"ဗဟိုဘဏ်ကြုံနေရတဲ့ ငွေလဲနှုန်း ပြဿနာ အပေါ်အမြင်တချို့"
မြန်မာငွေကြေး ဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေးနှုန်းထက် အတော်မြင့်တက်နေပါ တယ်။ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပေမယ့် ၂၉၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးဖြစ်နေပြီး ခုတပတ်ထဲမှာပဲ ၃၀၀၀ ကျပ်အထိ တက်လာပါတယ်။
ဒေါ်လာ ဈေးကစားသူတွေကို အရေးယူမှာဖြစ်ကြောင်း ဗဟိုဘဏ်က သောကြာနေ့မှာ နောက်တကြိမ်ထပ်ပြီး သတိပေး လိုက်ပါတယ်။ ဘာကြောင့် သတိပေးရတာပါလဲ။ လက်ရှိကြုံနေရတဲ့ ငွေလဲနှုန်းပြဿနာရဲ့ အခြေခံအကြောင်းက ဘာပါလဲ။ ပြည်တွင်းစီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ စီးပွါးရေးပညာရှင်တွေရဲ့ အမြင်ကိုသိရအောင်ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
##
ဘာကြောင့်အခုလို ထုတ်ပြန်သတိပေးခဲ့ရတာလဲဆိုတာကို အမည်မဖေါ်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးက-
“ ကျနော်တို့ကျပ်ငွေနဲ့ဒေါ်လာလဲတဲ့အချိန်မှာသူတို့မလိုချင်တဲ့၊ မလိုလားအပ်ဘူးထင်တဲ့အပြောင်းအလဲတခုရှိနေတာကို သတိပြုမိတဲ့အတွက်ကြောင့်၊ သတိပေးထုတ်ပြန်တယ်လို့ယူဆပါတယ်။ အထူးသဖြင့်ကတော့ ဒီကနေ့တရက်နှစ်ရက် အတွင်းမှာ ကျပ်ငွေဒေါ်လာ အပြောင်းအလဲကတော့ ငွေလဲနှုန်းတအားကြီးကိုမြင့်တက်သွားတဲ့အခြေအနေ ပေါ်မူတည်ပြီးတော့ ပြန်လည်ထိန်းကြောင်းဖို့အတွက်ကို ကျိုးစားခြင်းတခုလို့ တော့ယူဆရတာပေါ့လေ”
ဒါ့အပြင် အခုလိုသတင်ပေးရတဲ့အကြောင်းအရင်း ဖြစ်နိုင်ပုံကိုလည်း အမည်မဖေါ်လိုတဲ့ပြည်တွင်းစီးပွားရေးလေ့လာသူ တဦးကပြောဆိုရာမှာ-
“ သူတို့ထုတ်ပြန်ချက်အရရော ဈေးကွက်ကအခြေအနေအရရော အခုကတော့ ဗဟိုဘဏ်ရဲ့သတ်မှတ်ဈေးတက်မယ်ဆို တဲ့ကောလဟာလပေါ့။ ၂၈၀၀ ဖြစ်မယ်ဆိုတဲ့ကောလဟာလကို ညွှန်းတယ်၊ နောက်ပြီးတော့ဗဟိုဘဏ်က နိုင်ငံခြားငွေ လိုအပ်ချက်များလာတာ၊ ဝယ်လာတာများလာတာကိုလည်းသူတို့သိပုံရတယ်။ ဒါကသူတို့ဘက်ကအမြင်ပေါ့။ အပြင်ဈေးမှာဈေးမတက်စေ့ချင်ဘူး၊ ကျနော်တို့အတွင်းသတင်းအရ ၂၉၀၀ ထက်မကျော်စေ့ချင်ဘူး၊ ၂၉၀၀ အောက် မှာဘဲရှိရမယ်ဆိုတဲ့မူဝါဒ သက်ဆိုင်ရာတွေမှာ၊ အစိုးရနဲ့ဗဟိုဘဏ်မှာရှိတယ်။”
