စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေး

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာကြတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ (အရပ်ဝတ်နဲ့ ထိုင်နေသူများ) ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် (ရပ်နေသူများ) က စောင့်ကြည့်နေကြပုံ။ (ဖေဖေါ်ဝါရီ ၅၊ ၂၀၂၄)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရ်ှဘက်ကို ထပ်မံထွက်ပြေးလာတယ်လို့ သိရပါတယ်။ ခုအချိန်အထိဆိုရင် မြန်မာနိုင်ငံဘက်ကနေ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မိသားစုဝင် ၂၂၉ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုဝင်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း တောင်ပြို လက်ဝဲ-လက်ယာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တခြားစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတာ ဒီကနေ့ဆိုရင် ၂၂၉ ယောက်အထိ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းကလည်း AA တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောင်ပြိုလက်ဝဲနယ်ခြားစောင့်စခန်းအပါဝင် တခြားနယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော် ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထပ်မံထွက်ပြေးလာကြတယ်လို့ ဘင်္ဂလာဒေ့ရှ်နယ်စပ်နားမှာနေထိုင်တဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တခုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးနေစဥ်။ (ဖေဖော်ဝါရီ ၆၊ ၂၀၂၄)

“မနက်အရုဏ် ၃ နာရီကျော်ခန့်ကနေ ပါလောင်ဂါလီနယ်စပ်ကနေ နယ်ခြားစောင့်နဲ့ စစ်ကြောင်းအဖွဲ့တွေပေါ့၊ ၁၁၁ ယောက် ဘင်္ဂလားဘက်ကို ရောက်လာတယ်။ တောင်ပြိုကလည်းပါတယ်။ နံသာတောင်ကလည်းပါတယ်။ ရဲအောင်ချောင်းကလည်းပါတယ်။”

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူကီးယာမြို့၊ ပါလောင်းခါလီကျေးရွာအတွင်းက စာသင်ကျောင်းတခုမှာ BGB ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တွေက ထိန်းသိမ်းထားတာပါ။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရရှိသူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆေးကုသပေးထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။

“ရောက်လာတဲ့သူတွေကို လောလောဆယ် BGB က လက်နက်တွေဘာတွေ သိမ်းပြီးတော့ ဒဏ်ရာရလာတဲ့သူတွေကို ဆေးကုပေးတာရှိတယ်။ ဘင်္ဂလားအစိုးရက။ နှစ်ယောက်တော့ ဆုံးသွားတယ် မနေ့က။”

မောင်တောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နပ်စပ် ကျေးရွာတချို့ကို မော်တာကျည်ဆံတွေ ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဒေသခံနှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲကနှစ်ဦးကတေ့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ Cox’s Bazar အခြေစိုက် MSF အဖွဲ့ဝန်ထမ်းတယောက်က ပြောဆိုထားပါတယ်။

မောင်တောမြို့နယ်အတွင်းက တောင်ပြို လက်ဝဲ-လက်ယာ နယ်ခြားစောင့်စခန်းတွေကို AA ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ပြိုလက်ယာစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ တောင်ပြိုလက်ဝဲစခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ကတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူးလို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ တမိုင်ကျော်လောက်မှာနေထိုင်တဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။

“ကျနော်တို့ အသံကြားတာကတာ့ မနေ့က ည ၉ နာရီလောက်ကနေ ဒီမနက် ခုနစ်နာရီခွဲအထိ အသံကြားတယ်၊ အပြင်းအထန်တိုက်တယ်။ အခုတော့ မကြားရတော့ဘူး။ ငြိမ်နေပြီ။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင် မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းတွေနဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ရခိုင်ဒေသခံတဦးကပြောပါတယ်။

“ ကျောက်တော်တို့၊ မြောက်ဦးတို့မှာလည်း မြို့ပေါ်တပ်ရင်းတွေကို တိုက်နေတယ်။ မြောက်ဦးမှာဆိုရင် (၅၄ဝ) တပ်ရင်းကတော့ ရသွားပြီ။ နောက်တခု (၃၇၇) ရယ် (၃၇၈) ရယ် အဲဒီတပ်ရင်းနှစ်ခုကျန်တယ်။ အဲဒီနှစ်ခုကိုလည်း လက်နက်ချဖို့ပြောထားတယ်။ အဲဒီမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ကျောက်တော်ဘက်ဆိုရင်လည်း တင်းမဌာနချုပ်ကို ဝင်တိုက်တယ်။ အဲဒီနားက တပ်ရင်းနှစ်ခုကိုလည်း ဝင်တိုက်နေတယ်။ တခုကတော့ ရသွားပြီ။ အဲလို ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ကြားပါတယ်ဗျာ။”

အခုလိုတိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းက သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။ ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ဒေသခံတော်တော်များများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေး