{{Zawgyi/Unicode}}
အာဖဂန်နစ်စတန်နိုင်ငံမှာ သြဂုတ်လက တာလီဘန်တွေထိန်းချုပ်လိုက်တဲ့နောက် အိမ်နီးချင်းပါကစ္စတန် နိုင်ငံထဲ ထွက်ပြေးခိုလှုံတဲ့ အာဖဂန်နိုင်ငံသားက ၃ သိန်းကျော်ရှိနေပြီး အခုတော့ ပါကစ္စတန်အစိုးရက သူတို့ကို နေရပ်ပြန်ခိုင်းနေပါပြီ။
ပါကစ္စတန်နိုင်ငံထဲကို တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်သူ အာဖဂန်နိုင်ငံသား ၁၀၅ ၀၀၀ လောက်ရှိတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပထမဆုံးထုတ်ဖေါ်ပြောကြားခဲ့တာဖြစ်ပြီး ဒီအထဲက ခရီးသွား သက်တမ်း ကုန်သွားသူတွေကလည်း မပြန်ပဲဆက်နေနေကြတယ်လို့ ဆိုပါတယ်။
ကျန် ၂ သိန်းလောက်ကတော့ တရားမဝင်လာရောက်သူတွေ ဖြစ်ပြီး အခု အာဖဂန်နိုင်ငံမှာ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ရက်ပေါင်း ၉၀ အတွင်း ပြန်ခိုင်းထားတယ်လို့ ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး Fawad Hussain က VOA ကို ပြောပါတယ်။
ပါကစ္စတန်နိုင်ငံဟာ လက်ရှိမှာ ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်ခံရသူတွေနဲ့ စီးပွါးရေးကြောင့် တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေ အပါအဝင် အာဖဂန်နိုင်ငံသား ၃ သန်းလောက်ကို လက်ခံထားရတာ ဖြစ်ပြီး အခုနောက်ထပ် ဝင်ရာက်လာသူတွေကြောင့် မခိုင်မာတဲ့ ပါကစ္စတန်စီးပွါးရေး ခံနိုင်ရည်ရှိတော့မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။
အာဖဂန်မှာ သြဂုတ်လ ၁၅ ရက် တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့နောက် ပါကစ္စတန်က မိုင်ပေါင်း ၁၆၀၀ ကျော် ရှည်လျားတဲ့ အာဖဂန် - ပါကစ္စတန် ၂နိုင်ငံနယ်စပ် တလျှောက် ဒုက္ခသည်တွေဝင်မလာအောင် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာ ဖြစ်ပါတယ်။
အာဖဂန်မှာ ဆင်းရဲတွင်းနက်လာပြီး အလုပ်လက်မဲ့တိုးလာသလို ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှား ဒဏ်ကြောင့် အာဖဂန်နိုင်ငံသား အများအပြားက နိုင်ငံကို စွန့်ခွါချင်နေကြတာ ဖြစ်ပြီး ဒီကြားထဲ အနောက်တိုင်းအစိုးရတွေ ထောက်ခံမှုပေးထားတဲ့ အာဖဂန်အစိုးရပြုတ်ကျခဲ့တဲ့နောက် တာလီဘန်တွေရဲ့ လက်စားခြေမှုဒဏ်ခံရမှာ စိုးရိမ်သူတွေက ပြည်ပကို ထွက်ပြေးဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
.......................................
Your browser doesn’t support HTML5
{{Unicode}}