[Zawgyi/Unicode]
အမျိုးသာညီညွတ်ရေး အစိုးရတခုဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဘက်က ပြောဆိုလိုက်ချိန်မှာပဲ တိုင်းရင်းသား အဖွဲ့အစည်းတချို့က သူတို့ရဲ့လိုလားချက်တွေနဲအတူ ရပ်တည်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိလာပါတယ်။ ဒီအခြေအနေကို နိုင်ငံရေးလေ့လာ သုံးသပ်သူတချို့ကို ကိုဇော်ထက်က မေးမြန်းပြီး တင်ပြပေးထားပါတယ်။
အစိုးရတရပ်ရဲ့ လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ခေတ္တပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်နေသလို တပြိုင်နက်တည်းမှာပဲ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ CRPH အနေနဲ့ ဘုံသဘော တူညီချက်တွေကတဆင့် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှုတခု ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
CRPH ကတော့ အမျိုးသားညီညွတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်တလောမှာ ဆွေးနွေးမှုတွေ ရှိနေကြောင်း CRPH ရဲ့ ပြောခွင့်ရ ဦးရည်မွန်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ NCA လက်မှတ်ထိုးထားတဲ့ (လူမျိုးစု လက်နက်ကိုင်) EAO အဖွဲ့တွေနဲ့ အဆက်အသွယ် ကောင်းကောင်း ရှိပါတယ်။ နားလည်မှုလည်း ကောင်းကောင်းရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆိုတာလည်း တိုင်းရင်းသား ကိုယ်စားပြုနေရာမှာ သိပ်အရေးကြီးတာပေါ့ဗျာ။ အဲဒီတော့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ဖို့ တိုင်းရင်းသား EAO တွေနဲ့လည်း ကျနော်တို့ မဖြစ်မနေ စကားပြောရပါလိမ့်မယ်။”
စစ်အာဏာသိမ်းထားတဲ့ကာလမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လုပ်မှာ မဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြောလိုက်သလို ဒါကို CRPH ဘက်ကလည်း ကြိုဆိုကြောင်း သူကပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း NLD ပါတီအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့နိုင်ဖို့ ကြိုးစားသွားမယ်ဆိုမျိုး ပြောခဲ့ပါတယ်။ လက်ရှိ အကြပ်အတည်းမှာ CRPH အနေနဲ့ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေး တခု ရအောင်ယူနိုင်ဖို့လိုကြောင်း၊ သဘောထားလည်း ထုတ်ပြောဖို့လိုကြောင်း သတင်းစာဆရာ ဦးဇင်လင်းက ပြောပါတယ်။
“မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေ အရကတော့ ဘုံရန်သူက တခုပဲ ရှိတော့တဲ့အခါ ကျတော့ ကျန်တဲ့တိုင်းရင်းသားတွေရော လူမျိုး၊ ဘာသာ မခွဲခြားဘဲ ရနိုင်သမျှ တပ်ပေါင်းစုဖွဲ့ရေးမူပေါ့။ အဲဒါမျိုးကို CRPH က လုပ်နိုင်တယ်ဆိုရင်တော့၊ ကြေညာနိုင်တယ် ဆိုရင်တော့ အကျိုးရှိမယ်လို့ ထင်တာပေါ့။ CRPH ပိုပြီး အားရှိလာနိုင်တာပေါ့။ အခြေအနေအရ ဗမာပြည်ပြဿနာ ပြောရမယ်ဆိုရင် တိုင်းရင်းသား ပြဿနာက အရေးအကြီးဆုံး ပြဿနာတခုပဲ။ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေး ရအောင် မယူနိုင်ဘူးဆိုရင်တော့ အောင်မြင်မှုက မြင်နေရတဲ့အတိုင်းပဲ အလှမ်းဝေးနေဦးမယ်လို့ ယူဆပါတယ်။”
