စစ်ကောင်စီ နိုင်ငံတကာဆက်ဆံရေး မြန်မာ့စီးပွားရေးရိုက်ခတ်

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တခု။ (စက်တင်ဘာ ၁၈၊ ၂၀၁၅။)

(Zawgyi / Unicode)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာစစ်ကောင်စီဟာ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ တဖြည်းဖြည်း အလှမ်းဝေးလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကလည်း တိုးလာနေပြီး ဒီအခြေအနေက မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်တယ်လို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဖေဖော်ဝါရီလ ၁၇ ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကတော့ မြန်မာနိုင်ငံမပါဘဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေ၊ တိုက်တွန်းမှုတွေကို လျစ်လျူရှုထားတဲ့ စစ်ကောင်စီအပေါ် အာဆီယံလို ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုက သိပ်မကောင်းလှပါဘူး။

မြန်မာအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့ရဲ့ အရေးကြီး အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ကြားတော့တာဟာ သံတမန်ဆက်ဆံရေးမှာ ကျရှုံးတာဖြစ်သလို တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပညာရှင်တွေ မြင်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာပြည်တွင်းမှာ တရုတ်လောက် များများစားစား မရှိပေမယ့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့အမြင်မှာ ပုံရိပ်ကျဆင်းမှုက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာရပါတယ်။

ထင်ရှားတဲ့ဥပမာကို ပေးရမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့တာ၊ အထည်ချုပ်လုပ်ငန်းတွေ အပ်ထည်အဝင်နည်းသွားတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အလျင်စလို ထွက်ကုန်တာ၊ မြန်မာလုပ်သား ခေါ်ယူမှုတွေကို လျှော့ချလိုက်တာ၊ ကျောင်းသားဗီဇာ မပေးတော့တာ၊ INGO လို နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့လုပ်ငန်းတွေကို ချုံ့ပစ်လိုက်ရတာ စတဲ့ ကဏ္ဍအသီးသီးမှာ သက်ရောက်မှုတွေ ရှိခဲ့တာပါ။

မြန်မာနိုင်ငံဟာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါ။ မြန်မာ့ခရီးသွားလုပ်ငန်းက အခုအချိန်အထိ ပုံမှန်မဖြစ်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းရဲ့ ဥရောပခရီးသွား မြှင့်တင်ရေးအဖွဲ့က ဒေါ်ကေသွယ်စိုးက ပြောပါတယ်။

“တကယ်လို့ scheduled flight တွေ ပြန်ပြီးဆွဲရင်တောင်မှ (ပြည်ပကလာတဲ့) ခရီးသွားလုပ်ငန်း inbound tourism က အချိန်တွေအများကြီး ပေးရလိမ့်ဦးမယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသည် လာရောက်ဖို့က ဒေသတွင်း မငြိမ်းချမ်းတဲ့အခါမှာ safety ကအစ ဖြစ်နေတာပေါ့နော်။ အဲဒီတော့ ဒေသတွင်း မငြိမ်းချမ်းမှု၊ လုံခြုံမှုမရှိဘူးဆိုရင်တော့ ခရီးသွားက ဘယ်ခရီးသွားမှတော့ လာမှာမဟုတ်ဘူး။ အဲဒီအတွက်လည်း ခရီးတွေ ပြန်သွားလို့ရပါပြီ၊ tourist တွေကို welcome လုပ်ပါတယ်လို့ ပြောဖို့ရာ အချက်အလက်တွေ အများကြီး လိုပါဦးမယ်။ အချိန်တွေလည်း အများကြီး ယူရပါဦးမယ်လို့ ဒါကတော့ ကျမအမြင်ပါ။”

မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန် Mitsubishi ကုမ္ပဏီတွေက ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ထဲက သူတို့ရဲ့ ထည့်ဝင်ထားတဲ့ ဝေစုကို ပြန်ရုပ်သိမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ မကြာသေးခင်က အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron နဲ့ ပြင်သစ်က TOTAL ကုမ္ပဏီတို့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရုပ်သိမ်းအပြီး နောက်ဆက်တွဲ ဖြစ်လာတာပါ။

နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနောလည်း ပြည်တွင်းက သူ့လုပ်ငန်းတွေကို ရောင်းဖို့ ပြင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်တာလုံးကို ပြန်ကြည့်မယ်ဆိုရင် Mckinsey နဲ့ Coco-Cola ဟာ သူတို့ရဲ့ရုံးခန်းတွေကို မူလနေရာမှာ ထပ်မံမငှားရမ်းတော့သလို နော်ဝေကုမ္ပဏီ KPL ဟာ Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကနေ နုတ်ထွက်ခဲ့ပါတယ်။ LONDON နဲ့ Lucky Strike ကုမ္ပဏီတွေ လုပ်ငန်းရပ်ဆိုင်းသွားတာ၊ Shell Plc ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး လိုင်စင်သက်တမ်း မတိုးတော့တာ၊ ဩစတြေးလျ Woodside Petroleum၊ တောင်ကိုရီးယား POSCO၊ ပြင်သစ် Voltalia၊ ဂျာမန် Metro၊ ဂျပန် တာယာကုမ္ပဏီ Bridgestone နဲ့ ဩစတြေးလျရဲ့ Myanmar Metals တို့ ဆက်တိုက်ထွက်သွားတာတွေ ရှိခဲ့ပါတယ်။ စက်မှုဇုန်ထဲက တရုတ်အထည်ချုပ် လုပ်ငန်းတချို့လည်း ရပ်နားသွားပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၈ နှစ်တာအတွင်းမှာ အနိမ့်ဆုံးရောက်နေပြီး ၂၀၂၂ ထဲမှာ စီးပွားရေး ဆုတ်ယုတ်သွားနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၇ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး လုပ်နေချိန်မှာပဲ စစ်ကောင်စီနဲ့ စီးပွားရေး အကျိုးတူ ပူးပေါင်းတာတွေကို ရပ်တန့်ဖို့ အာဆီယံနိုင်ငံတွေကို နိုင်ငံရေးတက်ကြွတဲ့ အဖွဲ့တချို့က တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု၊ စစ်ကောင်စီနဲ့ ခပ်ခွာခွာနေလိုမှုက ပြည်တွင်းလုပ်ငန်းတွေ အတွက်တော့ အနည်းအများဆိုသလို အကျပ်အတည်း တွေ့နိုင်ပါတယ်။ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က သူ့အမြင်ကို ပြောပြပါတယ်။

“နိုင်ငံတကာ investment ပေါ့နော် အဲဒီအပေါ်မှာ international political economy အရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကုမ္ပဏီကြီးတွေ ထွက်သွားတယ်ဆိုတော့ image ကျတာပေါ့။ ဒုတိယအနေနဲ့ financial flow တွေပေါ့၊ မြန်မာနိုင်ငံက import/export အနေနဲ့ capital အရင်အနှီးတွေပေါ့၊ ဒေါ်လာရေစီးကြောင်းတွေ အဲဒါတွေ ကျပ်ခံရနိုင်တာတွေ ဖြစ်လာနိုင်တာပေါ့။ ၁၉၉၅ ပတ်ဝန်းကျင်လောက်ကဆို မြန်မာနိုင်ငံရဲ့ financial flow တွေအကုန်လုံး လိုက်ကျပ်ခံရတာတွေ ပုဂ္ဂလိက လုပ်ငန်းတွေရော အစိုးရရဲ့ financial တွေရော အကုန်လုံး ကျပ်ခံရတယ်။ အဲဒါတွေကျ မြန်မာလုပ်ငန်းရှင်တွေ ကြုံရမှာဖြစ်တဲ့အတွက် ဒါတွေကတော့ သဘောပြောရင်တော့ သီးခြားကိုင်တွယ်ပြီး သီးခြားဖြေရှင်းမယ်ဆို မဆိုးဘူးပေါ့။”

