မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၁ သန်းကျော်ရှိ (ကုလအတွင်းရေးမှူးချုပ်ရုံး)

သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာသားများ စစ် ဘေးလွတ်ရာကို ထွက်ပြေးနေကြပုံ( KIC)

(Zawgyi / Unicode)

မြန်မာနိုင်ငံ တဝန်းမှာ လက်ရှိ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၁,၀၀၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကလေးငယ် ၄ သန်းကျော်ဟာလည်း စာသင်နှစ် ၂ နှစ် တိတိ ပညာသင်ကြားခွင့် မရဖြစ်နေကြောင်း၊ ကလေးတွေကို တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားခွင့်မှာ အဟန့်အတားတွေ ဖြစ်နေတာဟာဆိုရင် ကလေးလုပ်သား၊ လူကုန်ကူးခံရမှုနဲ့ အရွယ်မတိုင်မီ အိမ်ထောင်ချထားမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုပြီး များလာစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သွားလာခွင့် အခက်အခဲနဲ့ ရန်ပုံငွေ မလုံလောက်မှုတွေ အကြီးအကျယ် ရှိနေပေမယ့်လည်း ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက နိုင်ငံတွင်းမှာ ဆက်လက် နေထိုင် ဆောင်ရွက်နေကြောင်း၊ ၂၀၂၂ ခုနှစ် ပထမ ၄ လ အတွင်း လူပေါင်း ၂ ဒသမ ၆ သန်းကို အကူအညီ ပေးအပ်နိုင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်မှာ ဖော်ပြထားတဲ့ အတိုင်း ကျန်ရှိနေတဲ့ လူပေါင်း ၆ ဒသမ ၂ သန်းကို ကုလသမဂ္ဂ အနေနဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးကတော့ ရန်ပုံငွေ ထပ်တိုးရရှိမှု၊ သွားလာခွင့် တိုးတက် ရရှိမှု၊ ပြည်ဝင်ခွင့် ကြန့်ကြာမှု၊ ဘဏ်လုပ်ငန်း အတားအဆီးတွေလို တားမြစ်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမှု အပေါ်မှာ မူတည်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံ အတွက် စာနာမှု အကူအညီ အတွက် ဒေါ်လာ ၈၂၆ သန်း ရရှိရေး ပန်ကြားထားတာမှာ အခုအချိန်ထိ ၁၁ ရာခိုင်နှုန်းသာ ရရှိသေးတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၁ သန်းကျော်ရှိ (ကုလအတွင်းရေးမှူးချုပ်ရုံး)

(Unicode)





