ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ (Sesonal Flu- H1N1) ဖြစ်ပွားနေမှုကို အရေးပေါ် အခြေအနေလို့ မသတ်မှတ်ဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ H1N1 ဖြစ်ပွားမှုကြောင့် လေဆိပ်နဲ့ဆိပ်ကမ်း အဝင်၊ အထွက်တွေ မှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး နိုင်ငံရပ်ခြားသွားတဲ့ မြန်မာနိုင်ငံသားတွေကို တားဆီးခံရတာမျိုး လည်း အခုချိန်ထိတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
အခု ဇူလိုင်လ ၂၈ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၃၅ဦးရှိပြီး H1N1 ကြောင့် သေ ဆုံးသူ ၆ဦးရှိသွားပါပြီ။
လက်ရှိ မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေမှုဟာ ကမ္ဘာအနှံ့ကို ကူးစက်ပြန့်ပွားနေ တဲ့ အခြေအနေ မဟုတ်သေးတာမို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် အခြေအနေ မသတ် မှတ်ဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ပြောပါတယ်။
“WHO ကလည်း ဒါကျနော်တို့နိုင်ငံကို အရေးပေါ်အခြေအနေ မသတ် မှတ်ဘူး။ အိန္ဒိယနိုင်ငံမှာလည်း ၆၀၀ လောက်ဖြစ်တယ် သေဆုံးမှုတွေများတယ်၊ ကျနော်တို့ထက်များတာပေါ့နော် အများကြီးပေါ့နော် ၂၀၀၉ နောက်ပိုင်းမှာ ဖြစ်တယ် ဒါပေမယ့်WHOက အရမ်းကြီးမဟုတ်တဲ့အတွက် မသတ်မှတ်ဘူးခင်ဗျ။ WHO က ဌာနေကိုယ်စားလှယ်က အဲလိုမျိုးသတ်မှတ်တာမရှိပါဘူး ဒါက တခြားနိုင်ငံတွေမှာလည်း ဖြစ်တယ် ဒါကြောင့်သူတို့က outbreak အဆင့်ပဲ သတ်မှတ်ထားပါတယ်။ လောလောဆယ် အရေးပေါ်အခြေအနေ မသတ် မှတ်ဘူးလို့ ပြောပါတယ်။”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကျန်းမာ ရေး ဝန်ကြီးဌာနကို ဆေးနဲ့ စက်ပစ္စည်းတွေ၊ ကာကွယ်ဆေးနဲ့ N95 နှာခေါင်းစည်းတွေ ထောက်ပံ့ပေး သွားဖို့ ရှိနေပါတယ်။
အခု လက်ရှိ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာတွေကို ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ တွေ့ရှိထားဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၈ရက်နေ့မှာ ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားသူ ၅ဦး ထပ်တွေ့ထားတာပါ။
H1N1 ဖြစ်ပွားနေတာကြောင့် နယ်စပ် အဝင်အထွက်၊ လေဆိပ်နဲ့ ဆိပ်ကမ်း အဝင်အထွက်တွေမှာ လည်း ပုံမှန်ထက်ပိုပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတာရှိပြီး နိုင်ငံရပ်ခြားသွားရောက်တဲ့ မြန်မာနိုင်ငံ သားတွေကို အခြား နိုင်ငံတကာလေဆိပ်တွေမှာ တားမြစ်ခံရတာမျိုးလဲ လောလောဆယ်အထိ မရှိသေး ဘူးလို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