ဒီနေရာမှာအခုလိုသတိပေးတာအပြင် ဗဟိုဘဏ်ရဲ့ထုတ်ပြန်ထဲဒေါ်လာတိုးရောင်းဖို့လည်းပါခဲ့တာအပေါ် ပြည်ပရောက် စီးပွားရေးပညာရှင်ဦးစိန်ဌေးက
“ တကယ်တမ်းသာ ထုတ်ရောင်းမယ်ဆိုရင်ဘာမှဒီအရေးယူမယ်ဆိုတဲ့စာကြီးကထုတ်ပြန်စရာမလိုဘူး။ ဘာကြောင့်ဒါကို ကျနော်ပြောလဲဆိုရင်၊ နိုင်ငံတနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်တဲ့နိုင်ငံလိုဘဲပြောပြော၊ တိတိကျကျပြောရင် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ပြောမယ်ဆိုရင်၊ Floating Exchage Rate (ဈေးကွက်အလိုအတိုင်းလိုက်ပါတဲ့ ငွေလဲနှုန်း) နည်းလမ်းကိုကျင့်သုံးတဲ့ နိုင်ငံတွေဆိုရင်၊ ဦးသိန်းစိန်လက်ထက်တုန်းကနဲနဲအစပျိုးတယ်ဗျာ၊ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ မှာတုန်းကလည်းသွားခဲ့တယ်လေ၊ အားလုံးမှတ်မိမှာပါ၊ ဒါတွေထုတ်လည်းမထုတ်ပြန်တော့ဘူး၊ Floating Exchange Rate လို့ခေါ်တဲ့ဈေးကွက်ယန္တယားက ကိုင်သွားတဲ့နည်းသုံးရင်ဒါတွေကမလိုတော့ဘူး၊ အခုက အဲလိုမဟုတ်တော့၊ အခုထုတ်ပြန်ပြီဆိုကတည်းက နိုင်ငံခြားငွေရှားပါးလာလို့ အရေးယူမယ်ဆိုတာကို ထုတ်ပြန်ရတာ။”
အခုလိုအချိန်မှာလက်ရှိငွေလဲနှုန်းအနေအထားကိုလည်း စီးပွားရေးလုပ်ငန်းရှင်က-
“ အခုနောက်ဆုံးဈေးကွက်ထဲမှာက အရောင်းအဝယ်ကရပ်သလောက်ဖြစ်သွားပြီပေါ့၊ ဒါပေမယ့် လက်ရှိတကယ်တမ်း မရှိမဖြစ်ဝယ်ယူနေရသူတွေအားလုံးက ၃၀၀၀ နားကိုကပ်သွားပြီဆိုတဲ့သဘောဖြစ်နေတယ်၊ ၂၉၅၀ နဲ့ ၃၀၀၀ ကြားပေါ့။ ကြိုက်ရောင်း၊ ကြိုက်ဝယ်သဘောမျိုးဖြစ်နေတယ်ဗျ။ အခု Air Line (လေကြောင်းလိုင်း) တွေကတရားဝင်ကြေငြာချက် ထုတ်လာပြီလေ၊ အရင်က ၂၇၈၀ နဲ့ လုပ်ပေးပါဆိုတာမျိုးပြောခဲ့တာ၊ အခု ၂၈၉၀ လားမသိဘူး၊ လဲပေးပါဆိုပြီးတော့ MMA (မြန်မာလေ ကြောင်းလိုင်း) ကတောင်းဆိုတဲ့၊ တရားဝင်ကြေငြာချက်ထွက်လာတယ်။ ဒါပေမယ့်တကယ်တမ်းက ကျနော်တို့၊ အပြင်မှာဝယ်ရင်တော့၊ ခရက်တစ်ကဒ်နဲ့ဝယ်ရင်တော့ ၃၁၀၀ နဲ့ရှင်းပေးရပါတယ်။”
