ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ အမှီအခိုကင်းကင်းနဲ့ မရပ်တည်နိုင်သေးတဲ့ မြန်မာနိုင်ငံမီဒီယာလောက ဟာ လူထုသဘောထားကို ငဲ့ပြီး ဒါမှမဟုတ် ပရိသတ်အကြိုက်လိုက်ပြီး မူပြောင်းသင့်ပါသလား၊ မြန်မာ့အရေး လေ့လာသုံးသပ်သူလဲဖြစ်၊ ကိုယ်တိုင်မီဒီယာသမားတဦးလည်း ဖြစ်ခဲ့ဖူးတဲ့ သင့်ဘဝ ဦးတင်မောင်သန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုမြန်မာနိုင်ငံမှာ လူထုသဘောထားစစ်တမ်း ကောက်ယူမှုတချို့ကို တွေ့ရပါတယ်။ အဲဒီ စစ်တမ်းကောက်ယူမှုတွေကို ဘယ်လောက်အထိ ကျနော်တို့ ယုံကြည်အားထားလို့ရသလဲ။ ဘယ်လောက်အထိ မှန်မှန်ကန်ကန် လူထုရဲ့သဘောထားကို ထင်ဟပ်နိုင်တဲ့ စစ်တမ်းကောက်ယူမှုကို ပထမဦးဆုံး ပြောပါ။
ဦးတင်မောင်သန်း ။ ။ ကျနော်က ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ အမြင်သဘောထား လေ့လာချက် ဘာသာရပ်လေးတခုကိုတော့ သင်ယူဖူးတယ်။ နည်းနာပိုင်းအရ ပြောမယ်ဆိုရင်တော့ များသောအားဖြင့် သဘောထားအမြင် ကောက်ခံတဲ့ စစ်တမ်းတွေက မှီခိုအားထားလို့ မရလောက်ဘူးလို့ ကျနော်ကတော့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့လဲ။
ဦးတင်မောင်သန်း ။ ။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံးကတော့ မေးခွန်းတည်ဆောက်ပုံကစပြီး စဉ်းစားရပါတယ်။ မီဒီယာတွေမှာ မေးတာတွေကို ကြည့်တဲ့အခါကြတော့ သိပ်ပြီးတော့ မှီခိုအားထားရလောက်တဲ့ မေးခွန်းတွေ မဟုတ်တာကို တွေ့ရတယ်။ ဥပမာအားဖြင့်ဆိုပါတော့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မည်ဟု ထင်ပါသလား ဆိုတဲ့ မေးခွန်းမျိုး။ စစ်တမ်းတွေ ကောက်တဲ့အခါကြလို့ရှိရင် အကြောင်းအရာရဲ့ သဘောသဘာဝကိုလည်း ကျနော်တို့ ပြန်ကြည့်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် သဘောကိုက ရေရှည်သဘောဆောင်တတ်တယ်။ ပြီးရင် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းမှာ အတက်အကျ ရှိတယ်။ အကျရှိနေလို့ မအောင်မြင်ဘူးလို့ မပြောနိုင်ဘူး။ အတက်ရှိနေလို့လဲ အောင်မြင်တယ်လို့ ထင်ယောင်လို့မရဘူး။ ဒါကြောင့်မို့