“ကျနော်တို့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနကို နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေ ၊ လေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေ၊ ရေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေ မှာ ကျန်းမာရေးဌာနတွေရှိတယ်၊ ဝန်ထမ်းတွေရှိတယ် ။ သူတို့ စစ်ဆေးနေတာပေါ့နော် မသင်္ကာတဲ့လူတွေ ရောဂါပိုးရှိမရှိ စစ်ဆေးနေတာပေါနော် လုပ်နေပါတယ်ခင်ဗျ။ အခုလောလောဆယ်တော့ မကြားရပါဘူး။ ကျနော်တို့လည်း ကမ္ဘာ့ကျန်းမာရေးကိုအကြောင်းကြားထားတယ် သူတို့ဘက်ကလည်း အဲလိုမျိုးမဖြစ်အောင် ကူညီပြီးတော့ ဖြေရှင်းပေးနေပါတယ်။”
မြန်မာနိုင်ငံမှာ H1N1 ဖြစ်ပွားနေမှုကြောင့် ဗြိတိန်နိုင်ငံခြားရေးဌာနကတော့ သူ့နိုင်ငံသားတွေ မြန်မာနိုင် ငံကို သွားရောက်လည်ပတ်တဲ့အခါ သတိ ထား သွားလာကြဖို့ နှိုးဆော်ထားတာလည်း ရှိပါတယ်။
လက်ရှိ လေဆိပ်နဲ့ ဆိပ်ကမ်း အဝင် အထွက်တွေမှာ ကျန်းမာရေး စစ်ဆေးမှု လုပ်နေတဲ့ အခြေအနေကို ဆိပ်ကမ်း ကျန်းမာမှု ဆရာဝန်ကြီး ဒေါက်တာ ဉာဏ်ထက်လွင်က အခုလို ပြောပြပါတယ်။
“ ကျနော်တို့ကတော့ H1N1ကြောင့်တော့ မဟုတ်ပါဘူး ။ ကျနော်တို့ကတော့ လေဆိပ်တို့ ဆိပ်ကမ်းတွေမှာ တောက်လျောက်လုပ်နေပါတယ်။ ဒီ Influenza ဖြစ်တော့လည်း လုပ်နေကြ လုပ်ငန်းစဉ်ကို ကျနော်တို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်နေတာပေါ့နော် ။ ထူးထူးခြားခြားဆောင်ရွက်တာကတော့ ဒီမနက်လေဆိပ်မှာ အသိပေးဟောပြောပွဲတခုလုပ်ပါတယ်။ အခုလက်တလော လေဆိပ်မှာတော့ ထူးခြားဖြစ်စဉ်တော့မရှိသေးဘူးပေါ့နော် အခုအထိပေါ့။”
Influenza A(H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့ ဆက်လက်ပြန့်ပွားနေတာပါ။ မြန် မာပြည်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၄၅၀ကျော် ရှိခဲ့ ပြီး အခု ၂၀၁၇ နှစ်မှာမှ H1N1 နဲ့ လူသေဆုံးမှုရှိကြောင်း စစ်တမ်းကောက်ယူရရှိတာလည်း ဖြစ်ပါတယ်။ရာသီတုပ်ကွေးရောဂါဟာ တကမ္ဘာလုံးမှာ နှစ်စဉ် လူဦးရေ ၃သန်းကနေ ၅သန်းအထိ ဖြစ်ပွားလေ့ရှိပြီး လူဦးရေ ၂သိန်းခွဲကနေ ၅သိန်းအထိ သေဆုံးနေတာလဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာ ထားတာပါ။
ရာသီတုတ်ကွေးရောဂါ H1N1 ဟာ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူး ကာလတွေမှာ ဖြစ်ပွားလေ့ရှိ တာဖြစ်ပြီး H1N1 ဗိုင်းရပ်ပိုးဟာ လေထဲတဆင့် အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်ပြီး လူတဦးကနေ တဦးကို ကူးစက်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ချောင်းဆိုး နှာချေတဲ့အခါ တခါသုံး နှာခေါင်းစည်း ဒါမှမဟုတ် လက်ပိုင်ပုဝါ အသုံးပြုတာ၊ လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောတာ၊ လူထူထပ်တဲ့ နေရာ တွေကို သွားလာတာကို ရှောင်တာ၊ ကိုယ့်အနီးမှာ တစုံတယောက် တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သံ သယရှိရင် နီးစပ်တဲ့ ကျန်းမာရေး ဌာနကို အမြန်ဆုံးဆက်သွယ်တာတွေ လုပ်ဖို့ ကျန်းမာရေး ဝန်ကြီး ဌာနက ညွှန်ကြားထားတာလဲ ရှိပါတယ်။