ယေဘုယအားဖြင့်တော့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အရင်းရှင် ခရိုနီစီးပွားရေးတွေထက် အခြေခံလူတန်းစားကို ထိခိုက်နိုင်ခြေ များတဲ့အတွက် ဒါကို ခွဲခွဲခြားခြား ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ သူက ဗွီအိုအေကို ပြောတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီး မကြာခင်မှာပဲ စင်ကာပူဗဟိုဘဏ်က မြန်မာ-စင်ကာပူအကြား ပြစ်မှုမြောက်နိုင်တဲ့ သံသယရှိဖွယ် ငွေအလွှဲအပြောင်းနဲ့ ငွေစီးဆင်းမှုတွေကို အထူးသတိထား စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ စင်ကာပူ ငွေကြေးဆိုင်ရာ စီမံအုပ်ချုပ်မှုအဖွဲ့က MAS ကလည်း ငွေကြေးအန္တရာယ် ကာကွယ်ရေးတွေ ခိုင်ခိုင်မာမာလုပ်ဖို့၊ ဖြစ်လာနိုင်တဲ့ ငွေကြေးခဝါချမှုတွေကိုပါ သတိထားစောင့်ကြည့်ဖို့ သတိပေးခဲ့တာပါ။

မြန်မာလုပ်ငန်းတွေကို ငွေကြေးဆိုင်ရာ ကြပ်မတ်မှုတွေ စင်ကာပူဘက်က ပိုလုပ်လာပေမယ့် လက်ရှိအထိတော့ နှစ်နိုင်ငံအကြား ငွေကြေးလည်ပတ်မှုက ရပ်တန့်မသွားသေးပါဘူး။ ဒါပေမယ့် ပြည်ပနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ အကျပ်အတည်းရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိကတော့ သွားတော့ သွားနေပါတယ်။ တခုတော့ရှိတယ် သူက အရင်ကထက်စာရင် အထူးသဖြင့် anti money laundry နဲ့ပတ်သက်တဲ့ စိစစ်မှုတော့ ပိုပြီးများလာတာရှိတယ်။ ဒါပေမယ့်လည်း လုံးဝကြီး ရပ်တန့်သွားတာမျိုးတော့ မရှိသေးပါဘူး။ အခုကတော့ ကျနော်တို့တိုင်းပြည်ကတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု အမေရိကန်ရဲ့ sanction ဒါတွေကတော့ ပြင်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ နေရာမှာ နည်းနည်းလေး အခက်အခဲတွေ ရှိကြတာပေါ့နော်။ ပြည်ပနဲ့ဆက်သွယ်ရတဲ့ လုပ်ငန်းတွေကတော့ နည်းနည်းလေး လုပ်ရကိုင်ရ ကျပ်တဲ့အနေအထားလို့ ပြောလို့ရတယ်။”

စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေကို သူတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်းပဲ ဆက်သွားဖို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောလေ့ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားရင်တောင်မှ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောခဲ့တာပါ။

“လုပ်ငန်းတွေကတော့ ထိခိုက်စရာ မရှိပါဘူး။ သို့သော် အဲဒီလို ထွက်သွားတဲ့အတွက် အပြောင်းအလဲတွေတော့ လုပ်ရမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ လည်ပတ်လို့ ရပါတယ်။ ကျနော်တို့ချည်းပဲ လည်ပတ်လို့လည်း ရကောင်းရနိုင်တယ်၊ လည်ပတ်လို့မရဘူး၊ နည်းပညာအကူအညီ လိုတယ်ဆိုရင်လည်း ကူညီနိုင်မယ့် မိတ်ဘက်နိုင်ငံများနဲ့ အဖွဲ့အစည်းများ ရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ။”

SEE ALSO: မလေးရှား Petronas နဲ့ ဂျပန် Mitsubishi မြန်မာ ရဲတံခွန်သဘာဝဓာတ်ငွေ့အစုရှယ်ယာတွေရုပ်သိမ်းမည် 

