မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာန MRTV ရဲ့ လက်ရှိ ရုပ်သံထုတ်လွှင့်စနစ်ထဲမှာ ထည့်သွင်းထုတ်လွှင့်မယ့် Free-To-Air အခမဲ့ ရုပ်သံလိုင်းငါးခုကို ပြန်ကြားရေးဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ MRTV ကပဲဖြစ်ဖြစ် ဆင်ဆာလုပ် တည်းဖြတ်မှာမဟုတ်ဘဲ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ MRTV ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်၊ စနေနေ့က ရန်ကုန်မြို့မှာလုပ်တဲ့ MRTV နဲ့ ရုပ်သံလိုင်းသစ်ငါးခုအကြား လက်မှတ်ရေးထိုးပွဲမှာ ဦးမြင့်ထွေးက သတင်းထောက်တွေကို ပြောသွားတာပါ။
ဒီရုပ်သံလိုင်းတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို စနစ်တကျကျင့်သုံးပြီးတော့ အများပြည်သူကို သတင်းပေး၊ အသိပညာပေး၊ ဖျော်ဖြေရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါစေလို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကလည်း ပြောသွားပါတယ်။
MRTV နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ ရုပ်သံလိုင်းသစ်ငါးခုကို ထုတ်လွှင့်မယ့်ကုမ္ပဏီတွေကတော့ Mizzima ၊ DVB ၊ Fortune ၊ KMA TeleMedia နဲ့ My Multi Media Group တို့ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Mizzima TV ကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး မေလမှာ လိုင်းသစ်ငါးခုလုံးကို ဖမ်းယူကြည့်ရှုနိုင်မယ် လို့ ပြည်တွင်းသတင်းတွေမှာဖော်ပြပါတယ်။
အခု ရုပ်သံလိုင်းသစ် ငါးခုနဲ့ဆိုရင် မြန်မာနိုင်ငံတွင်းမှာ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်တဲ့ ရုပ်သံလိုင်း စုစုပေါင်း ၁၆ လိုင်း ရှိသွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကပြောပါတယ်။
Your browser doesn’t support HTML5