သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe  Biden ရဲ့ သားဖြစ်သူ ရာဇဝတ်မှု စွဲချက်တင်ခံရ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူ Hunter Biden
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူ Hunter Biden

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ သူ့ကို သေနတ်ရောင်းချဖို့ သေနတ်ရောင်းသူတဦး အပေါ် လှည့်ဖြားခဲ့မှုနဲ့ ကြာသပတေးနေ့က ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ လက်ရှိ ရာထူးရယူထားတဲ့ သမ္မတတဦးရဲ့သားသမီးထဲက ပထမဆုံး စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။

သေနတ်ဝယ်ယူချိန်က "တရားမဝင် မူးယစ်ဆေးသုံးစွဲနေတယ်” ဆိုတဲ့အချက်ကို လိမ်လည်မှုနဲ့ ဆက်စပ်ပြီး ရာဇ၀တ်မှု (၃) ခုနဲ့ ဒဲလာဝဲပြည်နယ်ကခရိုင်တရားရုံးမှာ စွဲချက်တင်ခံခဲ့ရတာပါ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက Colt Cobra အမျိုးအစား သေနတ်တလက်ကိုဝယ်ယူရာမှာ ဟန်တာဘိုင်ဒန်က သူ့ရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး လိမ်လည်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ တရားမဝင် မူးယစ်ဆေးသုံးစွဲနေချိန်မှာ သေနတ်ပိုင်ဆိုင်ခွင့်မရှိတာကြောင့် ဒီအချက်ကို လိမ်လည်ခဲ့တာလို့ ဆိုပါတယ်။

ဒီအမှုက နောက်နှစ်မှာ သမ္မတပြန်အရွေးခံမယ့် ဂျိုးဘိုင်ဒန်အပေါ် သက်ရောက်မှု ရှိမလားဆိုပြီး စောင့်ကြည့်နေကြတဲ့ သားဖြစ်သူဟန်တာဘိုင်ဒန်ရဲ့ ဥပဒေရေးရာ ရင်ဆိုင်ရမှာတွေထဲက တခု ဖြစ်လာပါတယ်။

အသက် ၅၃ အရွယ် ဟန်တာဘိုင်ဒန်အပေါ် အခွန်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဖို့ ရှိမရှိကိုတော့ ဒီအမှုမှာ အထူးစုံစမ်းစစ်ဆေးရေမှူးအဖြစ် ခန့်အပ်ခံထားရတဲ့ David Weiss က တစုံတရာ ထုတ်မပြောသေးပါဘူး။ ဇူလိုင်တုန်းကလုပ်ခဲ့တဲ့ ကြားနာမှုမှာတော့ အခွန်အမှုနှစ်မှုမှာအပြစ်ရှိကြောင်း ဟန်တာဘိုင်ဒန်ကဝန်ခံပြီး ပြုပြင်ပြောင်းလဲရေး အစီအစဥ်တခုမှာပါဝင်ဖို့သဘောတူခဲ့ရင် သေနတ်အမှုမှာ တရားမစွဲခံရဘူးဆိုပြီး သဘောတူခဲ့ကြတာပါ။

ဒါပေမယ့် အထူးစုံစမ်းစစ်ဆေးရေမှူး David Weiss ကတော့ အခွန် အမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ဆိုပြီး လိုအပ်လာရင် မြို့တော် ဝါရှင်တန် ဒီစီ ဒါမှမဟုတ် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်က ဗဟိုခရိုင်ထဲမှာ စွဲချက်တင်ဖို့ ရှိပါတယ်။

ဟန်တားဘိုင်ဒန်ရဲ့ နိုင်ငံရပ်ခြားက စီးပွားလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်ကိုစွပ်စွဲပြစ်တင်ဖို့ ရီပတ်ဘလီကန်ဦးဆောင်တဲ့ အောက်လွှတ်တော်က ကြေညာပြီး နှစ်ရက်အကြာမှာ အခုလိုသေနတ်မှုနဲ့ ဟန်တားဘိုင်ဒန် တရားစွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူတော်က မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်မှာ လက်ရှိ သားသမီး နှစ်ဦးရှိပြီး ဟန်တာဘိုင်ဒန်နဲ့ သမီး အက်ရှလေဘိုင်ဒန်တို့ ဖြစ်ပါတယ်။ သားတဦးဖြစ်သူ Beau Biden က ၂၀၁၅ မှာ ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ပြီး သမီးဖြစ်သူ Naomi Biden ကလည်း ဂျိုးဘိုင်ဒင်ရဲ့ပထမဇနီးနဲ့အတူ ကားမတော်တဆဖြစ်မှုကြောင့် မွေးကင်းစကတည်းက သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG