ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office - သြဂုတ် ၀၅၊ ၂၀၂၀)

ဖမ်းဆီးထားသူတွေကို မိသားစုတွေ၊ ရှေ့နေတွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခွင့်ပြုဖို့ ရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း အလားတူ အခွင့်အရေးရဖို့မျှော်လင့်ရပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အတည်မပြုပါဘူး။ ဥပဒေပညာရှင်တွေကတော့ လူ့အခွင့်အရေးအရဖြစ်ဖြစ်၊ အကျဉ်းသား၊ အခွင့်အရေးအရဖြစ်ဖြစ် ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ သင့်တယ်လို့ သုံးသပ်ကြ ပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို - ကိုငြိမ်းချမ်း - က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်း အဖယ်ရှားခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြိုးစားနေကြပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူမရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အထူးကိစ္စ တရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ပြောပေမယ့် တွေ့ခွင့်ပေးမပေး ရှင်းရှင်းလင်းလင်း မပြောပါဘူး။

“ဒါကတော့အထူးကိစ္စဖြစ်လိမ့်မယ်။ ကျနော်တို့က ဒီရှေ့နေတွေနဲ့တွေ့ခွင့်ပေးဖို့ဆိုတာက ကျနော်တို့သိထားသလောက်ကတော့ အမှုမပြတ်သေးခင် တွေ့ခွင့်ရတာလား။ ဘယ်အချိန်မှာ တွေ့ခွင့်ရတာလဲ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကတော့ကျနော် ဖြေဖို့မရှိဘူး။”

လာမယ့် အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ လူတွေ့ခွင့်ပေးဖို့ စစ် ကောင်စီဘက်က စီစဉ်နေပါတယ်။ အကျဉ်းသားတဦးကို တလတကြိမ်၊ တခါတွေ့ ၂၅ မိနစ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ပြင်ဆင်ထားတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူမရှေ့နေတွေနဲ့ တွေ့ဆုံခွင့် ပေးမပေးသိရအောင် ဗွီအိုအေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်အရ အကျဉ်းသားတွေ အချုပ်သားတွေကို သူတို့ရဲ့ မိသားစုတွေအပြင် သူတို့ရဲ့ ရှေ့နေတွေ၊ ဥပဒေအကြံပေးတွေနဲ့ သီးခြား တွေ့ချင်တယ်ဆိုရင် တွေ့ခွင့် ပေးဖို့ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါ အကျုံးဝင်သလားလို့ ဗွီအိုအေကမေးမြန်တာကိုတော့ ဖြေဆိုဖို့မရှိဘူးလို့ပဲ တုန့်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ လူ့အခွင့်အရေးအရ ဖြစ်ဖြစ် အကျဉ်းသားအခွင့်အရေး အရဖြစ်ဖြစ် ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပေးဖို့သင့်တယ်လို့ သုံးသပ်ပါတယ်။

“အခွင့်အရေးဆိုတာကတော့ တန်းတူညီမျှရမှာပဲလေ။ အစိုးရအဆက်ဆက် စစ်အာဏာရှင်ကော ဘာကော ဒီလိုပဲ ကြွေးကြော်တာပဲလေ။ ဒါကို ခြွင်းချက်လုပ်ရင်တော့ သူတို့ ကမ္ဘာ့အလယ်မှာ သိက္ခာကျတာ ပေါ့။ ပြဌာန်းထားတဲ့ ဂျီနီဗာသဘောတူညီချက်တွေ၊ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ၊ ကမ္ဘာ့ကြက်ခြေနီ စံနှုန်းတွေနဲ့တော့ မကိုက်ဘူးပေါ့နော်။ သို့သော်လည်းပဲ တွေ့ဆုံခွင့်ပေးမယ်ဆိုတဲ့ အပေါ်မှာ သူတို့တော့ အရမ်းစဉ်းစားလိမ့်မယ်ထင်တယ်။ ဘာလို့ဆို သူက အထူးခြွင်းချက် ပုဂ္ဂိုလ် ဖြစ်နေတာကိုး။ အဲလို တွေ့ခွင့်ပေးလိုက်ခြင်းအားဖြင့် ကမ္ဘာ့အလယ်မှာ သူက အခွင့်အရေးတခုကို အသိအမှတ်ပြုရာ ရောက်တာပေါ့။ သူကတော့သိက္ခာတက်တာပေါ့။”

ထောင်ဒဏ် ၃၃ နှစ် အချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူမရှေ့နေတွေက တွေ့ခွင့်ရနိုင်ဖို့ အကျဉ်းဦးစီးဌာနကို အကြိမ်ကြိမ်စာတင် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ ဘက်က ခွင့်မပြု ခဲ့ပါဘူး။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နောက်ဆုံး လက်ကျန် အဂတိလိုက်စားမှုစွဲချက်တွေကို စီရင်ချက်ချခဲ့ချိန် သူမကို ရှေ့နေတွေက ထောင်ထဲ မှာ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေးနဲ့ သူ့ အမှုတွေ အယူခံဝင်ရေး နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ အကျဉ်းထောင် အာဏာပိုင်တွေထံ ရှေ့နေတွေက ၂၀၂၃၊ ဇန်နဝါရီလလယ်ပိုင်း ကတည်းက တောင်းခံ ထားခဲ့ ပေမယ့် ဒီနေ့ဒီအချိန် တွေ့ခွင့်မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီသတင်းတပတ်အ တွင်း လူချင်းတွေ့ခွင့်ရဖို့ ကြိုးစားသွားဖွယ်ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြော ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီကပုဒ်မ ၁၄၄ ဥပဒေထုတ် တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိ