ကန်တောင်ပိုင်းနယ်စပ်ဖြတ်ဝင်လာသူ လဝက်အတွင်း ၁ သိန်းကျော်ရှိ  

အမေရိကန်-မက္ကဆီကိုနယ်စပ် Rio Grande မြစ်ကိုဖြတ်ကျော်ပြီး Eagle Pass မြို့ ကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့ (စက်တင်ဘာ ၁၅၊ ၂၀၂၃)

မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံမှာ အခြေချဖို့ ကြိုးစားဝင်ရောက်လာသူ အခုစက်တင်ဘာ ပထမ လဝက်အတွင်းမှာတင် တသိန်းခွဲနီးပါး ရှိနေပြီလို့ အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ တလလုံးမှာ ဝင်ရောက်ခဲ့တဲ့ အရေအတွက်ထက် ကျော်လွန်သွားပြီလို့ ပြောပါတယ်။

နိုင်ငံတောင်ပိုင်းနယ်စပ်မှာ လတ်တလော လူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ကိစ္စကို ကူညီ ကိုင်တွယ်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တပ်ဖွဲ့ဝင် ၈၀၀ စေလွတ်မယ့်လို့ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အခုလို တပ်ဖွဲ့ဝင်တွေ နယ်စပ်လုံခြုံရေးကိစ္စမှာ ကူညီပေးဖို့ ရောက်လာတဲ့အတွက် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး တာဝန်ယူရမယ့် အရာရှိတွေအနေနဲ့ သူတို့ရဲ့ မူလတာဝန်တွေကို အာရုံစိုက် ထမ်းဆောင်နိုင်ကြမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်ပြည်ထာင်စု တက္ကဆက်ပြည်နယ် Eagle Pass နယ်စပ်မြို့မှာ သံဆူးကြိုးနဲ့အတူ လုံခြုံရေးပြင်ဆင်နေတဲ့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ (စက်တင်ဘာ ၁၃၊ ၂၀၂၃)

ထောင်နဲ့ချီတဲ့ အထောက်အထားမဲ့ ရွေ့ပြောင်း နေထိုင်လိုသူတွေ အခုရက်ပိုင်းတွေအတွင်း အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့အတွက် မက္ကဆီကိုနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ Texas ပြည်နယ်၊ Eagle Pass မြို့မှာ အင်္ဂါနေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။

ဒီအတောအတွင်း အခုလို ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ တရားမဝင်ရောက်လာကြသူတွေပြဿနာ ပြေလည်ရေးအတွက် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံထဲ ဇူလိုင်လ ၃၁ ရက်နေ့မတိုင်ခင်က ရောက်နေကြတဲ့ ဗင်နီဇွဲလားနိုင်ငံသား ၄ သိန်းခွဲကျော်ကို TPS လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လျှောက်ထားခွင့် ဘိုင်ဒန်အစိုးရက ပြုခဲ့ပါတယ်။ TPS အစီအစဉ်နဲ့ ယာယီနေထိုင်ခွင့်ရသူတွေအနေနဲ့ အမေရိကန်မှာ တရားဝင် အလုပ်လုပ်ခွင့်ရကြမှာဖြစ်ပါတယ်။