စစ်အာဏာသိမ်းပြီးချိန်ကစပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမူတွေမှာ နက်နက်ရှိုင်းရှိုင်းပါဝင်သူတွေကလွဲရင်ကျန်တဲ့ အစိုးရဝန်ထမ်းတွေ အလွှာအသီးသီးက ပြည်သူတွေအနေနဲ့ ပြန်လာချင်ရင်ဆက်သွယ်ဖို့အတွက် စစ်ကောင်စီက ကြေငြာခဲ့သလို၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကလည်း သူတို့ကို ဆက်သွယ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ဒီအပေါ် ထိုင်းနိုင်ငံဘက်ရောက်နေကြတဲ့ CDM လုပ်သူတွေ ဘယ်လို တုံ့ပြန်နေပါသလဲ။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအပါအဝင် ထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်နေသူတွေကို အထူးသက်ညှာစွာ ဖြေလျော့ပေးပြီးနေရပ်ပြန်နိုင်ကြောင်း စစ်ကောင်စီက ကြေငြာချက်ထုတ်ပြန်ပြီး ပြည်လည်ခေါ်ယူနေပါတယ်။ မြန်မာနိုင်ငံကနေ စိုးရိမ်စိတ်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာတွေ၊ အတတ်ပညာရှင်တွေ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေအနေနဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ နေရပ်ကို ပြန်ချင်တယ်ဆိုရင် သံရုံးကို ဆက်သွယ်ဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးကလည်း အသိပေးစာ ထုန်ပြန်ခဲ့ပါတယ်။ ကိုယ့်ခံယူချက်အရ CDM လုပ်ခဲ့တာဖြစ်ပြီး လှုံဆော်မူတွေကြောင့် ထွက်လာတာမဟုတ်ဘူးလို့လောလောဆယ် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အဆင့်မြင့်ပညာရေးဦးစီးဌာနက CDM ဆရာမတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
"တခြားအဖွဲ့အတွေ CRPH တို့NUG တို့လှှုံ့ဆော်မှုကြာင့်လည်းလုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်မတို့ကဒါတွေမပေါ်ခင် ဖေဖေါ်ဝါရီလ ၁ရက်နေ့အာဏာသိမ်းတဲ့အချိန်ကစပြီး ကျွန်မတို့က ဓမ္မဘက်မှာရပ်တည်ပြီးတော့ အမှန်တရားအတွက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်သူအတွက်နဲ့မှ လုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့အထူးသက်ညှာစွာဖြေလျော့ပေးမယ် အခက်အခဲတွေကြုံလို့ပြန်လာချင်ရင်လာဆိုတာကို ကျွန်မတို့ကအယုံအကြည်မရှိဘူး။"
အခြေခံပညာဦးစီးဌာနက CDM ဆရာမတဦးကလည်း သူတို့အပေါ် ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲထားသလဲဆိုတာ အတိအကျ မသိကြရတဲ့အတွက် စစ်ကောင်စီရဲ့ဖြေလျော့မှုကို ယုံကြည်စရာမရှိဘူးလို့ ပြောပါတယ်။
"သူတို့က ပြစ်ဒဏ်ကို ပုဒ်မတင်ထားတာဆိုရင် ကျမတို့ကို ၅၀၅ဆိုပြီး ထုတ်ထားတယ်။ နောက်ပိုင်းပုဒ်မတွေဆို တရားဝင်မထုတ်ထားဘူး လျှောပေါ့ဆိုရင်လည်း ကျွန်မတို့ကို ပြန်ဝင်မယ်ဆိုရင် ၅၀၅တခုထဲကိုလျှော့ပေါ့ပြီး နောက်ကစွဲထားတဲ့ပုဒ်မတွေနဲ့ ထပ်စွဲပြီးထောင်ချမှာပဲသူတို့ကဘာမှ ပွင့်လင်းမူ့မရှိဘူး။ ဆိုတော့ ဝင်မယ့်သူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်"
တက်ကြွလှုပ်ရှားသူတဦးကလည်း သူကိုယ်တိုင်တနေ့တည်းမှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ပြီး ညဘက်မှာပြန်ဖမ်းခံရတာကိုကြုံရတာကြောင့် ဒီလိုအဖြစ်မျိုးတွေ ထပ်ကြုံမှာကိုစိုးတယ်လို့ အခုလိုပြောပါတယ်။
"အရင်တုန်းက ကျွန်တော်ကိုယ်တိုင်ပဲခူးထောင်မှာထောင်ကျဘူးတယ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးတယ်။ ညကျတော့ အိမ်မှာလာပြန်ဖမ်းတော့ ၅၀၅နဲ့ဖြေလျှော့ပေးပြီး တခြားပုဒ်မနဲ့ ပြန်လာဖမ်းတယ်။ အဲဒီတော့ ၅၀၅ကိုဖြေလျှော့ပြီး တခြားပုဒ်မတွေနဲ့လာပြန်ဖမ်းမှာပဲ"
အလားတူ တက်ကြွလှုပ်ရှားမူတွေကြောင့်အဖမ်းဆီးခံရသူတွေရှိသလို အိမ်တွေမီးရှို ခံရတာ ချိတ်ပိတ်ခံရတာတွေ မိသားစုဝင်တဦးဦးက စစ်ကောင်စီဆန့်ကျင်ရေးမှာ ပါဝင်တာကြောင့် မိသားစုလိုက်ထွက်ပြေးလာရသူတွေလည်း ထိုင်းနယ်စပ်မှာရှိနေပါတယ်။ ဒီလူတွေဟာလည်း နေရပ်ပြန်ဖို့ဆိုတာတွေကို ထိတ်လန့်နေကြတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
"ရက်စက်မှု အပေါင်းသရဖူးဆောင်းတဲ့အစိုးရလက်အောက်ကို သူတို့ဘဝတခုလုံး ခနာကိုယ်တွေဆုံးရှုံးခံပြီးပြန်ကြမှာမဟုတ်ဘူး ထောင်လည်းကျသွားနိုင်တယ်"
အကြောင်းအမျိုးမျိုးနဲ့ နေရာစုံရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက ပြန်ခေါ်နေပေမယ့် အများစုကတော့နေရပ်ပြန်ဖို့ စိုးရိမ်စိတ်ရှိနေကြပါတယ်။ ထိုင်း မြန်မာနယ်စပ်မှာ နေထိုင်ရပ်တည်ရေးခက်ခဲနေကြပေမယ့် အသက်ဘေးနဲ့ရင်းပြီးနေရပ်ပြန်ဖို့ကတော့ မဖြစ်နိုင်ကြဘူးလို့လည်း ထွက်ပြေးလာသူတွေကပြောဆိုကြပါတယ်။
Your browser doesn’t support HTML5