မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်က အခြေအနေနဲ့ပတ်သက်လို့ ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ က ပြောခဲ့တဲ့အပေါ် မြန်မာအစိုးရအနေ နဲ့တော့ လူ့အခွင့်အရေးကောင်စီမှာ ပြောထားတဲ့ သဘောထားအတိုင်း ရပ်တည်သွားမယ် လို့ တုံ့ပြန်လိုက်ပါတယ်။ ထင်ရှားတဲ့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတဦး ကတော့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းအား ဖြင့် တုံ့ပြန်သင့်ကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အခြေအနေနဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေ းအခြေအနေကို စောင့်ကြည့်နေကြောင်း နဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းခဲ့တဲ့ အပေါ် ထောက်ခံကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအစည်းဝေးမှာ ကောင်စီရဲ့ အလှည့်ကျဥက္ကဌ Nikki Haley က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီပြောဆိုချက်အပေါ်မှာတော့ မြန်မာ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို တုံပြန်ပြောဆိုပါတယ်။
“အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားတယ်ခင်ဗျနော်၊ အဲဒီ လူ့အခွင့်အရေးကောင်စီ မှာပြောထားတာရှိတယ် ၊ ကျနော်တို့ကတော့ သီးခြား ပြောမနေတော့ဘူးနော်။”
ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက် တရပ်ဖြစ်ကြောင်း နဲ့ နိုင်ငံတကာ အနေနဲ့ ရခိုင်အရေး ကိစ္စမှာ ပြစ်တင်ရှုတ်ချတာမျိုးထက် အပြု သဘောဆောင် ချဉ်းကပ်တာဟာ မြန်မာအစိုးရကို အမှန်တကယ် ကူညီရာရောက်မှာဖြစ်ကြောင်း ကို မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုထားတာပါ။
လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့စေလွှတ်ရေး နဲ့ပတ်သက်လို့လည်း လက်မခံနိုင်ကြောင်း နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် က ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား ပါတယ်။နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စကို လေ့လာသုံးသပ်ဖို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ကော်မရှင်ကို ဖွဲ့စည်းထားကြောင်း BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ရာမှာ ပြောဆိုထားပါတယ်။
မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ နိုင်ငံတကာက အထူးအာရုံစိုက်နေပြီး တောင်းဆိုချက်တွေဟာ ပိုမိုပြင်းထန်လာနေကြောင်း သုံးသပ်ပြောဆိုပါတယ်။ ဒီလိုတောင်းဆိုချက်တွေအပေါ် အသင့်တော်ဆုံး တုံ့ပြန်သင့်တဲ့ အခြေအနေကိုလည်း အခုလို ပြောဆိုပါတယ်။
“ဒီလိုမျိုးကိစ္စတွေဖြစ်လာလို့ရှိရင် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်တဲ့ ကိစ္စကတော့ မရှိဘူးဆိုရင် မရှိဘူး၊ ရှိတယ်ဆိုရင် ရှိတယ် ၊ ဆိုတာကို သက်သေပြနိုင်သော ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိပဲနဲ့ ကျနေ်ာတို့ လုပ်ဆောင်မယ် ဆိုရင် နိုင်ငံတကာက ပိုမိုပြီးတော့ ဒီထက် ပိုပြီးတော့ တောင်းဆို မှုတွေ ထပ်ဖြစ်လာမယ်ဆိုတာကို ကျနေ်ာတို့ပြောထား ပါတယ်။ ဖြစ်လားမဖြစ်လားဆိုတာက ၂ ဖက်အသံတွေကြားနေရတာပေါ့နော်။ ဘာကြောင့်ဖြစ်တယ်ဆိုတာရယ်၊ မဖြစ်ဘူးဆိုတဲ့ ငြင်းဆန်မှုရယ်ရှိနေတယ်။ ဒါပေမယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှု မရှိမခြင်းကာလတလျှောက်လုံးကတော့ ဒီကိစ္စတွေ ကိုနိုင်ငံ တကာက ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ ထုတ်ဖော်ပြောကြားမှုတွေ ကတော့ မလွဲမသွေ ရင်ဆိုင်နေရဦးမှာပါပဲ။”
ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ ပတ်သက်ပြီးတော့လည်း ဦးအောင်မျိုးမင်းက အခုလို ထောက်ပြ ပါတယ်။
“နိုင်ငံတကာကတော့ ဒီကိစ္စ ၂ ခုစလုံးကို မလုံလောက်ဘူးလို့တွက်ဆပါတယ်။ ပထမဦးဆုံး ၁ ခု ကိုယ့်ရဲ့ပြည်တွင်းမှာ ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိစ္စ၊ ပြည်တွင်းအနေ အထား နိုင်ငံတော်အဆင့် လုပ်ဆောင်တဲ့နေရတွေမျိုးမှာဆိုရင် တိုင်ကြားမှုတွေကို အရေးယူဆောင်ရွက်မှုမရှိဘူး ၊ နောက်တခါ ထိရောက်သော စုံစမ်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုတဲ့ ထောက်ပြမှုတွေရှိတယ်။နောက် တခါ Mr. ကိုဖီအာနန် ဦးဆောင်တဲ့ ကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ သဘောထက်စာရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ဘယ်လို ချုပ်ငြိမ်းမလဲဆိုတဲ့ ပုံစံမျိုးကို ပိုပြီးတော့ ဦးတည်တာဖြစ်နေပါတယ်၊ သဘော သဘာ၀ မတူဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျ စုံစမ်းစစ်ဆေးဖို့ အတွက် ကေ်ာမရှင်တရပ်ထပ်ခေါ်ဖို့ ကျနော်တွေးမိပါတယ်။”
ကလေးစစ်သားပပျောက်ရေး ကိစ္စ၊ နာဂစ်မုန်တိုင်းအလွန်ကာလမှာ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့အတူ ကာကွယ်ကူညီဆောင်ရွက်တဲ့ကိစ္စတွေဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ဖြစ်တယ်ဆိုတာကိုတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အသိအမှတ်ပြုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံသွားတဲ့ ဒုက္ခ သည် ၇သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။
ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ကုလသမဂ္ဂမှာ ပြောဆို ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး လုံခြုံရေးကောင်စီ မှာပါ ဆွေးနွေးကြပြီးတော့ သဘောထားထွက်လာတာဖြစ်ပါတယ်။
Your browser doesn’t support HTML5