မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၃ ဦး ထပ်မံတွေ့ရှိ

ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် ပိုးသတ်ဆေးဖြန်နေကြတဲ့ စေတနာ့ဝန်ထမ်း နှစ်ဦး (ဧပြီ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၃ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် စုစုပေါင်း ၁၄၉ ဦးအထိ ရှိသွားပါပြီ။ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အသက် ၁၅ နှစ်၊ ၁၉ နှစ်နဲ့ ၄၃ နှစ်အရွယ် အမျိုးသား ၃ ဦးတို့မှာ ကူးစက်မှုရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့က ဓာတ်ခွဲနမူနာ ၁၄၅ ခုကို စစ်ဆေးရာမှာ ရောဂါပိုးရှိသူ ၃ ဦးကို အတည်ပြုနိုင်ခဲ့တာလို့လည်း ပြောပါတယ်။

၂ ရက်ဆက်တိုက် ရောဂါကူးစက်သူ မတွေ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် စောင့်ကြည့်စစ်ဆေးနေသူတွေထဲက ကူးစက်မှုတွေ တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ ရောဂါပိုး ကင်းစင်သူ ၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့သလို၊ သေဆုံးသူ ၅ ဦး ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော အချိန်အထိ ရောဂါပိုးကူးစက်သူ အရေအတွက် နည်းပါးနေဆဲ ဖြစ်ပေမဲ့ COVID-19 ရောဂါဟာ ဘယ်သူမဆို ကူးစက်ခံရနိုင်တာကြောင့် ကူးစက်မှုတွေ အချိန်မရွေးပိုများလာနိုင်သလို ရောဂါလက္ခဏာမပြပေမဲ့ ရောဂါပိုးရှိနေနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားတာပါ။

ဒီအတွက် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ဖို့၊ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခွပ်ခွာခွာနေကြဖို့ အပါအဝင် တာဝန်ရှိသူတွေ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံတွေကို အများပြည်သူ အနေနဲ့ လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၃ ဦး ထပ်မံတွေ့ရှိ

[Unicode Version]





SEE ALSO: ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ပိုးသတ်ဆေးဖျန်း သင့်သလား