ဒါ့အပြင် ဒီငွေလဲနှုန်းပြဿနာရဲ့တကယ့်အခြေခံအကြောင်းအရင်းပြဿနာကို စီးပွားရေးလေ့လာသူက-
“ တိုင်းပြည်မှာက ဒီနိုင်ငံခြားငွေလိုချင်လို့၊ အထွက်တွေပေါ့၊ ဒီသွင်းကုန်အတွက်ကုန်ကျမယ့်ဟာတွေကိုကြပ်ထားတာ ကြာပီလေ၊ နောက်ပြီးတော့ စည်းကမ်းစည်းမျဉ်းတွေနင်းထုတ်၊ အဲဒိစည်းကမ်းစည်းမျဉ်းတွေကိုလည်း စနစ်တကျ ထိန်းကြောင်းသွားနေတာမရှိဘဲနဲ့၊ လိုရင်လိုသလိုသွားနေတဲ့အခြေအနေတွေရှိနေတာကို၊ ဆိုလိုတာက ဒီထိန်းကြောင်း တဲ့လမ်းကြောင်းက ပျက်နေပြီပေါ့နော်၊ မလိုအပ်တဲ့ထိန်းကြောင်းမှုတွေကြောင့် ဈေးကွက်ကျဆင်းနေတယ်၊ ပျက်နေ တယ်ဆိုတော့၊ ဒီနိုင်ငံခြားငွေလိုတယ်တာကပိုပြီးတော့များလာမယ်၊ ဈေးတက်လာမယ်၊ လာမယ်ဆိုတဲ့အခြေအနေက အရင်ကတည်းကရှိပြီးသားပါ။ အလားတူဘဲအခြားကုန်ဈေးနှုန်းတွေတက်တယ်၊ ရွှေဈေးတွေတက်တယ်။ ဆိုတော့ဒါစီးပွားရေးကျဆင်းမှုအပြင် အခြားနိုင်ငံရေးလူမှုရေး၊ မတည်ငြိမ်တာတွေ ယိုယွင်းပျက်စီးတာ ကြောင့်ဖြစ် လာတဲ့ရလဒ်ဘဲ၊”
ဒါပေမယ့် အခုရုတ်တရက်ကြီးဒေါ်လာငွေလဲနှုန်းထိုးတက်သွားတာဖြစ်နိုင်ပုံကို လည်းစီးပွားရေးလုပ်ငန်းရှင်က-
“ အဓိကကတော့ ပုံမှန်အတိုင်းဆိုရင်တော့ အားလုံးကတော့တက်နေတယ်ဗျ။ ဒီ Trade balance (ကုန်သွယ်ရေးတန် ဘိုးညီမျှမှု)မှာ Import and Export (သွင်းကုန်-ထုတ်ကုန်) မှာ ဒေါ်လာအဝင်နဲ့အထွက်မှာ၊ အထွက်များပြီးတော့ တိုင်းပြည်ရဲ့ Trade balance ကမညီမျှဖြစ်နေတဲ့အခြေအနေမှာဆိုရင်ပေါ့၊ ထုံစံအတိုင်းဘတ်ဂျက်လိုအပ်ချက်ရှိတယ် ဆိုရင်တော့၊ ထုံစံအတိုင်းတက်ကိုတက်ရမှာဘဲလေ။ အသုံးကများတယ်၊ အဝင်ကနည်းတယ်ပေါ့နော်၊ အဲဒိနောက် ဆက်တွဲတွေကဘယ်မှာသိသာသွားလဲဆိုတော့၊ ကျနော်တို့ရွှေဈေးတက်တယ်၊ မြေဈေးတက်တယ်၊ မော်တော်ကားဈေးတွေတက်တယ်၊ အကုန်တောက်လျောက်တက်နေတာ၊ အကုန်ထိန်းလို့မရတဲ့သဘောပေါ့နော်၊ ဒါပေမယ့်ဒေါ်လာကကျတော့ တောက်လျောက်ကန့်သန့်ထားပြီးတော့သွားနေတာ၊ အရမ်းတင်းတင်းကြပ်ကြပ်ကိုထိန်း ကြောင်းထားတဲ့အတွက်ကြောင့်မလို့ တက်လို့မရလောက်အောင်၊ ထုံစံအတိုင်း တက်တယ်ဆိုရင်သတိပေးတယ်၊ သက်ဆိုင်ရာလူတွေကိုသတိပေးတယ်။ ညွှန်ကြားချက်တွေထုတ်တယ်၊ မျိုးစုံနဲ့ထိန်းတယ်ဆိုတော့၊ ဒေါ်လာတခုထဲကို အတင်းဖိထားတာဆိုတော့ တနေရာထဲမှာရပ်တန့်နေပြီးတော့၊ အခုထိန်းမရ တော့တဲ့အခြေအနေမျိုးမှာ ရုတ်တရက်ကြီး ပေါက်ထွက်သွားတဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့။”
အဲဒိတော့ ဒီပြဿာနာကိုဖြေရှင်းဖို့နဲ့ရှေ့ဆက်ဖြစ်လာနိုင်ခြေကိုလည်း ဦးစိန်ဌေးက-
“ လက်ရှိဒေါ်လာတင်မကဘူး၊ နိုင်ငံခြားအရံငွေနည်းလာတဲ့အခါ၊ သူတို့ဘာတွေလုပ်လာဆိုတော့ စားသုံးကုန်တွေ၊ ပြည်ပကသွင်းတာတွေကိုဒေါ်လာအစားယွမ်ကိုသုံးမယ်၊ ဘတ်ကိုသုံးမယ်ဆိုရင်၊ လိုင်စင်မြန်မြန်ချပေး၊ ဒါတွေ တရားဝင်တွေထုတ်ပြန်နေတယ်လေ၊ ဒါတွေလုပ်လာတဲ့အချက်ကိုကြည့်ခြင်းအားဖြင့်၊ သူတို့မှာနိုင်ငံခြားငွေရှားနေပြီ၊ ဘာကြောင့်လည်းဒါက နိုင်ငံခြားကိုတင်ပို့တဲ့ကုန်စည်တွေရဲ့ဝင်ငွေကနည်းလာလို့ဘဲ၊ နည်းလာတော့ပြန်ကြည့်ပါ၊ သွင်းကုန်နဲ့ပို့ကုန် မှာသွင်းကုန်တွေလျော့ချတော့ ဘာဖြစ်လာလဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ကုန်စည်တွေ ဈေးနှုန်း တွေတက်ကုန်တာပေါ့၊ တဘက်မှာပိုဆိုးတာက သူတို့မှာစစ်စားရိတ်ကြီးတယ်၊ ဟိုတနေ့ကဘဲ စစ်စားရိတ်အတွက် ဒီအာဏာသိမ်းပြီးမှာ ၁ ဘီလီယံရှိတယ်၊ ဒါ UN ကထုတ်ပြန်တယ်လေ၊ တဘက်ကပို့ကုန်ကနည်းတဲ့အခါမှာ အဲဒိအကျိုးဆက်က ကြာလေကြာလေပိုဆိုးလေဖြစ်လာတော့၊ တိုင်းပြည်ရဲ့စီးပွားရေး ဟာပိုပြီးနစ်သထက်နစ်လာပြီး၊ ပြည်သူလူထုခံစားရတဲ့ ပြဿနာတွေကပိုကြီးတော့မှာပေါ့၊”
တကယ်တော့ လက်ရှိများလာတဲ့ နိုင်ငံခြားခရီးထွက်သူတွေနဲ့ ပိုလိုလာတဲ့လောင်စာ ဆီတင်သွင်း သူတွေဒေါ်လာပိုလိုတာ ကြောင့်အခုလိုဖြစ်ခဲ့ပုံရတယ်လို့လည်း တချို့သုံးသပ်သူတွေကဆိုပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5