ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ပထမဆုံး ပြန်လည်လွှဲပြောင်းပေးမယ့် သူတွေကို လက်ခံဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပြင်ဆင် စောင့်ဆိုင်းနေခဲ့ကြပေမဲ့ နိုဝင်ဘာလ ၁၅ ရက် (ဒီကနေ့မှာ) တဦးမှ ပြန်လွှဲပြောင်းတာမရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိ သူတဦးက ပြောပါတယ်။ UNHCR အနေနဲ့လည်း ပံ့ပိုး ကူညီတာမှာ အမှန်တကယ်ပြန်လိုသူတွေကို အဟန့်အတားပုံစံမျိုး မဖြစ်စေဘူးလို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။ ဒီကနေ့ညနေပိုင်း က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောဆိုသွားတာတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်းကတည်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအပါအဝင် အဆင့်မြင့်တာဝန်ရှိသူတွေ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှာ ရောက်ရှိ စောင့်ဆိုင်းနေကြပေမဲ့ ပြန်လည်လွှဲပြောင်းပေးသူ တဦးမှမရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားသလို ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေ မရှိသေးတဲ့အပေါ်မှာလည်း သူ့ရဲ့ သုံသပ်ချက်ကို ထည့်ပြောသွားပါတယ်။
"'ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒီအချိန်အထိ တဦးတယောက်မှ စတင်လွှဲပြောင်းခြင်းမရှိတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က physical arrangement နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တာကို ကျနော်တို့ သုံးသပ်တွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအကြိမ် ကျနော်တို့ဘက်ကို ပေးအပ်ခဲ့တဲ့ ၈၀၃၂ ဦးကို ပုံစံတွေကို ဖြည့်တဲ့အခါမှာ လူပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဖြည့်စွက်ရတာမဟုတ်တဲ့အတွက် ယခုလို မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပွားရတယ်လို့ ကျနော် သုံးသပ်မိပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့လည်း အောက်တိုဘာလ ၃၁ ရက်နေ့က ကော့ဇ်ဘဇားမှာရှိတဲ့ ကူတူပါလောင်း ဒုက္ခသည်စခန်းမှာရှိတဲ့ နေရပ်စွန့်ခွါသူ ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ဟိန္ဒူဘာသာဝင်တွေနဲ့လည်း ကျနော် တွေ့ခွင့်ရခဲ့ပါတယ်။ လက်ရှိအနေအထားမှာ ဟိန္ဒူဘာသာဝင် ၄၃၈ ဦး ရောက်ရှိနေပြီး မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လိုတယ်လို့ ကျနော်တို့ကို ပြောကြားခဲ့ပါတယ်။"
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးအစားသုံးမျိုးရှိတယ်လို့ မြန်မာနိုင်ငံဘက်က သတ်မှတ်ထားပြီး အဲဒီလူတွေ ထဲက ပြန်ဖို့ ဆန္ဒရှိသူ မရှိသူတွေက ဘယ်သူတွေဆိုတာကိုလည်း ဦးမြင့်သူက အသေးစိတ် ရှင်းလင်း ပြောဆိုပါတယ်။