အဲဒီမေးခွန်းဟာ မရည်ရွယ်ဘဲနဲ့ တခြားသော သက်ရောက်မှုတခုကို ရောက်သွားနိုင်တယ်။ ဥပမာဆိုပါတော့ ဒေါ်အောင်ဆန်းစုကြည်က မအောင်မြင်နိုင်ဘူးလို့ ထင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတာ ညံ့လို့ဆိုတဲ့သဘော ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးမေးမယ့်အစား သူလုပ်ကိုင်ဆောင်ရွက်နေပုံကို သဘောကျပါသလား၊ မကျပါသလား။ နှစ်မျိုးမေးလို့ရတယ်။ မေးတဲ့အခါမှာလဲ အစွဲလေးတွေ ကျဉ်းဖို့လည်း လိုအပ်တယ်။ နောက်မေးခွန်းမေးတာ ရောထွေပြီးမေးတဲ့ဟာမျိုးတွေလည်း တွေ့ရတယ်။ ဥပမာအားဖြင့် မကြာခင်က ကုလသမဂ္ဂရဲ့ ရခိုင်နဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ထွက်လာတော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍတွေကို ရောထွေပြီး မေးလိုက်တဲ့အခါကြတော့ ဖြေရခက်တဲ့ဟာမျိုး၊ တခုကိုဖြေရင် တခုကို ထိခိုက်တဲ့ဟာမျိုးတွေကို တွေ့ရတယ်။ ဒါကြောင့်မို့ မေးခွန်းတည်ဆောက်ပုံအရ အားနည်းချက်ရှိတယ်။
ဦးကျော်ဇံသာ ။ ။ မေးတဲ့လူတွေကို ရွေးတဲ့နေရာမှာကော ဒီကိုယ်မေးမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့ နံှ့စပ်ကျွမ်းကျင်မှု၊ ထိတွေ့မှုရှိတဲ့ ပရိသတ်ကို ရွေးသင့်သလား။ သို့တည်းမဟုတ် သာမန်ပရိသတ်ကိုရောပြီး မေးသင့်သလား။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ စစ်တမ်းလေ့လာသူရဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ရည်ရွယ်ချက်က ကိုယ့်အသိုက်အဝန်းရဲ့ သဘောထားအမြင်ကို လေ့လာချင်တယ်ဆိုရင်တော့ အဲဒီအသိုက်အဝန်းရဲ့ အချိုးကို ကိုယ်စားပြုနိုင်အောင် ကြိုးစားရတာပေါ့။
ဦးကျော်ဇံသာ ။ ။ ကျနော် အလေးထားချင်တဲ့ကိစ္စက မီဒီယာတွေအပေါ်မှာထားတဲ့ သဘောထားနဲ့ ပတ်သက်တဲ့ စစ်တမ်း ဖြစ်ပါတယ်။ အဲဒါမျိုးကြတော့ ရွေးချယ်တဲ့ ပရိသတ်က အကုန်လုံး ပျံကျမေးသင့်သလား။ ပရိသတ်တိုင်းကို မေးသင့်သလား။ ကျွမ်းကျင်သူကို မေးသင့်သလား။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ မေးတဲ့အခါမှာ ကိုယ်သိချင်တဲ့၊ ကိုယ်တင်ပြချင်တဲ့ ဒီဇိုင်းပေါ်မှာ မူတည်တာပေါ့။ အဲဒီ ဒီဇိုင်းပေါ်မှာ မူတည်ပြီးတော့ ဥပမာအားဖြင့် မီဒီယာတွေကို ဘယ်လောက်အထိ ..ဖြစ်လဲ။ နားထောင်တဲ့ ပရိသတ်က ဘယ်လောက်အထိ နားထောင်သလဲဆိုတာမျိုးကိုတော့ အခုန အချိုးတွေနဲ့ ပြန်ပြီးတော့ ပရိသတ် နားထောင်တဲ့စာရင်းကို အစကတည်းက ကောက်ထားပြီးတော့ သွားပြီးမေးကြတာတွေ ရှိတယ်။ ဥပမာ ဆရာတို့ VOA ရဲ့ ဘယ်ကဏ္ဍကို ကြိုက်သလဲဆိုတဲ့ဟာကို သိချင်တဲ့အတွက် မေးတဲ့ဟာမျိုးဆိုရင် အဲဒီကဏ္ဍတွေကို Focus Group လို့ခေါ်တဲ့ အစုတစုကို နားထောင်ခိုင်းမယ်။ အဲဒီကနေ သုံးလေးငါးစု၊ ဆယ်စုတွေ ထားမယ်။ အဲဒီအစုတွေရဲ့ သဘောထားအမြင်တွေကို ယူပြီးတော့ မေးတဲ့ဟာမျိုးတွေလည်း လုပ်ရပါတယ်။ အဲဒါကြတော့ တချို့က မီဒီယာကို ကျွမ်းကျင်တဲ့လူတွေကို ပြန်ပြီးတော့ အကဲဖြတ်မေးတဲ့ မေးခွန်းတွေလည် ရှိမယ်။ သာမန်ပရိသတ်ကြီးကိုလည်း မေးတဲ့ဟာတွေလည်း ရှိမယ်။ အဲဒါတွေအကုန်လုံးက နည်းနာပိုင်းအရ ကိုယ်မေးလိုက်တဲ့လူက - လူတိုင်းကို ကျနော်တို့လိုက်ပြီး မမေးနိုင်ဘူး။ အဲဒီတော့ အဲဒီထဲက လူတွေကိုပဲ တဝက်တောင်မဟုတ်ဘူး၊ နမူနာယူပြီးတော့ မေးရတယ်။ နမူနာအချိုးတခုယူပြီးတော့ မေးရတဲ့အခါကြတော့ ကျွမ်းကျင်သူကို မေးမလား။ သာမန်လူကို မေးမလားဆိုတာ ကိုယ့်ရဲ့ သုတေသနလုပ်ချင်တယ်။ ကိုယ်သိချင်တဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပရိသတ် လူထုရဲ့ သဘောထားကို မီဒီယာက အမှန်တကယ် သိနိုင်အောင် ဘယ်လိုမေးခွန်းမျိုးနဲ့ စစ်တမ်းယူပြီးတော့ သုံးသပ်သင့်သလဲ။
ဦးတင်မောင်သန်း ။ ။ ဥပမာအားဖြင့် ဒါက နည်းနာပိုင်းပဲ အဓိကဖြစ်တယ်။ နည်းနာပိုင်းဆိုရင် ဆရာပြောတဲ့ ပရိသတ်ရဲ့ အမြင်သဘောထားကိုရမယ်။ ဒါကြောင့်မို့ ဥပမာအားဖြင့် Washington Post နဲ့ တက္ကသိုလ်တခု - ဥပမာ University of Maryland တို့ ပူးပေါင်းပြီးတော့ မေးတဲ့ဟာမျိုး။ ဒါမျိုးတွေ လုပ်ကြပါတယ်။ လုပ်ကြတဲ့အခါကြတော့ အခုနပြောသလို တကယ့်ကို ပရိသတ်ရဲ့ အမြင်သဘောထားကို ကိုယ့်သိချင်တာမျိုး ရတတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပရိသတ်ရဲ့ အမြင်သဘောထားကို သိပြီဆိုပါတော့ - မီဒီယာက အဲဒီသဘောထားကို မူတည်ပြီးတော့ လိုင်းပြောင်းသင့်သလား။ တနည်းအားဖြင့်ပြောရင် မီဒီယာက စစ်တမ်းရလဒ်ကို အခြေခံပြီးတော့ လေသံပြောင်းသင့်တယ်လို့ ထင်ပါသလား။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ ကိုယ့်မီဒီယာရဲ့ အခြေအနေပေါ်မှာ မူတည်တာပေါ့။ ကိုယ့်မီဒီယာက ငွေကြေးအင်အားတောင့်တင်းတယ်။ မှီတွယ်စရာ မလိုဘူး။ ပြီးရင် ကိုယ့်ယုံကြည်ချက်တခုအတွက် ပြောမယ်။ ကိုယ့်မီဒီယာကို ဘယ်လိုတည်ဆောက်ထားသလဲ။ အဲဒီပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လဲ ကိုယ်က ပြည်သူလူထု ဝယ်နေတဲ့အပေါ် မှီခိုနေရတယ်။ ဒါမှမဟုတ် ကြော်ငြာပေါ် မှီခိုရတယ် အစရှိသဖြင့် ကိုယ့်မီဒီယာ သဘောသဘာဝနဲ့ ဆက်စပ်နေတယ်။ အဲဒါမျိုး ဖြစ်လို့ရှိရင် တချို့ဟာတွေက ဟန်ချက်ညီ ဖြစ်ရတယ်။ ပရိသတ်အကြိုက်ရယ်၊ ကိုယ့်မီဒီယာက ဆောင်ရွက်နေကြတဲ့ သတင်းစာသမားတွေရဲ့ ယုံကြည်ချက်၊ ယူဆချက်၊ ထင်မြင်ချက်တွေ သူတို့ရဲ့ သဘောထားတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေပြီးရင် စီးပွားရေးသဘောအရ ပံ့ပိုးပေးမယ် - ကြော်ငြာဆိုလဲကြောင်ငြာသမား - ဒီဟာတွေရဲ့ ချိန်းညှိပြီးတော့ လက်တွေ့မှာတော့ လုပ်ကြတယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မီဒီယာရဲ့ Editoral Judgement ဟာ ပရိသတ်ရဲ့ သဘောထား အားပေးမှုက ဘယ်လောက်အထိ ကင်းလွတ်နိုင်ပြီလဲ ဆိုတဲ့အပေါ်မှာ မှီခိုပြီးတော့ စဉ်းစားရမှာပေါ့။ ရှေ့ဆက်လှမ်းဖို့အတွက် အဲဒီသဘောပေါ့။
ဦးတင်မောင်သန်း ။ ။ မိမိရပ်တည်ရေး - စီးပွားရေးလုပ်ငန်းတခုအနေနဲ့ စီးပွားရေးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယေဘုယျအားဖြင့် ရပ်တည်ဖို့ ပြဿနာတွေ မီဒီယာတွေအတွက် အမြဲတမ်း ရှိပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ ပုံနှိပ်မီဒီယာက မျက်ဖြူစိုက်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောဆိုကြတာတွေလည်း ကြားရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ဆက်လက်ရပ်တည်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ ပရိသတ် များလာအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါမှမဟုတ် ဝင်ငွေများလာအောင် ဘယ်လိုလုပ်မလဲ။ ပရိသတ်များတာနဲ့ ဝင်ငွေရတာတို့က ဆိုင်ချင်းမှဆိုင်မယ်။ အချို့က ပရိသတ် သိပ်မရှိဘူး။ ကြော်ငြာအား သိပ်ကောင်းပြီး ရကြလို့ ရပ်တည်နိုင်ကြတဲ့သဘော ဖြစ်တယ်။
အဲဒီတော့ မိမိသွားချင်တဲ့ လမ်းကြောင်း၊ အယ်ဒီတာအဖွဲ့က သွားချင်တဲ့လမ်းကြောင်းပေါ် မူတည်ပြီးတော့ ကိုယ်က ဘယ်လိုချိန်းမိသွားမလဲဆိုတာက မီဒီယာတွေရဲ့ လက်တွေ့ကျတဲ့၊ အလုပ်သဘောဆန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုဖြစ်လာတော့ မီဒီယာတွေရဲ့ Freedom of Expression ကို အနည်းနဲ့အများ ဆိုသလို ထိန်းရတဲ့သဘော ရှိကောင်း၊ ရှိလိမ့်မယ်ပေါ့။ ပရိသတ်ရဲ့ အကြိုက်ကိုလိုက်ပြီးတော့ …
ဦးတင်မောင်သန်း ။ ။ Freedom of Expression ကတော့ လွတ်လပ်စွာ ဖော်ပြတယ်ဆိုတာကတော့ အများပြည်သူ သိချင်နေတဲ့ လမ်းကြောင်းပေါ်ကိုတော့ ယေဘုယျအားဖြင့် မီဒီယာတွေက လိုက်ကြတယ်။ အဲဒီလို အများပြည်သူ သိချင်တယ်လို့ ယူဆတဲ့အပေါ်မှာ ကျနော်တို့ ဖော်ပြကြတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေရာမှာ အဓိက မေးချင်တဲ့ဟာက မြန်မာပြည်တွင်းက မီဒီယာတွေ အဲဒါကို ကျနော် မေးချင်တာပါ။ အဲဒီအကျပ်အတည်း တွေ့နေရသလား။ သူတို့က သူတို့လမ်းကြောင်းအတိုင်း အဲဒီလို ပရိသတ်ရဲ့ သဘောထားကို ဦးတည်ပြီးတော့ သွားနေရသလားဆိုတဲ့ သဘောကို မေးချင်တာပါ။ ဆရာ ဘယ်လိုတွေးမိသလဲ။
