မြန်မာကနေ တရုတ်ကို ဆန်တင်ပို့ရာမှာ တရားဝင် ကုန်သွယ်မှုတိုးမြှင့်ဖို့ နှစ်ဖက် ဆွေးနွေးညှိုနှိုင်းခဲ့ကြပါတယ်။ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာကုန်သည်တွေအကြား ပဏာမ သဘောတူညီချက်ရထားပြီး၊ နှစ်နိုင်ငံ သဘောတူစာချုပ်ကိုတော့ လာမယ့် ဧပြီလ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ ချုပ်ဆိုဖို့ ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားတာပါ။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို နယ်စပ်ကနေတဆင့် နှစ်စဉ် ဆန်တန်ချိန် သိန်းနဲ့ချီ တင်ပို့နေတာရှိပေမယ့်လို့ တကယ်တမ်း တရားဝင်တင်ပို့တဲ့ ခွဲတမ်းအရဆိုရင်တော့ တန်ချိန် တသိန်းပဲ ရှိတာပါ။ ဒီလို တရားဝင်လမ်းကြောင်းကနေ တင်ပို့တဲ့ ဆန်ခွဲတမ်းကို တန်ချိန် လေးသိန်းအထိ တိုးမြှင့် တင်ပို့ခွင့်ရဖို့ကိုတော့ ပြီးခဲ့တဲ့နှစ်ကတည်းက နှစ်နိုင်ငံကြား ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေခဲ့တာပါ။ လောလောဆယ်မှာ ကနဦးအဆင့် သဘောတူညီချက်တချို့ ရထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။
ပမာဏ အတိအကျကို လောလောဆယ် အတည်ပြု မပြောပေမဲ့လို့ အခုရရှိထားတဲ့ သဘောတူညီချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်ဧပြီလထဲ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ အစိုးရချင်း တရားဝင် သဘောတူညီမှု လက်မှတ်ရေးထိုး သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင် က ဗွီအိုအေကို ပြောပါတယ်။
“တရုတ်နဲ့တော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၄ရက်မှာတော့ တရုတ်ပြည် သွားဖို့ရှိတယ်ဗျ။ ၂၄ရက်လို့တော့ အကြမ်းဖျင်းသိရတယ်။ တရုတ်ပြည်ဘက်က အစိုးရဘက်နဲ့ G to G အစိုးရချင်း သဘောတူလက်မှတ် ထိုးဖို့ရှိပါတယ်။ ဖြစ်ဖို့လည်း သေချာသလောက်ရှိပါတယ်။ ၇၅% တော့ရှိတယ်ဗျ MOU အရင်ထိုးမှာပေါ့နော်။ ပြီးမှ contract သွားမှာပေါ့။ MOU ထိုးဖို့ draft တွေဘာတွေပို့ပြီးပြီ ဟိုဘက်ကလည်း စစ်နေတယ် ပြီးရင်တော့ ဒါတွေအားလုံးသဘောတူရင်တော့ ထိုးဖြစ်မှာပါ။”
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှုင့်တင်ရေးအဖွဲ့ ညွှန်ချုပ် ဦးအောင်စိုးကတော့ မြန်မာဘက်က တရုတ်နိုင်ငံနဲ့ ဆန်တင်ပို့မှုမှာ အမြဲမပြတ်ဆွေးနွေးနေတဲ့အတွက် နှစ်နိုင်ငံကြား ဆန်အရောင်းအဝယ် မကြာခင်ဖြစ်ဖို့ရှိကြောင်း ဗွီအိုအေကိုပြောပါတယ်။
