ရှမ်းမြောက်မှာ မြန်မာတပ်အင်အား တိုးချဲ့

မြန်မာတပ်အင်အား တိုးချဲ့နေသည့်နေရာ (Photo- Myanmar Minister of defence office )

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က အခုရက်ပိုင်းအတွင်း တပ်အင်အား အလုံးအရင်း နဲ့ တိုးချဲ့နေရာယူလာတာမို့ တိုက်ပွဲ တွေ တကျော့ပြန် ပြင်းထန် လာမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရတပ်ဘက်က တပ်အင်အား တိုးချဲ့ပြီး ထိုးစစ်အရှိန်မြင့်လာရင် တိုက်ပွဲတွေ ပြန်ဖြစ်လာ နိုင်တဲ့ အလားအလာရှိတယ်လို့ တအာင်း- ပလောင်တပ်ဖွဲ့က တာဝန်ရှိသူကပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

TNLA တအာင်း-ပလောင်တပ်ဖွဲ့နဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ တို့ အ ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက်ပိုင်း အစိုးရစစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်စတဲ့ ဒေသတွေမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ လောက်က စပြီး တပ်အင်အားတိုးချဲ့ စေလွှတ်နေတာပါ။

မြန်မာစစ်တပ်ဘက်က တပ်အင်အား တိုးချဲ့ပြီး ထိုးစစ်အရှိန်မြင့်လာရင် တိုက်ပွဲတွေ ပြန်ဖြစ် လာနိုင်တဲ့ အနေအထားနဲ့ ပတ်သက်လို့ TNLA ခေါ် တအာင်း- ပလောင်တပ်ဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးမိုင်အိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီနေ့အထိလောက်ကတော့ ကျနော်တို့ ဒီမှာက တိုက်ပွဲက ပိုပြီးပြင်းထန်တယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က ဒီ လက်ရှိငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ဟာကို အဟန့်အတားမဖြစ်အောင်ပေါ့နော် အတက်နိုင်ဆုံးကရှောင်တယ်။ ရှောင်လို့မရရင်တော့ မလွဲမသာ မရှောင်ရင်တော့ ကျနော်တို့ တိုက်ပွဲ တော့ဖြစ်ရမယ်။ ဒီလိုရှောင်ပေမယ့်လည်း ဒီလောက်ထိုးစစ်ကတော့ ကျနော်တို့ထင်ထားတာထက် ဘယ်လိုမှ ရှောင်လို့ရမှာမဟုတ်ဘူး။ ဒီကြားကာလမှာတင် ကျနော်ထင်တာကတော့ အစိုးရက အင်အားသုံးပြီးတော့ဖြေရှင်းတာဟာ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ဘူး။ အစိုးရအကူးအပြောင်းမှာ တိုက်ပွဲမဖြစ်ဖြစ်အောင်ဖန်တီးနေတယ်လို့ မြင်တယ်ပေါ့။”

အခုရက်ပိုင်းမှာတော့ အစိုးရတပ်နဲ့ရော၊ RCSS/SSA ရှမ်းပြည်နယ် တောင်ပိုင်း တပ်နဲ့ပါ တိုက် ပွဲဖြစ်ပွားတာတော့မရှိသေးဘူးလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်ကို အာဏာမလွှဲပြောင်းခင် ကြားကာလမှာ စစ်ပွဲတွေ ပိုပြီးပြင်းထန်အောင်၊ လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှု ပျက်ပြားအောင် ဖန် တီးနေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေရော၊ ပြည်သူတွေပါ သတိရှိကြဖို့ TNLA တအာင်း-ပလောင်တပ်ဖွဲ့ က မြန်မာစစ်တပ်ရဲ့ တပ်အင်အား အဆမတန်တိုးချဲ့လာတာနဲ့ ပတ်သက် လို့ မတ်လ ၁ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းဒေသတဝိုက်မှာတော့ မြန်မာစစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာ တွေ့ မြင်ရပြီး တိုက်ပွဲတွေပြန်ဖြစ်ရင် ဒုက္ခသည်တွေ ပိုများလာမှာကို စိုးရိမ်တယ်လို့ နမ့်ခမ်း မြို့ နယ်က ဒေသခံ တာမြင့်ကျော်က ပြောပါတယ်။

“လူထုကတော့ တောင်ပေါ်ကကျေးရွာတွေ နည်းနည်းတော့ စိုးရိမ်စိတ်ရှိတာပေါ့ဗျာ။ တိုက်ပွဲဖြစ်မှာလည်း စိုးတာပေါ့။ အခုလည်း ကျနော်တို့ဆီမှာ စစ်ဘေးရှောင် ဒုက္ခသည်က ကချင်ပြည်နယ်ကရော ၊ ရှမ်းပြည်နယ်က နမ့်ခမ်းမြို့နယ်ကရော ၂၀၀၀ ကျော်ရှိနေပြီကို။ အဲလိုနောက်ထပ် တိုက်ပွဲတွေဖြစ်လာရင်တော့ ဒုက္ခသည်တွေပိုများလာမှာကို ကျနော်တို့ စိုးရိမ်တယ်။”

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေပဲ နစ်နာတာမို့ ထိုးစစ်ဆင်တာမျိုးတွေ မဖြစ်သင့်တော့ ဘူးလို့ တာမြင့်ကျော်က အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့မြင်တာကတော့ ဒီလို ထိုးစစ်ဆင်တာကတော့ မဖြစ်သင့်တော့ဘူးပေါ့ဗျာ။ ကျနော်တို့ဒီ လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ရမယ်လေ။ တိုက်ပွဲဖြစ်ရင် ကိုယ့်ပြည်သူလူထုကိုပဲ နစ်နာတာကို ၊ ကျနော်တို့ တိုင်းပြည်ပဲ နစ်နာမှာ။”

ဒေသခံ ပြည်သူတွေကို အဓိကထိခိုက်နစ်နာစေတဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေအပြင် လက်နက်ကိုင် အဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက မတ်လ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုကို ဦးတည်နိုင်ဖို့ အဖွဲ့အစည်းအားလုံး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလအတွင်း ရှမ်းတပ်ဖွဲ့နဲ့ ပလောင်တပ်ဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၅ထောင် ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။