၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၅,၂၈၅ ဦး၊ သေဆုံး ၂၃၁ ဦး

ပုဇွန်တောင်မြို့နယ်အတွင်းက အောက်ဆီဂျင်ဖြည့်သွင်းပေးတဲ့ ဆိုင်တခုမှာ အောက်ဆီဂျင်ရဖို့ တန်းစီနေကြသူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာတနိုင်ငံလုံးမှာ ၉ ရက်တာ အများပြည်သူရုံးပိတ်ရက် သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတာ ဒုတိယရက်မြောက်လာပါပြီ။ မြန်မာနိုင်ငံအတွင်း COVID-19 တတိယလှိုင်း ဖြစ်ပေါ်နေတာ ၂ လလောက် ကြာလာတဲ့အထိ အရှိန်လျော့မသွားသေးဘဲ နေ့စဉ် ရောဂါပိုး ကူးစက်သူတွေနဲ့ သေဆုံးသူတွေလည်း တိုးမြင့်လာနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၉၂ ခုကို စမ်းသပ် စစ်ဆေးခဲ့တာမှာ ပိုးတွေ့သူပေါင်း ၅,၂၈၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်းရဲ့ ၃၆.၄၇ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၃၁ ဦးရှိခဲ့ကြောင်း ဖော်ပြထားပြီး အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၅,၀၀၀ ရှိသွားပြီလို့ ဆိုပါတယ်။ တကယ့်လက်တွေ့ အခြေအနေမှာတော့ ကိုဗစ်ရောဂါပိုး ကူးစက်သူရော သေဆုံးနှုန်းပါ တရားဝင်ကိန်းဂဏန်း ပိုပြီးများနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေရော လေ့လာသူတွေပါ ခန့်မှန်းထားပါတယ်။

SEE ALSO: ကူးစက်သေဆုံးမှု တိုးလာတဲ့ ကိုဗစ်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အောက်စီဂျင် အလုံအလောက်ရှိတယ်လို့ ပြောဆိုထားပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီး အတော်များများမှာ လိုအပ်နေတဲ့ အောက်စီဂျင် အလုံအလောက် မရရှိနိုင်တာကြောင့် နေ့စဉ် နာရီပေါင်းများစွာကြာတဲ့အထိ အောက်စီဂျင်တန်းစီ စောင့်ဆိုင်းနေကြသူတွေရဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နေပါတယ်။

အလားတူပဲ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ အခက်အခဲ ရှိနေသူတွေ အများအပြား ရှိနေသလို မီးသင်္ဂြိုဟ်စက်ရှိတဲ့ နေရာတွေမှာ အလောင်းတွေ စုပုံနေတဲ့ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းပြည်အာဏာယူထားတဲ့ စစ်ကောင်စီက ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မတွေ့ရတာ အပါအဝင် ရောဂါပိုး ကူးစက်မှုနှုန်းဟာလည်း အရှိန်ကောင်းဆဲ ဖြစ်တာကြောင့် COVID-19 ကူးစက်သူနဲ့ သေဆုံးသူအရေအတွက် အများအပြား ထပ်တိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

-------------------------

(Unicode)





SEE ALSO: ချည့်နဲ့နေတဲ့ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ တတိယလှိုင်းကပ်ဘေး


