မြန်မာနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ် ၁၀၅ မိုင်စခန်း ဝင်ပေါက်တချို့ရဲ့ ဖြတ်သန်းခွင့်အချိန်ကို လျှော့ချလိုက်တာကြောင့် တရုတ်ဘက်သွားမယ့် ကုန်တင်ကားတွေနဲ့ လူတွေဟာ မနေ့ကညကစပြီး ပိတ်မိနေပါတယ်။ မြန်မာဘက်ကလည်း တရုတ်ကုန်တင်ကားတွေ မဖြတ်နိုင်အောင် တန်ပြန်ပိတ်ဆို့မှု ဖြစ်ပွားခဲ့တာကြောင့် ဒီနေ့မနက်မှာ နှစ်ဘက်တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
တရုတ်နိုင်ငံက အခုနောက်ပိုင်းမှာ နယ်စပ်ဝင်ပေါက်ဂိတ် စစ်ဆေးကြပ်မတ်တာကို တင်းတင်းကျပ်ကျပ်လုပ်လာတာကြောင့် တရုတ်ပြည်ထဲနေ့တိုင်းအလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတွေနဲ့ ကုန်ကားတွေဟာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပါတယ်။ တချို့ဆိုရင် ညပိုင်းကတည်းက စောင့်ဆိုင်းနေရပြီး မနက်မိုးလင်းချိန်ထိ တန်းစီနေရတဲ့အတွက် ဒီနေ့လို နှစ်ဘက်တင်းမာမှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတချို့က တရုတ်ကားတွေ မြန်မာဘက်ဝင်လို့မရအောင် တန်ပြန်ပိတ်ဆို့ခဲ့တဲ့အတွက် တရုတ်လူဝင်မှု ကြီးကြပ်ရေးရဲတွေဟာ မြန်မာဘက်ကို ဝင်လာပြီး မြန်မာနိုင်ငံသားတချို့ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက ဦးမင်းသိန်းက အခုလိုပြောပါတယ်။
“မြန်မာပြည်ကနေ ဝင်ရတဲ့အချိန်မှာ တရုတ်က အမျိုးမျိုးရစ်တယ်။ အမျိုးမျိုး စည်းကမ်းချက်တွေထုတ်တော့ ဝင်ရတာ တအားနှောင့်နှေးတယ်။ ဆိုင်ကယ်တစီး ဝင်မယ်ဆိုရင် အနည်းဆုံး ၃ နာရီလောက်ကြာတယ်။ ကားတစီးဝင်မယ်ဆိုရင် အနည်းဆုံး ၂ နာရီလောက်ကြာတယ်။ အဲဒီတော့ မြန်မာပြည်ဘက်က ပြည်သူတွေက လုံးဝမခံမရပ်နိုင် ဖြစ်တော့ ဒီမနက် ၇ နာရီ မိနစ်၂၀လောက်မှာ တရုတ်ပြည်က ထွက်လာပြီး မြန်မာပြည်ဝင်လာတဲ့ ကားတွေကို မြန်မာပြည်ထဲ ဝင်လာလို့မရအောင်ဆိုပြီး ကား၂ စီးက ပိတ်ဆို့ထားတယ်။ ဆန္ဒပြတဲ့ပုံစံပေါ့။ တရုတ်ပြည်က ရဲတွေဟာ မြန်မာကားသမားကို အတင်းဆွဲခေါ်သွားတယ် အဲဒီအချိန်မှာ မြန်မာဘက်ကသူတွေက တအုံကြီးဖြစ်သွားတယ် အော်ဟစ်နေတော့ (တရုတ်) ရဲတွေဟာ ဘာမှဆက်မလုပ်တော့ဘူး။”