"ပထမအုပ်စုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တတိယနိုင်ငံတခုခု၊ ဥပမာအားဖြင့်-ကနေဒါလို နိုင်ငံ မျိုးကို သွားရောက်လိုတဲ့လူတွေ ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်များကတော့ ပြန်လာဖို့ စိတ်ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ဒုတိယအုပ်စုကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ-၂၀၁၆-၂၀၁၇ ARSA အကြမ်း ဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ ရဲစခန်း ၃၀ နဲ့ တပ်မတော် တပ်ရင်း ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်သမား အများစုက စည်းရုံးသိမ်းသွင်းမှုကြောင့် ပါဝင်ခဲ့တဲ့ ရွာသားတွေပဲ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း ပြန်လာလိုတဲ့ဆန္ဒ ရှိကြမှာ မဟုတ်ပါ ဘူး။ တတိယအုပ်စုကတော့ ရခိုင်ပြည်နယ်မှာ နေအိမ်တွေ၊ ဆွေမျိုးတွေ ကျန်နေတဲ့လူတွေ၊ နောက် လယ်ယာနဲ့ ငါးဖမ်းစက်လှေတွေ ပိုင်တဲ့လူတွေ၊ နောက် ဒီဘက်မှာ စီးပွားရေးလုပ်ငန်းရှိတဲ့လူတွေ။ ဒီလိုပုဂ္ဂိုလ်တွေကတော့ ပြန်လိုတဲ့ဆန္ဒရှိကြမှာပါ။ အဲဒီတော့ တဘက်နိုင်ငံကို နေရပ်စွန့်ခွါသူများကို ပြန်လည်စေလွှတ်တဲ့နေရာမှာ နေရပ်မပြန်လိုတဲ့လူတွေကို တွန်းအားပေး စေလွှတ်နေမယ်ဆိုရင် ပြန်လာမှာလည်းမဟုတ်ပါဘူး။ အဲဒီတော့ မိမိဆန္ဒအလျှောက် ပြန်လာလိုတဲ့လူတွေကို ဦးစားပေးပြီး စေလွှတ်မှသာ ပြန်လည်လက်ခံတဲ့လုပ်ငန်းတွေက အဆင်ပြေမှာဖြစ်ပါတယ်။"
မြန်မာနိုင်ငံဘက်အနေနဲ့တော့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ပြန်လည်လက်ခံရေးကို ဆက် လက် ပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ဦးမြင့်သူကပြောပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး UNHCR ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်ကိုလည်း ပြောသွားပါတယ်။
"ကျနော်တို့အနေနဲ့ ပြန်လည်လက်ခံတဲ့နေရာမှာ voluntary ၊ safe and dignified return ဖြစ်အောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ ပြောကြားလိုတာတော့ UNHCR အနေနဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီတဲ့နေရာမှာ အမှန်တကယ်ပြန်လိုတဲ့လူတွေကို အဟန့်အတား ပုံစံမျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို UNDP၊ UNHCR တို့နဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကတည်းက သဘောတူလက်မှတ်ရေးထိုးပြီးတော့ MoU နဲ့အညီ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဦးမြင့်သူက ပြောပါတယ်။ ဒီအဖွဲ့တွေဟာ စက်တင်ဘာနဲ့ အောက်တိုဘာလ အတွင်း လိုအပ်ချက် ဆန်းစစ်လေ့လာတဲ့ လုပ်ငန်းကို နှစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ထားပြီး ဖြစ်သလို ပုံမှန်ထိတွေ့ပြီး ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
NVC ကဒ် ရထားပြီးသူတွေအတွက် နိုင်ငံသားစိစစ်ရေး အပိုင်းကို တတ်နိုင်သရွေ့ ဖြေလျှော့ပေးသွားမှာဖြစ်ပြီးတော့ အချိန်ငါးလ အတွင်း ဆောင်ရွက်ပေးသွားမယ်၊ ပြန်လာသူတွေ သတ်မှတ်ကျေးရွာပြန်ရောက်ဖို့ စီစဉ်ထားသလို လိုအပ်တဲ့ လုံခြုံမှု အစီအမံတွေ ပံ့ပိုးပေးသွားမယ်လို့ သတင်းထောက်တွေ မေးမြန်းတာကို ဦးမြင့်သူက ဖြေဆိုပါတယ်။
အနောက်နိုင်ငံတွေရဲ့ဖိအားနဲ့ပတ်သက်လို့တော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာဖြစ်သလို ကုလသမဂ္ဂမျက်နှာစာမှာလည်း မြန်မာနိုင်ငံနဲ့ ခင်မင်ရင်းနှီးတဲ့နိုင်ငံတွေ၊ သဘောထားတူညီတဲ့ နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဌာနအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
Your browser doesn’t support HTML5