ အသရေဖျက်မှုလိုမျိုးမှာ သတင်းမီဒီယာဥပဒေနဲ့လည်း စွဲဆိုနိုင်သည်ဆိုတာရယ် အကျုံးဝင်မှုက ဒီ၃ ခုပဲရှိတယ်။ ဒါကြောင့်ဒီသတင်းမီဒီယာဥပဒေ တခုတည်းဆိုရင်မလုံလောက်ဘူး စောစောကပြောတဲ့ တည်ဆဲဥပဒေထဲကလည်း သတင်းလွတ်လပ်ခွင့်ကို အာမခံတာမျိုးတွေ ပြဌာန်းတာမျိုးလုပ်ဖို့ အရေးတကြီးလုပ်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။"

အခုလို သတင်းသမားတွေအပေါ် အစိုးရ၊ တပ်မတော်၊ အာဏာပိုင်တွေဘက်က တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုတာတွေ များလာရတဲ့ အခြေအနေအနေအထားအပေါ်လည်း ပြည်ပအခြေစိုက်သတင်းဌာနက သတင်းထောက်တဦးဖြစ်တဲ့ မြန်မာသတင်းသမား ကိုသီဟသွေးကလည်း သုံးသပ်ပါတယ်။

"အခြေအနေကတော်တော်ဆိုးလာတယ် ဆိုးလာတယ်ဆိုတာက မီဒီယာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ နောက်တခါ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်တပ်ကြားမှာ ဒီလိုပြဿနာတွေဖြစ်တယ်ဆိုတာက ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိမသဲမကွဲအခြေအနေပေါ့နော်၊ အဲလိုမျိုးအခြေအနေတွေကြောင့် ဒီလိုလုပ်မှားကိုင်မှား ပဋိပက္ခတွေ ဒီလိုစိုးရိမ်စိတ်နဲ့ တုံ့ပြန်တဲ့ ကိစ္စတွေအများကြီးဖြစ်ခဲ့တာပေါ့နော်။ ဘာပဲပြောပြော သူတို့က စိုးရိမ်စိတ်ရှိတယ်ဆိုတာကတော့ သေချာတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေမှာပဲဖြစ်ဖြစ်၊ တပ်မတော်လုံခြုံရေးအဖွဲ့တွေမှာပဲဖြစ်ဖြစ်၊ ဒီလောက်လွတ်လပ်တဲ့စနစ်ကို သူတို့ ချက်ချင်းအဆင်သင့်မဖြစ်ဘူးဆိုတာ သေချာတယ်။ ဒါကြောင့် သူတို့ ရုတ်တရက်တုံ့ပြန်မှုတွေကို ကြည့်မယ်ဆိုရင် သတင်းသမားတွေကို လက်ဦးရယူဖမ်းလိုက်တာတို့ ၊ ပုဒ်မတွေနဲ့ အရေးယူထားတာတို့ စသဖြင့် သူတို့ဘက်ကို ကာကွယ်တဲ့ တုံ့ပြန်မှုတွေတွေ့ရတာပေါ့။ အဲလိုတုံ့ပြန်တဲ့ ဆိုးကျိုးတွေကို ကျနော်တို့ ညှိနှိုင်းပြီးတော့ အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော လိုလိုလားလားနဲ့ ပြေလည်မှုတခုပေါ့နော် ကျနော်တို့တိုင်းပြည်က သွားမယ်ဆိုရင် စနစ်တခုနဲ့ လွတ်လပ်မှုနဲ့ လိုက်လျောညီထွေရှိတဲ့အနေအထားတခုကို အားလုံးက ရည်ရွယ်ချက်ထားပြီးတော့ ဖြေရှင်းချင်တဲ့စိတ်ရှိဖို့လိုတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ဘက်ကို ဦးတည်ဖြေရှင်းမှာ ကျနော်တို့ ပြေလည်မှာဖြစ်တယ်။ မဟုတ်ပဲနဲ့ အခုလုပ်နေတဲ့ ဆုံးဖြတ်ချက်တွေ အရေးယူတာတွေက မှန်တယ်လို့ တထစ်ချ လုပ်မယ်ဆိုရင် ကျနော်တို့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကလည်း ကမ္ဘာက စိုးရိမ်သလိုပဲ ချုပ်ချယ်မှုတွေရှိတဲ့ လွတ်လပ်မှုကို ကန့်သတ်တဲ့ ၊ ဒီမိုကရေစီအခွင့်အရေးတွေကို ကန့်သတ်တဲ့ စနစ်ကိုပြန်သွားနေတယ်လို့ ကောက်ချက်ချရပါမယ်။"

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာသတင်းမီဒီယာအစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်အရေး သတင်းရယူချိန် လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခံရပါတယ်ဆိုပြီး အခုလို Reuters သတင်းသမားနှစ်ဦး ထောင်ချခံလိုက်ရတဲ့ ကိစ္စအပါအဝင် မူးယစ်ဆေးဝါးနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကျင်းပတဲ့ တိုင်းရင်းဒေသတွေမှာ သတင်းသမားတွေ သတင်းရယူချိန် အဖမ်းခံရတာမျိုးတွေ နေပြည်တော်လွှတ်တော်တွင်း ဒရုန်းပျံသန်းပြီး သတင်းရိုက်ယူခဲ့မှုကြောင့် အဖမ်းဆီးခံရတာမျိုးလို အဖြစ်အပျက်တွေကို စုစည်းဖော်ပြထားပြီး မြန်မာသတင်းသမားတွေဟာ အန္တရာယ်တွေကြားကနေ သတင်းရင်းမြစ်ကို လွတ်လပ်စွာရယူခွင့်နဲ့ သတင်းအချက်အလက်ရယူဖို့ ခက်ခဲလာနေတယ်ဆိုတာ သုံးသပ်တင်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့သတင်းလွတ်လပ်ခွင့်ကျဆင်းမှု ကုလလူ့အခွင့်အရေးကော်မရှင် ထောက်ပြ