မြန်မာနိုင်ငံမှာ တကျော့ပြန်ဖြစ်လာတဲ့ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိတဲ့ ဒီတုပ်ကွေးတွေဟာ အပေါ်ယံအားဖြင့် ရောဂါလက္ခဏာခြင်း တူညီကြပြီး အချိန်မှီ ကုသမှု မပြုနိုင်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။ ဒီ တုပ်ကွေးရောဂါ မကူးစက်အောင် ဘယ်လို ကာကွယ်သင့်သလဲဆိုတာကို အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Indianapolis မြို့မှာ နေထိုင်တဲ့ ဒေါက်တာ တင့်ဆွေကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
H1N1 တုပ်ကွေး အပါအဝင် တုပ်ကွေးရောဂါပိုးတိုင်းဟာ အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် ကူးစက်မှုနှုန်းကလည်း မြန်ဆန်ပါတယ်။ ဇူလိုင်လ တတိယအပတ်လောက်က စလို့ မြန်မာနိုင်ငံမှာ တကြော့ပြန် ဖြစ်ပေါ်လာတဲ့ ဒီ H1N1 တုပ်ကွေး ရောဂါပိုးကြောင့် သေဆုံးသူ ၃ ဦးရှိနေပြီး ရောဂါပိုး ကူးစက်နေတဲ့ လူနာ ဦးရေဟာလည်း ၂၀ ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြု ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေဟာ အမေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Indianapolis မြို့မှာ နေထိုင်တဲ့ မြန်မာ ဆရာဝန်တဦးပါ။ သူက ရောဂါပိုး ကူးစက်နိုင်တဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။
“ ရောဂါရှိနေသူက ချောင်းဆိုးနှာချေတာနဲ့ သူ့ပတ်ဝန်းကျင် ၆ ပေ ပတ်လည်က လူတွေ အသက်ရှုမိရင် ကူးစက်နိုင်တာ။ ဒီသုံးခုလုံး ဟာ အကုန်အတူတူပါပဲ။ အဲတော့ ဖြစ်ပြီးရင် လည်းဘဲ ဖြစ်တဲ့ ရောဂါ လက္ခဏာတွေ အားလုံးကလည်း သာမန် ရာသီဥတုအလိုက်ဖြစ်တဲ့ တုပ်ကွေး တွေနဲ့လည်း အကုန်တူတယ်ခင်ဗျ။ ကိုယ်နည်းနည်းပူမယ်၊ ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ နှာချေမယ်။ နောက် မအီမသာဖြစ်မယ်။ ဒါတွေက အကုန်တူပါတယ်။ နောက်တခါ လူကလည်း အားယုတ်သလို ဖြစ်နေမယ်ပေါ့။ ဒီဟာတွေ အကုန်လုံးကလည်း ရာသီဥတု တုပ်ကွေးနဲ့ အကုန်တူ ပါတယ်။ အခုလည်း တူပါတယ် ခင်ဗျ။ ”
ရောဂါပိုး ကူးစက်တာခြင်း တူပေမယ့် တဦးနဲ့တဦး ကူးစက်မှုခံရတဲ့ အတိမ်အနက် ကွာခြားနိုင်တယ်လို့ ဆိုပါတယ်။
“ တချို့ကြတော့ ဆိုးနိုင်တယ်။ တချို့ကျတော့ သာမန်နဲ့ ပျောက်သွားနိုင်တယ်။ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ဆိုးနိုင်တယ်။ ခုခံအားနည်းနေရင် ပိုဆိုးတယ်။ နောက်ဆက်တွဲက နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်နာ ဖြစ်နိုင်တယ်။ တချို့ဆိုးလို့ရှိရင်တော့ ကံမကောင်းရင်တော့ ဦးနှောက် အထိရောက်ပြီးတော့ အသက်ဆုံးရတဲ့ အထိလည်း ဖြစ်တတ်ပါတယ် ခင်ဗျ။ ”