CRPH အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာကို ကြိုဆိုကြောင်း ကချင်ခေါင်းဆောင်တဦးကိုလည်း CRPH ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ကချင်မဟာမိတ်အဖွဲ့ (Kachin Alliance) က မတ်လ ၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သူတို့ရဲ့ နိုင်ငံရေး လိုအပ်ချက်တွေကို CRPH က ထုတ်ပြန်တာ မရှိသေးတဲ့အတွက် ဒီကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း ရေးသားထားတာပါ။
SEE ALSO: ဒဏ်ခတ်အရေးယူမှု ကျင့်သားရနေပြီလို့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီ တုံ့ပြန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အင်အားကို စုစည်းနိုင်မှပဲ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ကို နိုင်ငံရေးကနေ ထုတ်ပစ်နိုင်မယ့် တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် Kachin Alliance အဖွဲ့ ကြေညာချက်မှာ ရေးသားထားတာပါ။
မြေပြင်အခြေအနေမှာတော့ CRPH အနေနဲ့ ပြည်တွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေးအဖြေရှာတာက ပိုအရေးကြီးမယ်လို့ မြင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လက်နက်ကိုင် KIA တို့ရဲ့ ကြေညာချက်တချို့ဟာ CRPH ရဲ့ ရည်ရွယ်ချက်တချို့နဲ့ တူညီနေတဲ့အတွက် ညှိနှိုင်းမှုတွေကနေ သဘောတူညီမှုရနိုင်ကြောင်း သူကပြောပါတယ်။
“မဇင်မာအောင် (ခေတ္တနိုင်ငံခြားရေးဝန်ကြီး) ရဲ့ ရေးသားချက်အရလည်း CRPH က ၂၀၀၈ (အခြေခံဥပဒေကို) အသေဖက်တွက်ထားတာ မဟုတ်ဘဲနဲ့ လိုအပ်ရင် ထားပစ်ခဲ့ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ အရိပ်အမြွက်မျိုးလည်း မြင်ရတဲ့အတွက်ကြောင့်မို့ အဲဒီလိုလည်း သွားနိုင်တယ်။ ဒါပေမဲ့ CRPH ကို စစ်အာဏာသိမ်း အုပ်စုက ပိတ်ဆို့တာတွေ၊ ဖြိုခွင်းတဲ့ပုံစံမျိုး လုပ်မယ်ဆိုတဲ့ ရေးထားတာတွေ တွေ့တဲ့အတွက်ကြောင့် CRPH အနေနဲ့ သူတို့ခြေလှမ်းကို သိပ်မသိအောင် သိုသိုသိပ်သိပ် လုပ်နေရတယ်လို့ ကျနော်ယူဆတယ်။ စိန်ခေါ်ချက်က အဲဒီမှာရှိတယ်။ အဲဒါပထမ တချက်ပေါ့။ တိုင်းရင်းသားတွေနဲ့ ဘယ်လိုမျိုး ညှိကြရမလဲဆိုတဲ့ဟာကတော့ အကြီးမားဆုံး စိန်ခေါ်ချက် မဖြစ်လောက်ဘူး။ သို့သော် ဘယ်နေရာမှာ ပြဿနာ ရှိနိုင်လဲဆိုတော့ စစ်တပ်နဲ့ ကြိုပြီး စကားပြောထားတယ်လို့ ယူဆလို့ရတဲ့ တိုင်းရင်းသားအုပ်စုနဲ့ CRPH နဲ့ ညှိတဲ့ အခါမှာကျတော့ စိန်ခေါ်ချက် ကြီးနိုင်တယ်။”
တိုင်းရင်းသားတွေကြားမှာတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ ဖက်ဒရယ် ဒီမိုကရေစီသွားဖို့ဆိုတဲ့ ဘုံတူညီချက်တွေ ရှိပါတယ်။ စစ်အုပ်ချုပ်ရေး ကောင်စီ အာဏာယူပြီး တနိုင်ငံလုံးက ဆန္ဒပြသူတွေကို ဖြိုခွင်းတာမှာ သေဆုံးသူ ၅၀ ကျော်ရှိလာပြီး ဖမ်းဆီးထိန်းသိမ်း ခံရသူကတော့ ၁,၂၀၀ လောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP က ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]