တရုတ်ရဲ ၂ ယောက်ဟာ၂ နိုင်ငံနယ်ခြားအမှတ်အသားကိုကျော်ပြီး မြန်မာဘက်အခြမ်းကို ၅ ပေနီးပါးလောက် ဝင်ရောက်လာကြောင်း မျက်မြင်တွေကပြောသလို ဖုန်းမှတ်တမ်းဗွီဒီယိုတွေမှာလည်း ကိုယ်ထိလက်ရောက်ကျူးလွန်နေတာကို မြင်နေရပါတယ်။ အခင်းဖြစ်ပွားပြီး ၁၅မိနစ်အကြာမှာ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတချို့ရောက်ရှိလာခဲ့ပါတယ်။ တရုတ်ရွှေလီမြို့ အာဏာပိုင်တွေကလည်း နယ်စပ်ဝင်ပေါက်ကို ၁၅ မိနစ်လောက်ပိတ်ထားခဲ့ပြီး ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဒီလိုပိတ်ဆို့မှုတွေဖြစ်လာရတာဟာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းဝင်ပေါက်ရဲ့ ဝင်ထွက်ချိန်တွေကို တရုတ်အာဏာပိုင်တွေဘက်က မေလ ၁၄ရက်မှာ အပြောင်းအလဲတချို့လုပ်ပြီး တချို့ဝင်ပေါက်ရဲ့ အချိန်တွေကို ည၁၀နာရီကနေ ၈နာရီကိုလျှော့ချလိုက်တဲ့အတွက်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့တာတွေဖြေရှင်းဖို့ တရုတ်ရွှေလီမြို့ အာဏာပိုင်တွေနဲ့ မူဆယ်ဘက်က အာဏာပိုင်တွေဟာ ဒီနေ့ နေ့လည် ၂နာရီခွဲမှာ နှစ်ဘက်တွေ့ဆုံခဲ့တယ်လို့ မူဆယ်ခရိုင်လဝကဦးစီးမှူး ဦးဆန်းဝေက ပြောပါတယ်။
“နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်က ပုံမှန်က ဆယ်ခွဲပိတ်တယ်လေ သူတို့ဘက်ကနေ ၈ နာရီမှာပိတ်လိုက်တဲ့ကိစ္စ ထပ်ပြီးမှ ၁၀ နာရီခွဲအထိအောင် ဖွင့်ပေးဖို့ ကျနော်တို့ကသွား ဆွေးနွေးဖို့ပေါ့ အဓိက။ ယာဉ်ကြောပိတ်ဆို့မှုကို အဆင်ပြေဖို့အတွက်ကို။ မနေ့ကစ ၈နာရီမှာပိတ်လိုက်တော့ ဟိုဘက်ကိုဝင်မယ့်မြန်မာကား တစီးပေ့ါ။ ဟိုဘက်ကို သွားလို့မရတဲ့အခါကျတော့ ဒီနေ့မနက်ကျတော့ သူက border line ပေါ်မှာ ရပ်ထားတယ်။ တရုတ်ဘက်ကနေ ရွှေ့ပေးဖို့ပြောတဲ့ကိစ္စကို မရွှေ့လို့ ဟိုကနေလာပြီးတော့ ဆွဲခေါ်ဘာညာပုံစံမျိုးလုပ်တာပေါ့ အဲဒီမှာ နည်းနည်းရုတ်ရုတ်လေး ဖြစ်သွားတာပေါ့။”
တရုတ်နယ်စပ်တာဝန်ရှိသူတွေဟာ မကြာခဏဆိုလို မြန်မာဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်မှုတွေရှိခဲ့ပြီး ၂၀၁၈ အောက်တိုဘာ ၁၇ ရက်တုန်းကလည်း လက်နက် ကိုင်ဆောင်ထားတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေဟာ ကုန်သွယ်ရေး စခန်းဝင်ပေါက်ကနေ ဝင်ရောက်လာပြီး မြန်မာဘက်အခြမ်းမှာဆောက်နေတဲ့ ဈေးကော်မတီရုံးခန်းဟာ တရုတ်ပိုင်နက်မှာပါတယ်ဆိုပြီး ဟန့်တားခဲ့ပါသေးတယ်။
Your browser doesn’t support HTML5