မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ အစိုးရိမ်မလွန်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။ ဒီလိုရာသီမှာ ဒေသတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီတုပ်ကွေးဟာ၊ မြန်မာနိုင်ငံမှာ အရေးပေါ်အဆင့်သတ်မှတ်ရမယ့်အနေအထားမဟုတ်ကြောင်း ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ပြီးကာကွယ်ကြတာထက်၊ လက်ကိုသန့်ရှင်းအောင်မကြာခဏဆေးပေးတာက ရောဂါပိုးအမျိုးမျိုးကာကွယ်ရေးအတွက် ပိုပြီး ထိရောက်မှုရှိတယ်လို့ WHO ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က VOA ကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ကျန်းမာရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး WHO ရန်ကုန်ရုံးခွဲကို ဇူလိုင်လ ၂၄ ရက်နေ့က တရားဝင်အကြောင်းကြားခဲ့ပြီးနောက်ပိုင်း အခြေအနေကိုနေ့စဉ် အဆက်မပြတ်အကဲခတ်စောင့်ကြည့်နေပြီး အများပြည်သူအနေနဲ့ အစိုးရိမ်မလွန်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က တိုက်တွန်းလိုက်ပါတယ်။
“အခုအခြေအနေက အရေးပေါ်အဆင့်မဟုတ်ပါဘူး။ လူအများအပြားကို ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေလည်းမဟုတ်ပါဘူး။ Epidemic ကပ်ရောဂါမဟုတ်သလို၊ Pandemic တနိုင်ငံလုံးပြန့်ပွားတဲ့ရောဂါ အဆင့်မဟုတ်ပါဘူး။ ဒီလိုအဆင့်သတ်မှတ်ရလောက်အောင်၊ ရောဂါကျယ်ကျယ်ပြန့်ပြန့်ကူးစက်တဲ့ အခြေအနေမဟုတ်ပါဘူး။ အခုလောလောဆယ်ကျန်းမာရေးဌာနက ဒီရာသီတုပ်ကွေးအခြေအနေအပေါ် မြန်မြန်ဆန်ဆန်သတင်းထုတ်ပြန်တာနဲ့အတူ၊ ကြိုတင်ကာကွယ်ရေးအတွက် ထိထိရောက်ရောက်ပညာပေးနေတာတွေ့ရလို့၊ ကျေနပ်မိပါတယ်။”
ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေမှာလည်း၊ ဒီလိုမုတ်သုန်ရာသီမှာ H1N1 ရာသီတုပ်ကွေး ဖြစ်လေ့ဖြစ်ထရှိပြီး၊ ကျန်းမားရေးတာဝန်ရှိသူတွေနဲ့ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ Dr. Jost က အခုလိုအကြံပြုပါတယ်။
“ပထမအချက်ကတော့၊ ဖြစ်ပွားနေတဲ့အခြေအနေကို စောင့်ကြည့်တာတွေတိုးလုပ်ဖို့ အရေးကြီးပါတယ်။ ဒုတိယအချက်ကတော့ H1N1 virus ပိုးကူးစက်တာကိုဘဲ သီးခြားပစ်မှတ်ထားစောင့်ကြည့်တာမျိုးမဟုတ်ဘဲ၊ တခြား ဖြစ်နိုင်တဲ့ ကူးစက်မြန်ပြင်းထန် အသက်ရှူလမ်းကြောင်းရောင်ယမ်းတဲ့ SARI virus ကိုလည်းစောင့်ကြည့်ဖို့လိုပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေက ဒါတွေကိုစောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။ H1N1 ရာသီတုပ်ကွေးခံစားနေရတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အားပေးကူညီဖို့လိုပါတယ်။”
ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး၊ ရန်ကုန်အပြင်၊ နိုင်ငံတဝန်းက အများပြည်သူတွေသိအောင်လည်း ကြိုတင်ကာကွယ်ရေး၊ အသိပညာ ပြန့်ပွားအောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့အပြင်၊ မွေးမြူထားတဲ့ တရိစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်ပြီး အသိပညာပေးဖို့လိုတယ်လို့ဆိုပါတယ်။ H1N1 ရာသီတုပ်ကွေးမကူးစက်အောင်၊ ပြည်သူလူထုအကြား ပညာပေးတာတွေလုပ်ဖို့အတွက်လည်း Dr. Stephen Jost က အခုလိုအကြံပြုပါတယ်။
"ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင် Influenza တုပ်ကွေး Virus ဟာ လူ့ခန္ဒာကထွက်တဲ့ အင်မတန်မှသေးငယ်တဲ့အရည်စက်ကလေးကနေ တဆင့်ကူးစက်တယ်ဆိုတာ သိဖို့အရေးကြီးဆုံးဆိုတာကို သတိရှိနေဖို့ပါဘဲ။ အဲဒီမမြင်နိုင်တဲ့ သေးငယ်တဲ့ အရည်စက်က များသေားအားဖြင့်လက်ကတဆင့်ဖြစ်ဖြစ်၊ မျက်နှာက၊ နှာခေါင်း၊ မျက်စေ့ကနေဖြစ်ဖြစ်၊ ခန္ဒာကိုယ်ထဲဝင်လာနိုင်တာပါ။ အရေးကြီးဆုံးကတော့ လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး မကြာခဏဆေးပေးဖို့ပါဘဲ။ ရေနဲ့ ဆပ်ပြာမလွယ်ရင်၊ ပိုးသတ်လက်ဆေးရည်ကိုသုံးဖို့ဖြစ်ပါတယ်။ လက်ဆေးဖို့ကလူတိုင်းအတွက်အရေးကြီးဆုံးပါဘဲ။”
မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးအပြင် H5N1 ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့အပေါ်မှလည်းေ ရာဂါကာကွယ်ဖို့အတွက် လက်ဆေးကြဖို့ အကြံပြုလိုက်ပြီး၊ တကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ဖို့ Dr. Jost က တိုက်တွန်းပါတယ်။
“H1N1 နဲ့ H5N1 က တုပ်ကွေး Virus တွေဖြစ်ပေမဲ့၊ တိုက်ရိုက်ဆက်စပ်မှုမရှိပါဘူး။ ကူးစက်တဲ့ပုံစံကလည်းမတူပါဘူး။ H1N1 က လူလူချင်းကူးစက်ဖို့လွယ်ပါတယ်။ H1N1 Virus အုပ်စုတခုနဲ့ တခုလည်းမတူပါဘူး။ H5N1 ကတော့ တိရိစ္ဆာန်ကနေလူကို ကူးစက်ပေမဲ့ ပြင်းထန်မှသာကူးစက်တဲ့သဘောရှိပါတယ်။”
လက်ဆေးတာအပြင်၊ အဟာရဖြစ်တဲ့အစားအသောက်စားဖို့၊ အိပ်ရေးဝဝအိပ်ဖို့နဲ့ အသင့်အတင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့လည်း Dr. Jost ကအကြံပေးပါတယ်။
"ရန်ကုန်မှာ လူူတွေအတော်များများ နှာခေါင်းစည်းတွေ တပ်ထားတာ ကျွန်တော်သတိထားမိပါတယ်။ နှာခေါင်းစည်းတပ်တာထက်၊ လက်ဆေးကြဖို့ ပိုအရေးကြီးပါတယ်။ လက်ဆေးတာက ရောဂါပိုးမှန်သမျှကို ကြိုတင်ကာကွယ်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ နှာခေါင်းစည်းကတော့ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေအတွက် ပိုပြီးသင့်တော်ပါတယ်။"
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO ရဲ့ဆေးပစ္စည်းနဲ့နည်းပညာ ပံ့ပိုးကူညီမှုနဲ့ ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် ဖိဖိစီးစီးဆောင်ရွက်နေတာဖြစ်သလို၊ နေ့စဉ်ဖြစ်ထွန်းမှုအခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတာကြောင့်၊ ပြည်သူလူထုအနေနဲ့ အစိုးရိမ်မလွန်ကြဖို့ WHO ဌာနေကိုယ်စားလှယ် Stephen Paul Jost က တိုက်တွန်းလိုက်ပါတယ်။
Your browser doesn’t support HTML5