အခုဖြစ်ပေါ်နေတဲ့ H1N1 တုပ်ကွေးရောဂါပိုးနဲ့ပတ်သက်လို့ လူမှုကွန်ယက်တွေမှာ အမျိုးမျိုး ရေးသား ပြောဆိုနေကြတဲ့အထဲ မှားယွင်းမှုတွေ ပါနေတာကြောင့် အဲဒီလို ရေးသား ပြောဆိုမှုတွေကို သတိထားကြဖို့လည်း ဒေါက်တာ တင့်ဆွေက တိုက်တွန်းပါတယ်။ ဒီတုပ်ကွေးရောဂါပိုး မကူးစက်နိုင်အောင် အဆင့်ဆင့် ကြိုတင် ကာကွယ်နည်းတွေကိုလည်း ဒေါက်တာတင့်ဆွေက အခုလို ရှင်းပြပါတယ်။
“ အကြမ်းဖျဉ်း ပထမ ဦးဆုံးပြောရလို့ရှိရင် ကိုယ့်ဆီကို ဒီလို ကပ်ရောဂါလို ဖြစ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ဆီ ကို အသက်ရှုလမ်းကြောင်းက ဝင်မလာအောင် နှာခေါင်းစည်း တပ်ခြင်းဖြစ်ပါတယ်။ နှာခေါင်းစည်းမှာလည်း အခုပြောနေတဲ့ ဈေးကြီးတဲ့ နှာခေါင်းစည်းနဲ့ သာမန်နှာခေါင်းစည်း ၂ မျိုးရှိတယ်။ ကျနော်တို့ လေ့လာမှုတွေ လုပ်တဲ့အခါမှာ အဲဒီ နှာခေါင်းစည်း ၂ မျိုးစလုံး ကနေ ကာကွယ်မှုပေးနိုင် စွမ်းအားဟာ သိပ်မကွာခြားပါဘူး။
ဒါကြောင့် လူတိုင်းဟာ သာမန် ဆေးရုံသုံး ဆရာဝန်တွေ ဆရာမတွေ သုံးတဲ့ နှာခေါင်းစည်းနဲ့လည်း ရနိုင်တယ်လို့ ပထမအချက် ကျနော် ပြောလိုပါတယ်။ ၂ အချက်ကတော့ လက်ကို မကြာမကြာဆေးဖို့ လိုတယ် ခင်ဗျ။ ချောင်းဆိုးတာနဲ့ နှာခြေတာနဲ့က ထွက်တဲ့ အမှုန်အမွှားဟာ ကျနော်တို့ အိမ်မျက်နှာပြင်တွေ ရုံးမျက်နှာပြင်တွေ အားလုံးမှာ ကျနေနိုင်ပါတယ်။ အဲဒါကို ကျနော်တို့ လက်တွေနဲ့ ထိကြရတယ်။ ဒါကြောင့် လက်ကို မကြာမကြာဆေးခြင်းဟာ ဒုတိယ အရေးကြီးပါတယ်။
နောက် တတိယ အချက်ကတော့ လူအုပ်ထဲကို လူနာကိုယ်တိုင်လည်း မသွားဖို့ နေမကောင်း မဖြစ်သေးတဲ့လူတွေလည်း ရှောင်ရှားလို့ ရှိရင် ဒါကာကွယ်မှု ရနိုင်ပါတယ်။
နောက် နံပတ် ၄ ကတော့ ကာကွယ်ဆေး။ ကာကွယ်ဆေးမှာလည်း အခု အမျိုးမျိုးပြောနေကြတယ်။ အမှန်က ဒီ ဗိုင်းရပ်စ် တွေဟာ ဗိုင်းရပ်စ် ပိုးတွေဟာ နှစ်စဉ် နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးဆိုတာ တနှစ်တခါ ထိုးရတယ်။ အဲဒါ ၂၀၀၉ ခုနှစ် H1N1 ပေါ်တုန်းက ဖြစ်တုန်းက ကာကွယ်ဆေးတမျိုးတည်းသာ ပေါ်သေးတယ်။ နောက် ကာကွယ်ဆေး တမျိုးကနေပြီးတော့ ၂မျိုး ၃ မျိုး ကာကွယ်နိုင်တယ် ဆိုပြီးတော့ ကာကွယ်ဆေးတွေကလည်း ကျနော့ အမြင်ပြောရရင် အတိအကျ မမှန်ဘူးလို့ ကျနော် ယူဆပါတယ်။
