ပိတ်ဆို့မှုတွေ ဖယ်ရှားရေး တာလီဘန်တွေ ပန်ကြားချက် အမေရိကန်ပယ်ချ
{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ကို တာလီဘန်တွေ စာရေးသား ပန်ကြားရာမှာ အချက်အလက်တွေကို လိုသလိုဆွဲ ဖော်ပြထားတယ်လို့ အမေရိကန်က တုံ့ပြန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ သြဂုတ်လလယ်က တကျော့ပြန် အာဏာရခဲ့ပြီးနောက် အာဖဂန်ရဲ့ ပြည်ပအရန်ငွေ ဒေါ်လာ ၉ ဘီလီယံခွဲကို အမေရိကန်က ထိန်းချုပ်ခဲ့တာကို ဖယ်ရှားပြီး စီးပွားရေး ဒဏ်ခတ်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော် အမတ်တွေထံ တာလီဘန်တွေက ဗုဒ္ဓဟူးနေ့ကပဲ အိတ်ဖွင့်ပေးစာ ရေးသားခဲ့တာပါ။
ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအထောက်အပံ့တွေ မရတာကြောင့် အကူအညီတွေကို အားထားနေရတဲ့ အာဖဂန်စီးပွားရေး ပြိုကွဲခဲ့ရကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ကရေးသားခဲ့တာပါ။ တာလီဘန်တွေ လက်ထက်မှာ အစိုးရဝန်ထမ်းတွေကို လစာမပေးနိုင်သလို၊ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း ပြည်ပကနေ မတင်သွင်းနိုင်ပဲ ဖြစ်နေပါတယ်။
အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Thomas West ကတော့ အာဖဂန်နိုင်ငံမှာ တာလီဘန်တွေ မထိန်းချုပ်ခင်ကတည်းက ကိုဗစ် ၁၉ကပ်ရောဂါ ဒဏ်ကိုရော၊ နှစ်နဲ့ချီတဲ့ မိုးခေါင်ရေရှားမှု၊ စစ်ဖြစ်နေမှုတွေကြောင့် စီးပွါးရေးရော လူသားစာနာမှုအခြေနေတွေပါ အတော်ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ကြောင်း သောကြာနေ့မှာ Twitter လူမှုကွန်ရက်ကနေ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။
တကယ်လို့ တာလီဘန်တွေက အမေရိကန်က ထောက်ခံပန့်ပိုးပေးနေတဲ့ အရင်အာဖဂန်အစိုးရနဲ့ ညှိနှိုင်းမှုမလုပ်ပဲ စစ်တပ်အာဏာသုံး အုပ်ချုပ်နေမယ်ဆိုရင် အခြေခံဝန်ဆောင်မှုတွေ အပါအဝင် လူသားစာနာမှုမဟုတ်တဲ့ နိုင်ငံရပ်ခြားအကူအညီတွေကို ရပ်ဆိုင်းပစ်မှာဖြစ်ကြောင်း အမေရိကန်က အရင်ကတည်းက ပြတ်ပြတ်သားသား ပြောထားတာဖြစ်ပြီး အမျိုးသမီးတွေ၊ မိန်းခလေးတွေ၊ လူနည်းစုတွေရဲ့ရပိုင်ခွင့်ကို လေးစားဖို့၊ အဖွဲ့အားလုံးပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုတွေ လုပ်မှ တရားဝင်အသိမှတ်ပြုတာ၊ ပန့်ပိုးတာတွေ လုပ်ပေးမှာ ဖြစ်ကြာင်းလည်း ပြောပါတယ်။
အမေရိကန်အနေနဲ့ အာဖဂန်ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေကို ဆက်လက်ပေးအပ်နေမှာ ဖြစ်သလို ဒီနှစ်ထဲမှာပဲ အမေရိကန်က ဒေါ်လာသန်းပေါင်း ၄၇၀ ကျော် အကူ အညီ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
............................................................
{{Unicode}}