တရုတ်အပါအဝင် အာရှနိုင်ငံအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး RCEP မှာ မြန်မာနဲ့ ကုန်သွယ်မှာ မဟုတ်ဘူးလို့ နယူးဇီလန်နိုင်ငံက ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်း အကြမ်းဖက်မှုတွေ၊ ဒီမိုကရေစီကို ဆိတ်သုန်းအောင် လုပ်တာတွေကို နယူးဇီလန်က ထောက်ပြပြီး တခြားအဖွဲ့ဝင်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ အသိပေးလိုက်တာပါ။ နယူးဇီလန်နည်းတူ ဖိလစ်ပိုင်နိုင်ငံကလည်း ဒီကုန်သွယ်မှုမှာ မြန်မာနဲ့ မဆက်ဆံဖို့ နောက်တရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားကာလအစိုးရ NUG နဲ့ စစ်ကောင်စီတို့ကြားမှာ သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်စေ့စပ်ပေးဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းနေပါတယ်။ အာဆီယံနဲ့ မြန်မာကြားက ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေကို ကျော်လွှားအောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဆီယံ စီးပွားရေးအသိုင်းအဝန်းမှာ ဝင်ဆန့်နိုင်ဖို့ဆိုရင် အာဆီယံရဲ့ သဘောထားကိုလည်း မြန်မာက လိုက်လျောပေးရမယ်လို့ စီးပွားရေး လေ့လာသူတွေက မြင်ပါတယ်။ တမ္ပဒီပအင်စတီကျုက ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်တဲ့ ပညာရှင်တဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်မှာ စီးပွားရေး ကောင်းမွန်ဖို့ဆိုရင် ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့လိုတယ်လို့ ပြောပါတယ်။

“အာဆီယံက ရှေ့တန်းတင်ပြီးတော့ လုပ်နေတယ်ဆိုရင် အာဆီယံနဲ့ အနည်းဆုံးတော့ စီးပွားရေးဆက်ဆံမှုက ရှိရမယ်လေ။ ဒါမှမရှိနိုင်ဘူးဆိုရင် တိုင်းပြည်က တော်တော်လေးကို ခက်ခဲလိမ့်မယ်။ အခု (ကမ္ဘောဒီးယား) ဟွန်ဆန် မနှစ်က ဘရူနိုင်းနဲ့စာလို့ရှိရင် ကမ္ဘောဒီးယားက မြန်မာပြည်နဲ့ ပိုသင့်မြတ်မယ်လို့ ထင်ရတယ်ပေါ့လေ။ ကမ္ဘောဒီးယား ဥက္ကဋ္ဌဖြစ်နေတဲ့အချိန်မှ အာဆီယံကို အဆင်ပြေအောင် မဆက်ဆံနိုင်ဘူး ဆိုရင်တော့ ကိုယ့်ဘက်က ညံ့တာပဲ။ စီးပွားရေးကို ပြန်မကြည့်ဘူး၊ လူထုပြည်သူကို ပြန်မကြည့်ဘူး၊ တိုင်းပြည်ကို ပြန်မကြည့်ဘူး၊ ဆိုတော့ ဘာကျန်တော့လဲ၊ အဲဒါတော့ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။”

ပြည်တွင်းက တင်းမာမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံအဖွဲ့က လျှော့ချပေးနိုင်ဖို့ အမေရိကန် အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အနောက်နိုင်ငံကြီးတချို့က မျှော်လင့်ထားတာပါ။ အထူးသဖြင့် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်လျောလာဖို့ တွန်းအားပေးနေကြပါတယ်။ ဒါပေမယ့်လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ အကန့်အသတ်နဲ့ပဲ ကြားဝင်နိုင်တဲ့ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ ဖြေရှင်းဖို့ ခက်နေပါတယ်။ အာဆီယံနိုင်ငံတွေကြားမှာလည်း မြန်မာ့အရေးအပေါ် သဘောထားတွေ မတူညီကြပါဘူး။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေးကို ဝါရှင်တန်ဒီစီမှာ မကြာခင်လပိုင်းအတွင်း ပြုလုပ်သွားဖို့ ရှိပါတယ်။ မနှစ်က အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပြီး သမ္မတအိမ်ဖြူတော်ရဲ့ သီးခြားထုတ်ပြန်ချက်မှာတော့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံထားပြီး မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု၊ အကြမ်းဖက်မှုတွေကို စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီ နိုင်ငံတကာဆက်ဆံရေး မြန်မာ့စီးပွားရေးရိုက်ခတ်

----------------------------

(Unicode)













SEE ALSO: RCEP ကုန်သွယ်ရေးသဘောတူညီချက်ပါ မြန်မာနဲ့ ကုန်သွယ်ရေးမလုပ်ဘူးလို့ နယူးဇီလန်ပြောဆို











