နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် တိုးလာဖွယ်ရှိ

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ(ဓါတ်ပုံ -မတ်လ ၁၀ ရက်နေ့ ၂၀၂၀ )

(Zawgyi/Unicode)

နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်တွေယှဉ်ပြိုင်မှုတွေ တိုးလာမယ်လို့ ခန့်မှန်းနေသလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရရေးကြိုးပမ်းနေကြတဲ့အကြောင်း တင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခ က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ကိုယ်စားပြုမှုတွေပိုရလာဖို့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ မျှော်လင့်နေကြပေမဲ့ စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် အရင်နှစ်ထက် ပိုတိုးလာပြီး ၂၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ပါတီပြန်ကြားရေးပြန်ကြားရေး တာဝန်ခံ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ နောက်တကြိမ် ယှဉ်ပြိုင်မယ့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် ကတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ဘယ်လိုဟာဘဲဖြစ်ဖြစ် အမျိုးသားနဲ့ အမျိုးသမီးနဲ့ဖြစ်ဖြစ်ကြည့်တဲ့ရှုထောင့်ကမတူဘူး။ အဲဒါကြောင့် ပိုပြီးတော့ ပြည့်စုံတဲ့ ကိုယ်စားပြုမှုတွေရတယ်။အမျိုးသမီးပါဝင်မှု များပြီး ပိုပါဝင်လာတဲ့ အားဖြင့်ပေါ့။ ကျမတို့မြန်မာနိုင်ငံမှာဆိုပိုပြီးလိုအပ်တယ်။ ကျမတွေးမိတာက ခေတ်အဆက်ဆက် အမျိုးသားတွေ အုပ်ချုပ်တာများလာလို့ ငြိမ်းချမ်းရေးရဖို့တွေ ပိုပြီးတော့မှ မျှတတဲ့ ဥပဒေတွေ နောက် အားလုံးပူးပေါင်းပါဝင်မှုတွေ အားနည်းခဲ့သလားလို့ ကျမမြင်တာပေါ့နော်။ ပိုပြီးတော့မှ မျှတတဲ့ environment တခု ဖြစ်ဖို့အတွက်အမျိုးသမီးတွေပါဝင်မှုက အရေးကြီးတယ်လို့ ကျမပြောချင်တာပေါ့နော်။”

ဒါပေမဲ့လည်း အမျိုးသားတွေ အများစုရှိနေတဲ့ နိုင်ငံရေး လောကမှာအမျိုးသမီးတွေ ပါဝင်ခွင့်ရရေး စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့ ရွေးချယ်ခံမယ့် ဒေါက်တာညိုညိုသင်း ကတော့ ၂၀၁၅ ခုနှစ်မှာတုန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ချိန်မှာ စိန်ခေါ်မှုတွေ ကိုယ်တိုင်ကြုံခဲ့ရဖူးတယ်လို့ပြောိပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက အမျိုးသားကိုယ်စားလှယ်တွေထက် ပိုပြီးတော့ စိန်ခေါ်မှုတွေ အများကြီးကြုံရတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမဲဆွယ်တဲ့ကာလတွေမှာ ဆိုရင် အမျိုးသမီးကိုယ်စားလှယ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ၊ အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ အမျိုးသမီးကိုယ်စားလှယ် တွေ ဆိုင်းဘုတ်တွေ ဖျက်ဆီးတာတွေ ကြုံရတယ် ၂၀၁၅ မှာ ကိုယ်တိုင်ကြုံခဲ့ရတယ်။ မဟုတ်မမှန်စွပ်စွဲပြောဆို ရေးသားတိုက်ခိုက်တာတွေရှိတယ်။ အဲတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို တိုက်ခိုက်တာတွေဟာ အမျိုးသား ကိုယ်စားလှယ်လောင်းတွေကြုံတွေ့ရတာထက် ပိုကြီးမားတယ်။”

အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။

တိုင်းရင်းသားပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကလည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်နဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းကျော် ပါဝင်မယ်လို့ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးပါတီတခု အနေနဲ့ သီးခြားရပ်တည်နေတဲ့မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်ကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာအမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ ကျမတို့နိုင်ငံမှာ အဓိက ၂ ချက်ကျမတို့မြင်တယ်၊ မပြင်လို့ကို မရတဲ့ အချက် ၂ ချက်ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ စားဝတ်နေရေးပေါ့ အဲဒီ ၂ ခုကိုတော့ ကျမတို့ ရအောင်ဖြေရှင်းသွားမယ်လို့ ခံယူထားပါတယ်။ကြိုးစားသွားမယ်လို့ လက်စွဲထားပါတယ်။”

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ အုပ်ချုပ်မှုတွေအဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့၂၀၁၀ ပြည့် ရွေးကောက်ပွဲမှာတော့ အမျိုးသမီးပါဝင်မှုဟာ၄ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်ထဲမှာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အယောက် ၇၀ ရှိခဲ့သလို ပါဝင်မှု ရာခိုင်နှုန်းကလည်း ၁၃ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ချင်း၊ ကယားနဲ့ ရခိုင်ပြည်နယ် လွှတ်တော်တွေမှာအမျိုးသမီးကိုယ်စားလှယ် မရှိတာလည်း တွေ့ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြည်ထောင်စု ဝန်ကြီး ၃၃ ယောက်မှာ အမျိုးသမီး ၂ ဦးသာ ပါဝင်ခဲ့ပြီး၊ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ မရှိခဲ့သလို NLD ပါတီကဦးဆောင်တဲ့ လက်ရှိအစိုးရ လက်ထက်မှာလည်း အစိုးရအဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးဆိုလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးသာ ရှိပါတယ်။

Your browser doesn’t support HTML5

နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် တိုးလာဖွယ်ရှိ


...........


(Unicode)