သူဟာ H1N1 Monovalent လို့ခေါ်တဲ့ ကာကွယ်ဆေးဟာ တရားဝင် FDA အမေရိကန် FDA ကကော WHO ကကော အသိအမှတ်ပြုထားပါတယ်။ တနည်းအားဖြင့်တော့ ဗိုင်းရပ်စ် တမျိုးတည်းကိုသာ ကာကွယ်သော ကာကွယ်ဆေးဖြစ်ပါတယ်။ အဲဒီမှာလည်း ၂ မျိုးရှိသေးတယ်။ ထိုးဆေးနဲ့ ကျနော်တို့ နှာခေါင်းထဲ ထည့်တဲ့ ဆေးပါ။ အဲဒီလေးချက်စလုံး ဂရုစိုက်မှ ကာကွယ်ဆေးကလည်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက် ထိုးပါ ထိုးသင့်တယ် ဒီဟာ ဆိုတဲ့ အချက်ကလွဲရင် ကျန်တာတွေကိုတော့ နားမယောင်သင့်ဘူး လို့တော့ ကျနော်တော့ အကြံပေးချင်ပါတယ်။ ”
CDC လို့ခေါ်တဲ့ အမေရိကန် ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနကတော့ - ယေဘုယျအားဖြင့် တုပ်ကွေးရောဂါဟာ လူတဦးကနေ တဦးကို နှာချေတာ၊ ချောင်းဆိုးတာတို့ကနေ ကူးစက်လေ့ရှိတယ်လို့ ဆိုပါတယ်။ တုပ်ကွေး ရောဂါ ပိုးမွှားတွေဟာ စားပွဲခုံ၊ ကြမ်းပြင်၊ နံရံ စတဲ့ မျက်နှာပြင်တွေ၊ တံခါးလက်ကိုင်တွေ၊ ဖုန်းတွေ၊ ခွက်တွေပေါ်မှာ နာရှိအနည်းငယ်အထိ အသက်ရှင် ရှိနေတတ်တာကြောင့် အဲဒီ နေရာတွေမှာ ရှိနေတဲ့ ရောဂါပိုးကို ထိမိထားတဲ့ လက်တွေနဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိမိရာကလည်း ရောဂါပိုး ကူးစက်နိုင်ကြောင်း၊ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ မကြာခန အသေအချာဆေးဖို့ လိုအပ်ကြောင်း ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
တုပ်ကွေးရောဂါဖြစ်တယ်လို့ ယူဆရင်၊ ဒါမှမဟုတ် တုပ်ကွေးရောဂါ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေး၊ ကိုယ်လက်တွေနဲ့ ခေါင်းကိုက်တာတွေအပြင် ပင်ပန်း နွမ်းနယ်နေတဲ့ လက္ခဏာတွေ ပေါ်လာရင် အမြန်ဆုံး နီးစပ်ရာ ဆရာဝန်၊ ဆေးခန်းကို ပြသသင့်ကြောင်းလည်း အမေရိကန် ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ကြက်ခြံတွေမှာ H5N1 လို့ခေါ်တဲ့ ကြက်တုပ်ကွေး ဗိုင်းရပ်ပိုးတွေ့ရှိပြီး ကြက်တွေ ထောင်ဂဏန်းလောက်ထိ သေဆုံးမူတွေရှိရတာကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ ကစပြီး ကြက်အသေ အများအပြား ဖြစ်နေတဲ့ကြက်မွေးမြူခြံပိုင်ရှင် ၆ ဦးတို့ရဲ့ကြက်ခြံတွေက ကြက်သားနဲ့ ကြက်ဥတွေ ရောင်းချခြင်းမပြုဖို့ မြို့နယ်စည်ပင်သာယာက ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
တဆက်ထဲမှာပဲ ရာသီလိုက် တုပ်ကွေးရောပိုးတမျိုးဖြစ်တဲ့ H2N2 လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ရောဂါပိုး အမျိုးအစားတခုလည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးဌာန အရာရှိတွေက ပြောပါတယ်။
အခုလို ရာသီအလိုက် ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဦးစီးဌာနက ချင်းပြည်နယ် အပါအဝင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကို အထူးစောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5