ရခိုင် ဂူတာပြင်အမှု စစ်ခုံရုံးတင် စတင်စစ်ဆေးမည်

မြန်မာလုံခြုံရေးတပ်များ

(Zawgyi / Unicode)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေတွေ့ရှိတာနဲ့ပတ်သက်ပြီး ကနဦးရရှိတဲ့ အထောက်အထားတွေအရ မနက်ဖြန်မှာ အကျဉ်းစစ်တရားရုံးချုပ်က ရုံးထိုင်စစ်ဆေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီတရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ ပြစ်မှုကျုးလွန်တယ်လို့ စစ်ဆေးတွေ့ရှိရင် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြှုပ်ထားတယ်လို့ AP သတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မတ်လမှာတော့စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့ကို တပ်မတော်နည်းဥပဒေနဲ့အညီ ဖွဲ့စည်းစစ်ဆေးခဲ့ပြီးတဲ့နောက် ဒီအမှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးသွားမှာဖြစ်ကြောင်း့ သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ကနဦးစစ်ဆေးတွေ့ရှိထားတဲ့ အချက်အလက်တွေအရစစ်ဘက်ဆိုင်ရာ တရားရုံးစစ်ဆေးမှုကို မနက်ဖြန် အင်္ဂါနေ့မှာ စတင်သွားမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ဒီမှာ ပြစ်မှုကျူးလွန်တယ်လို့ ကျနော်တို့ ကနဦးအနေနဲ့ ပြစ်မှုကျူးလွန်တယ်လို့ ဒီ စစ်ဆေးချက်တွေအရ ကနဦးတွေ့ရှိခဲ့တယ်ပေါ့။ ပြစ်မှုကျုးလွန်တယ်လို့ ကနဦးတွေ့ရှိခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ အကျဉ်းစစ်တရားရုံးချုပ်နဲ့ ရုံးထိုင် စစ်ဆေးသွားမှာဖြစ်ပါတယ်။ မနက်ဖန်စစ်ဆေးမှာဖြစ်ပါတယ်။”

ဒီအမှုကို ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်မှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

အကျဉ်းစစ်တရားရုံးချုပ်က ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိတယ်ဆိုရင် သေဒဏ်အထိ အမြင့်ဆုံးအပြစ်ဒဏ် ချမှတ်နိုင်ကြောင်းလည်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ ကျနော်တို့မှာက စစ်တရားရုံး ၄မျိုးရှိပါတယ်။ စစ်တရားရုံးချုပ်၊ အခုဖွဲ့စည်းတဲ့ အကျဉ်းစစ်တရားရုံးချုပ်။ ပြီးရင်တော့ တိုင်းစစ်တရားရုံး၊ ပြီးရင် တပ်တွင်းစစ်တရားရုံး။ ဒီအကျဉ်းစစ်တရားရုံး Summary General Court Martial ကတော့ ဥက္ကဌအပါအဝင် ၃ဦးနဲ့ ရုံးထိုင်စစ်ဆေးမှာဖြစ်တယ်။ သူကလည်း နယ်ဘက် တရားရုံးတွေနဲ့ ပုံစံအတူတူပါပဲ။ သူ့မှာ စွပ်စွဲခံရသူဘက်ကနေပြီးတော့မှ ကာကွယ်ပေးမယ့် ရှေ့နေလိုပုံစံမျိုး အရာရှိတွေပါမယ်။ ဟိုဘက်က စွပ်စွဲတဲ့သူဘက်ကလည်း ရှေ့နေလို ပုံစံမျိုး အရာရှိ တွေပါမယ်။ ဒီလို စစ်ဆေးတာဖြစ်ပါတယ်။ သူ့ရဲ့ အခွင့်အာဏာကတော့ ကျနော်တို့က အမြင့်ဆုံး ချမှတ်နိုင်တဲ့ အပြစ်ဒဏ်ကတော့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ စစ်တရားရုံးဖြစ်ပါတယ်။”

ရုံးတင်စစ်ဆေးမယ့် သူတွေထဲမှာ အရာရှိ အဆင့်နဲ့ အခြားအဆင့်တွေ ပါဝင်ကြောင်း ပြောဆိုတာရှိပေမဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။

ဒီလို စစ်တရားရုံးက စစ်ဆေးမယ့် အပေါ်မှာတော့ ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။

“ ဒီလို မြေပြင်မှာက ပဋိပက္ခဖြစ်တယ်ဆိုရင် ဘေးထွက် ဆိုးကျိုးတွေ ဆိုတာ ရှိတတ်တယ်ဗျ။ အဲဒါတွေကို လက်ခံ အသိအမှတ်ပြုပြီးတော့ ဘယ်လောက် အတိုင်းအတာထိဖြစ်တယ်။ ကျူးလွန်တာက ဘယ်လိုလဲ။ ပြစ်မှုကျုးလွန်မှုကို အကာအကွယ်မပေးဘဲနဲ့ ကျူးလွန်တဲ့သူများကို ဖော်ထုတ် အရေးယူမယ်ဆိုရင် မြန်မာ့ ပုံရိပ်က အရမ်းကောင်းလာပါလိမ့်မယ်။ အဲတော့ ဒီလို လုပ်ငန်းတွေကို ပိုပြီးတော့ တစိုက်မတ်မတ်လုပ်ပြဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။”

ဂူတာပြင် အမှုဟာ တပ်မတော်က ဒုတိယအကြိမ် ကိုင်တွယ်လာတဲ့ အမှုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဧပြီလအတွင်းကတော့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၁၀ကို သတ်ဖြတ်ခဲ့တဲ့အမှုကို တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တဲ့နောက် အရာရှိနဲ့ အခြားအဆင့် စစ်သည် ၇ဦးကို တပ်မတော်က ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ဖူးပါတယ်။

ဒီလိုချမှတ်ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အရ ထောင်ဒဏ် တစ်နှစ်မပြည့်မီ ပြန်လည်လွှွတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာက ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ရခိုင် ဂူတာပြင်အမှု စစ်ခုံရုံးတင် စတင်စစ်ဆေးမည်



.....................


(Unicode)












