မြန်မာ့လွတ်လပ်ရေးနေ့ ကန်နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာထုတ်ပြန်

မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သဝဏ်လွှာ

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ငြိမ်ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပြန်လည်ရရှိစေဖို့ ကြိုးပမ်းအားထုတ်နေကြသူ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာထဲ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ မြန်မာနိုင်ငံကို စစ်မှန်ပြီးအားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပြန်သွားဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်စွာရှုတ်ချထားပြီး လက်ရှိကြုံနေရတဲ့အကြပ်အတည်းတွေကို ဖြေရှင်းရေးအတွက် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကိုလည်း ထောက်ခံအားပေးထားပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက သမ္မတလက်မှတ်ထိုးအတည်ပြုခဲ့တဲ့ NDAA အမေရိကန်ကာကွယ်ရေးဆိုင်ရာဥပဒေထဲမှာလည်း မြန်မာဒီမိုကရေစီကိုထောက်ခံအားပေးဖို့ဆိုတဲ့ အပိုဒ်ကို သီးခြားထည့်ထားပါတယ်။ အဲဒီထဲမှာတော့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအသိအမှတ်ပြုရေး၊ မြန်မာစစ်တပ်ကကျူးလွန်မှုတွေကို အရေးယူအပြစ်ပေးရေးအပါအဝင် မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာတရပ်ကို အစိုးရအနေနဲ့ လွှတ်တော်ထံ ရက် ၆၀ အတွင်း အစီရင်ခံရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ Burma Act မူကြမ်းတရပ်ကိုလည်း လက်ရှိ အမေရိကန်လွှတ်တော်အတွင်းမှာ ဆွေးနွေးလျှက်ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာ့လွတ်လပ်ရေးနေ့ ကန်နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာထုတ်ပြန်

==========

[[Unicode]]







#MyanmarUS #MyanmarIndependence #VOABurmese


==========