ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်

ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကြားက ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အပြီးမှာ ဘဏ်အပ်ငွေတွေကို ပြန်ထုတ်ပြီး ရွှေဝယ်သူ များလာတာကြောင့် ပြည်တွင်းရွှေဈေးလည်း တရိပ်ရိပ် တက်လာပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ မန္တလေးဈေးကွက် အခြေအနေမှာတော့ ကွာခြားမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မစုစုက မေးမြန်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ပြည်တွင်းရွှေဈေးနှုန်း စံချိန် တင်မြင့်တက်လာပါတယ်။ ပြည်တွင်းက ရွှေဈေးမြင့်တက်လာတာက ကမ္ဘာ့ရွှေဈေးတက်တာကြောင့်ဖြစ်သလို၊ ဘဏ်နဲ့လုပ်ငန်းရှင်တွေကြားက လတ်တလောဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဘဏ်ကနေငွေထုတ်ပြီး ရွှေဝယ်သူ မြင့်တက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ ရွှေဈေးတွေ ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးကလည်း ဈေးကွက် လေ့လာတာမျိုးတွေ ရှိတယ်လို့ သူက အခုလို ပြောပါတယ်။

"တောက်လျှောက်ပဲ အဲဒီမှာ ကြီးကြပ်ရေးလည်း ရှိပါတယ်၊ ပြည်ထဲရေးက ပုဂ္ဂိုလ်တွေရော အကုန်လုံး ဒီမှာဝိုင်းဝန်းပြီးတော့ ထိန်းနေတာပဲလေ။ အသင်းမှာထိန်းလို့ ရပါတယ်။ အသင်းမှာကတော့ အသင်းသူ၊ အသင်းသားတွေနဲ့က ဘာမှ ပြဿနာမရှိဘူး။ အပြင်ကဈေးကွက်ကြီးကျတော့ ရွှေဈေးကွက်ကြီးက တအား ကျယ်တယ်။ ကျယ်တဲ့ အခါကျတော့ အပြင်မှာကျတော့ ထိန်းလို့ မရဘူး။ ဥပမာ မန္တလေးလိုဟာမျိုး၊ မော်လမြိုင်လို ဟာမျိုး၊ မုံရွာလိုဟာမျိုး၊ တမူးလိုဟာမျိုးပေါ့။ အဲလိုနေရာတွေကျတော့ ကျတော်တို့ NGO အဖွဲ့အစည်းတွေ အနေနဲ့ကျတော့ လက်လှမ်းမမီ ဘူးပေါ့။ ကိုယ့်အသင်းသူ၊ အသင်းသားကိုတော့ ထိန်းလို့ရတယ်။ ကျနော်တို့ အသင်းက ဝယ်သွားတယ်။ အပြင်ကဆိုင်သမားက အပြင်မှာ သူ့ဟာသူထပ်ပြီးတော့ ဈေးတင်ရောင်းနေတယ်။ အဲဒါတွေလည်းပါတယ်ပေါ့။ အဲဒါတွေကျတော့သွားတားလို့ မရဘူး။"

မူဆယ်ဘက်လမ်းကြောင်းက ကုန်ကြမ်းအဝင်နည်းပြီး ဝယ်သူများလာတာကြောင့်လည်း ပြည်တွင်းရွှေဈေး တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ရွှေဝယ်သူတွေများနေပေမယ့် မန္တလေးရွှေဈေးကွက်မှာ ဝယ်သူထက်ရောင်းသူက ပိုများနေတယ်လို့ အောင်သမာဓိ ရွှေဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးမော်ကပြောပါတယ်။

"ဒီရွှေဈေးတက်ရင် ကျတော်တို့ ဒီရွှေလောကရဲ့ထုံးစံကိုက ဝယ်တဲ့လူနဲ့ ရောင်းတဲ့လူ၊ ပြန်ရောင်းတဲ့လူက များသွားပြီ။ ဒီအထည်ကို ပြောတာနော်၊ အထည်ကိုပြောတာနော်၊ ရွှေထည်ပစ္စည်းကိုပြောတာ။"

ပြည်တွင်းကရွှေဈေးကွက်မှာ ရွှေထည်ဝယ်ပြီး ဈေးတက်တဲ့အခါပြန်ရောင်းတဲ့သူတွေ ရှိသလို၊ ငွေအစား ရွှေတုံးစုတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရွှေရောင်းလိုအားနဲ့ ဝယ်လိုအားမမျှတာကလည်း ရွှေဈေးတက်ရတဲ့ အကြောင်းရင်းထဲပါနေတဲ့အတွက် ရွှေကို တကယ်မလိုရင် မဝယ်ကြဖို့ အောင်သမာဓိရွှေဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးမော်က ပြောပါတယ်။

"လူတွေက အခုဟာကြောက်လန့်ပြီးတော့မှ ရန်ကုန်မှာဆိုအခု အဲဒီဘဏ်ကပိုက်ဆံတွေထုတ်ပြီး ဝယ်တယ်ဆိုတော့ အလကား ဒီဝယ်တဲ့လူ Demand (ဝယ်လိုအား) များလို့ရှိရင်၊ Supply (ရောင်းလိုအား) မှ မရှိလို့ရှိရင် ဈေးက အလိုလိုတက်မှာပဲလေ။ အဲတော့ ရွှေကို တကယ်မလိုအပ်ဘဲနဲ့ ရွှေဝယ်တဲ့ လူများနေလို့ရှိရင် မတက်သင့်ဘဲနဲ့ ဈေးက တက်နေမှာပဲလေ။ အဲတော့ ရွှေမလိုလို့ ရှိရင်မဝယ်ကြပါနဲ့။ ဒါပဲပြောချင်တယ်။"

ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ပြည်တွင်းရွှေဈေး ၁၃ သိန်းကျော်အထိ မြင့်တက်လာနေပြီး ကမ္ဘာ့ရွှေဈေး ၁,၅၄၈ ဒေါ်လာ အထိမြင့်တက်လာပါတယ်။ ပြည်တွင်းကရွှေဈေးနှုန်းကို ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းဒေါ်လာပေါက်ဈေးကိုမြှောက်၊ ၁.၈၇၅ နဲ့ စားပြီး အကြမ်းဖျဉ်း စံနှုန်းဈေး တခုကို သတ်မှတ်တာပါ။ အဲဒီအပေါ် ဝယ်လိုအားများလာရင် ဈေးကလည်း ပိုတိုးတက်သွားတယ်လို့ ပြည်တွင်းရွှေဈေး တွက်ချက်မှုကို သိရပါတယ်။

Your browser doesn’t support HTML5

ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်