ပြည်ထောင်စုအောင်မြင်ရေး တိုင်းရင်းသားပြည်သူပူးပေါင်းဖို့ အတိုင်ပင်ခံ တိုက်တွန်း

၇၃ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(Zawgyi/Unicode)

ဒီကနေ့ကျရောက်တဲ့ ၇၃ကြိမ်မြောက်ပြည်ထောင်စုနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါတဲ့ ပင်လုံစိတ်ဓါတ်နဲ့ ၂၁ရာစုပင်လုံအောင်မြင်ရေး ရဲရဲအကောင်အထည်ဖော်ဖို့ အလေးထားတင်ပြသွားပါတယ်။ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးကတော့ ဒီအချက်တွေ အောင်မြင်ဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ အားလုံးပါဝင်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။ အပြည့် အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာပါ။

၇၃ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ပင်လုံဆိုတာ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အဓိက ဝေါဟာရဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလေးထား ပြောကြားခဲ့ပြီး ပင်လုံစိတ်ဓါတ် နဲ့ပတ်သက်လို့ အခုလို ချပြခဲ့ပါတယ်။

“ပင်လုံစာချုပ်ဖြစ်ပေါ်လာခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထု ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ကျမ ယူဆပါတယ်။ ဒါဟာ နိုင်ငံအတွက် အရေးပါတဲ့ ကိစ္စရပ်တွေ အောင်မြင်စွာပြီးမြောက်ဖို့ အတွက် ပြည်သူလူထုမပါမဖြစ်ဆိုတဲ့ ဒီမိုကရေစီတန်ဖိုးကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပြောရမယ်ဆိုရင် စာချုပ်ထဲမှာ ပါတဲ့ ဝါကျလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဝါကျလေးက ရှင်းရှင်းတိုတိုလေးပါပဲ။ ကြားဖြတ်မြန်မာအစိုးရနဲ့ ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နဲ့ ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စာရလိမ့်မည်ဆိုတဲ့ အချက်ပါပဲ။ တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်မှ တကယ်အရေးပါတဲ့ နိုင်ငံကိစ္စတွေကို မြန်ဆန်ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို ညွှန်းနေတာပါ။ အထက်ဖော်ပြပါ အချက် ၂ချက်ကို ပေါင်းပြီးတော့ ကြည့်လိုက်မယ် ဆိုရင် ဒီမိုကရေစီပြည်ထောင်စုကြီး အောင်မြင်စွာ ပေါ်ပေါက်လာဖို့ဟာ ပြည်သူလူထု ပါဝင်မှုနဲ့ တိုင်းရင်းသားများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ဒါဟာ ပင်လုံစိတ်ဓါတ်ပါပဲ။ ”

နှစ်၇၀ကျော်ကြာမြင့်လာတဲ့အထိ ပြည်တွင်းမှာ ငြိမ်းချမ်းမှု မရနိုင်တာဟာ အကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်တာ ကြောင့် လို့လည်း သုံးသပ်ပြောဆိုပါတယ်။

“ ခေတ် အဆက်ဆက် အစိုးရတွေဟာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားကြခဲ့ပေမဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အပစ်အခတ် ရပ်စဲရေးလောက်ပဲ အမြင့်ဆုံး ရရှိခဲ့ကြတာဖြစ်ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည်ဆောက်နိုင်တာဟာ လက်နက်ကိုင်ပဋိက္ခရဲ့ အကြောင်းရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့လို့ ဖြစ်တယ်လို့ ကျမတို့ အစိုးရက ယုံကြည်ပါတယ်။”

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံ အစည်းအဝေးက တစ်ဆင့် ဆောင်ရွက်နေ တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ရဲရဲရင့်ရင်နဲ့ ခေတ်သစ်ကို တည်ဆောက်ခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားအားလုံး ပါဝင် တည်ဆောက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် ပန်ကြား ပြောဆိုပါတယ်။

“ ကျမတို့ရဲ့ ပြည်ထောင်စု ဖခင်ကြီးများဟာ သစ်ဆန်းတဲ့အမြင်တွေနဲ့ သတ္တိရှိရှိနဲ့ ငါတို့ခေတ်မှာ ငါတို့ လိုချင်တဲ့ နိုင်ငံမျိုးကို ငါတို့ ထူထောင်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အောင်မြင်မှုကို ရအောင်လုပ်တာပါ။ ကျမတို့လည်း ဒီအတိုင်းပဲ လုပ်ဖို့ လိုပါတယ်။ ကျမတို့ ခေတ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ ကျမတို့ရဲ့ ဒီကမ္ဘာကြီးနဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေအရ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို ဘယ်သူမှ မလုပ်ဖူးသော်လည်း အခု ကျမတို့ လုပ်မယ်ဆိုတဲ့ သတ္တိနဲ့ ပညာအမျှော်အမြင်နဲ့ အားလုံးဝိုင်းပြီးကူညီကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဌ ခွန်မြင့်ထွန်းကတော့ အပြန်အလှန်ယုံကြည်ပြီး အားလုံးပါဝင်လာမယ်ဆိုရင် ဒီမိုကရေစီ၊ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေ ပိုမိုခိုင်မာနိုင်မယ်လို့ ပြောပါတယ်။

“ အဓိက ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ ကျနော်တို့ တိုင်းပြည်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားတန်းတူရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ကတော့ ကျနော်တို့ ကြားမှာ ယုံကြည်မှုက အဓိက ကျပါတယ်။ အဲဒီယုံကြည်မှုရအောင် အပြန်အလှန်အားဖြင့်တော့ ထူထောင်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ လက်တွေ့ကျကျ တစ်ကယ် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ အားလုံးပါဖို့တော့ လိုပါတယ်။ ကျနော်တို့ အားလုံးပါကြတယ်ဆိုရင်တော့၊ အားလုံးကျေကျေလည်လည် ဆွေးနွေးနိုင်ရင်တော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မူတွေ ရရှိရေးကတော့ လွယ်ကူမယ်။ ချောမွေ့မယ်၊ ခိုင်မာမယ်ပေါ့။”

ဒီနေ့ ပင်လုံမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖိတ်ကြားခဲ့သလို NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ပြည်ထောင်စုအောင်မြင်ရေး တိုင်းရင်းသားပြည်သူပူးပေါင်းဖို့ အတိုင်ပင်ခံ တိုက်တွန်း

.................

(Unicode)