“ဆန်အရောင်းအဝယ် နှစ်ဖက်မြှင့်တင်ရေး အတွက်တော့ တရုတ်အစိုးရနဲ့ အမြဲတမ်းညှိနှိုင်း နေပါတယ်နော်။ ဆက်လည်းညှိနှိုင်းသွားမှာပါ။ ကျနော်တို့ ကတော့ အစိုးရချင်းညှိနှိုင်းပေးတဲ့အဆင့်ပဲ တကယ်လက်တွေ့ကတော့ ကုန်သည်ကြီးများအသင်းနဲ့ ဟိုဘက်က ယူနန်ပြည်နယ်ဘက်က တာဝန်ပေးတဲ့ အဖွဲ့တွေနဲ့ သူတို့ဆက်ပြီး အသေးစိတ်ဆွေးနွေးကြမှာပါ။ ဒါကတော့ အရောင်းအဝယ်ကတော့ ဖြစ်မှာပါ တနည်းမဟုတ် တနည်းကတော့။”
နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ပြည်ခရီးစဉ်မှာရေးထိုးမယ့် အစိုးရချင်းသဘောတူညီမှု စာချုပ်ပြီးတဲ့နောက်မှာ နောက်ထပ်အသေးစိတ် စာချုပ်တွေ ချုပ်ဆိုဖို့ရှိပြီး ဆန်နဲ့ တရုတ်နိုင်ငံက ထုတ်ကုန်ပစ္စည်း တိုက်ရိုက်လဲလှယ်တဲ့စနစ်လည်း တစိတ်တပိုင်းပါဝင်မယ်လို့ ဆန်စပါး အသင်းချုပ်တာဝန်ရှိသူတွေနဲ့ စီးပွားကူးသန်းတာဝန်ရှိသူတွေကပြောပါတယ်။ တိုက်ရိုက်ကုန်စည်ဖလှယ်မှုအပေါ်မှာ လက်မခံတဲ့ ဆန်ကုန်သည်တွေလည်းရှိပါတယ်။ တိုက်ရိုက်လဲလှယ်မှုစနစ်မှာ အားနည်းချက်တွေရှိနိုင်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
“တန်ချိန်လေးသိန်းကို စာချုပ်ချုပ်မယ် အပြီးသတ်စာချုပ်ချုပ်မယ်၊ ဒါပေမယ့် ဘာတာစနစ် (ကုန်ပစ္စည်းချင်းအပြန်အလှန်တိုက်ရိုက်လဲလှယ်သည့်စနစ်) နဲ့သွားမယ်။ လယ်ယာထွက် ကုန်ပစ္စည်းတွေကို ပြန်ဝယ်ရမယ် ရောင်းလိုက်တဲ့ဆန်ကို သူက ငွေသားမပေးဘူး ဓာတ်မြေသြဇာတို့ လယ်ယာထွန်ယက် ပစ္စည်းတွေ ပြန်ဝယ်ရမယ် ဒါဆိုရင်သူတို့က အရည်အသွေးညံ့တဲ့ပစ္စည်တွေကို သူတို့တန်ဖိုးသတ်မှတ်တဲ့ ဈေးနဲ့ တို့ကဝယ်ရမှာဆို လုံးဝမဖြစ်နိုင်ဘူး။ တို့ကုန်သည်တွေက ငွေပဲလိုချင်တာပဲကို။ ငွေသားမရသရွေ့ကတော့ စီးပွားရေးလုပ်တဲ့ကိစ္စမှာ မဖြစ်နိုင်ဘူးထင်တယ်နော့။”
အခုဆိုရင် ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး တရုတ်နိုင်ငံက သူ့ပြည်တွင်းမှာ တရားမဝင် ဆန်တင်သွင်းတာကို တင်းကျပ်လာတဲ့အတွက် မြန်မာဘက် မူဆယ် လမ်းကြောင်းက သွားနေတဲ့ ဆန်အပါအဝင် သကြားနဲ့ ပြောင်းလည်း တန်ချိန် တသောင်းခွဲလောက် မူဆယ်ဂိုထောင်တွေထဲမှာ သောင်တင်နေပါတယ်။ ဆန်အပါအဝင် မြန်မာနိုင်ငံက တင်ပို့နေတဲ့ကုန်ပစ္စည်းတွေရဲ့ သုံးပုံ တပုံက တရားမဝင်လမ်းကြောင်းတွေကနေ သွားကြတာလို့ ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဥရောပသမဂ္ဂကလည်း မြန်မာ့ဆန်လုံးရှည်ကို အခွန်ပြန် ကောက်နေပြီဖြစ်သလို တရုတ်ဘက်ကလည်း တရားမဝင်ကုန်စည်တွေကို ကန့်သတ်လာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ တခြားအလားအလာရှိတဲ့ ဆန်ဈေးကွက်ကို တိုးမြှှုင့်ရှာဖွေဖို့ လိုနေကြောင်း ဆန်ကုန်သည်အသိုင်းအဝန်းက ပြောဆိုနေကြပါတယ်။
Your browser doesn’t support HTML5