ဦးတင်မောင်သန်း ။ ။ ပရိသတ်ရဲ့ သဘောထားကို ဦးတည်ပြီး သွားတယ်ဆိုတာထက် နိုင်ငံရေး အခြေအနေ၊ နိုင်ငံရေးလမ်းကြောင်းပေါ် မူတည်ပြီးတော့၊ အများပြည်သူက လိုလားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ မူတည်ပြီးတော့ မီဒီယာတွေက သွားနေကြတယ်လို့ ယေဘုယျအားဖြင့်တော့ ပြောနိုင်တယ်။ ဥပမာအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အား အရမ်းကောင်းနေတယ်။ NLD ကောင်းတယ်။ စာနယ်ဇင်းသမားတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမယ် ဆိုလို့ရှိရင် ယေဘုယျအားဖြင့် သူ့ရဲ့ လူ့သဘာဝပီပီ စိတ်တိမ်းညွှတ်မှုတွေ ရှိနိုင်တာပေါ့။ အဲဒီအခါမျိုးမှာလဲ လွတ်လပ်စွာ ဖော်ပြခွင့်ဆိုတာ အဲဒီအချက်တွေနဲ့လဲ သွားပြီးမူတည်တာပေါ့။ အဲဒီတော့ Professional လို့ပြောတဲ့ ကျနော်တို့ စာနယ်ဇင်းသမား ပီသတဲ့လူတွေကတော့ အဲဒီ အခုနက မိမိရဲ့ အစွဲကို သိပြီးတော့ အဲဒါကို အတတ်နိုင်ဆုံး မိမိအလုပ်မှာမပါဖို့ ဂရုစိုက်ပြီး ဆောင်ရွက်သွားကြတာတွေ ရှိပါတယ်။
သုတေသီတွေမှာလည်း Neturality လို့ခေါ်တဲ့ ဘက်မလိုက်ဘူး ဆိုတာကလဲ အဲဒီထောင့်ကနေ မျှတအောင် မိမိပြောနေတယ်။ မိမိအကြိုက်ကလဲ ရှိနေမယ်၊ ဒါပေမဲ့ မိမိအကြိုက်ကို မိမိက ငါကတော့ ဒါကိုကြိုက်တယ်ဆိုတာ သိပြီ။ ဒါကို ငါ့ရဲ့အထဲမှာ မထင်ဟပ်နိုင်အောင် ပိုပြီး ပကတိလက်တွေ့ဘဝနဲ့ ပိုပြီးကိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့၊ ပြီးနောက် သဘောထားအမြင် ကွဲနေတဲ့အမြင်ကိုလည်း မျှတအောင် မိမိသတင်း ရေးသားတင်မြမှုမှာ လုပ်ထားတာက ဒါက ဘက်မလိုက်တဲ့ စာနယ်ဇင်းအတတ်ပညာလို ပြောတာပါ။ လူဆိုတာ ဘက်ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု ထပ်ပြီးတော့ မေးချင်ပါတယ်။ မြန်မာပြည်တွင်းက မီဒီယာတွေကို အကုန်လုံး လွှမ်းခြုံကြည့်ရင် ဆရာ့အနေနဲ့ ဘယ်လိုမှတ်ချက်ချချင်လဲ။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ အယ်ဒီတာအဖွဲ့မှာလဲ သူ့နိုင်ငံရေးအမြင်နဲ့သူ ရှိကြတယ်။ ခေါင်းကြီးတွေ ရေးကြတဲ့အခါ သူ့နိုင်ငံရေးအမြင်အရ ကြည့်ပြီးတော့ ရေးကြတယ်။ သို့သော်လဲ အခုနပြောတဲ့ စာနယ်ဇင်းလုပ်ငန်း ပညာသည် ပီသအောင် Professionalism ပီသအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ပြီးတော့ လုပ်ကိုင်ကြမယ်လို့ မြင်မိပါတယ်။