(Zawgyi/Unicode)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေသလို သေဆုံးသူလည်း များလာနေပါတယ်။ ကိုဗစ်ရောဂါ ကူးသူ ဟုတ် မဟုတ် မစစ်ဆေးနိုင်ခင်မှာ သေဆုံးသူတွေလည်း အများအပြားရှိနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေး ပရဟိတလုပ်နေသူတွေက ပြောပါတယ်။ ကလေးမြို့ဘက်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာဦးရေဟာ ဇွန်လ ၂၂ရက်ကနေ ၂၈ ရက်အထိ ၇ ရက်အတွင်း ၃၄၅ ဦး အထိရှိနေပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ စာရင်းဖြစ်ပြီး၊ တကယ်တမ်း မစစ်ဆေးနိုင်ဘဲ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ ဒီထက်မကများနိုင်တယ်လို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ ကူးစက်သူအတည်ပြုလူနာနဲ့ ရောဂါသံသယရှိသူတွေအပြင် သေဆုံးသူတွေ နေ့စဉ်ရှိနေတဲ့ ကလေးမြို့ရဲ့ ကိုဗစ်အခြေအနေဟာ စိုးရိမ်စရာကောင်းနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာရှင် လုပ်အားပေးတဦးက ဗွီအိုအေကိုပြောပါတယ်။
"ဒီကလေးမြို့ရဲ့ ကိုဗစ်က အလွန်အမင်း တအားမြင့်လွန်းတယ်၊ မြန်လွန်းတယ်။ သေဆုံးနှုန်းတွေဆိုရင်လည်း တအားမြင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တလေက စစ်တမ်းမကောက်လိုက်ရဘူး၊ သံသယနဲ့ပဲ သေသွားကြတာ။ အဲဒီသေဆုံးနှုန်းတွေမြင့်တာ ဘယ်ကနေကြည့်ရင်သိသာသလဲဆို သင်္ချိုင်းမြေကနေကြည့်ရင် သိသာတယ်။ ချင်းလူမျိုးတွေဆိုရင် သင်္ဂြိုလ်ဖို့အတွက် အုတ်ဂူတွေကြိုလုပ်ထားတာ ရှိတယ်လေ။ အဲဒါတွေဆိုရင်တောင်မှ နိုင်အောင်လုပ်နေရတာ။ အုတ်တွေ အင်္ဂတေတွေ စိုနေတုန်းတန်းလန်းကြီးရှိသေးတယ်၊ ပျဉ်ပြားတွေကို မဖြုတ်နိုင်တဲ့အခါကျတော့ ဒီတိုင်းပဲပိတ်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ အုတ်ဂူဈေးနှုန်းတွေတောင်မှ တက်ရတဲ့အနေအထားထိ ရောက်သွားတယ်။"
ကလေးမြို့မှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ လောက်ရှိပါတယ်။ ဓါတ်ခွဲစစ်ဆေးအတည် မပြုနိုင်ခင် သံသယလူနာအဖြစ် သေဆုံးသွားသူတွေလည်းရှိပါတယ်။
ခုလိုအခြေအနေဖြစ်နေပေမဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်၊ ကိုဗစ်လူနာတွေ သံသယလူနာတွေကို သီးခြားခွဲထားနိုင်ဖို့ နေရာ အခက်အခဲအပြင် ဆေးပစ္စည်းကိရိယာလည်း မလုံလောက်တဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ ကပ်ရောဂါကိုအတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ဖို့ ဒေသခံတွေပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ လုပ်အားပေးတဦးက ပြောပါတယ်။
"လူနာတွေအတွက် အဓိကလိုအပ်ချက်က အောက်ဆီဂျင်ဖြစ်လာတယ်၊ နောက်တခုက ဆေးဝါးဖြစ်လာတယ်။ ဆေးဝါးကဝယ်ရတာလည်း တချို့ဆေးဆိုင်တွေက သူတို့ကိုယ်တိုင်က ကူးစက်ခံရတော့ ပိတ်ကြရတာလေ။ ဆေးဝါးပြတ်လတ်မှုတွေရှိတယ်။ ဆေးရှိရင်တောင်မှ ဆိုင်တွေပိတ်ထားတော့ လူထုကဆေးဝယ်ဖို့ အခက်အခဲတွေရှိတာပေါ့။ ဒီလိုအချိန်မှာ ကျနော်တို့ ကြိုးစားပြီးတော့ ထိန်းကြည့်မယ်။ ထိန်းကြည့်လိုက်လို့ ရရင်ရပေါ့နော်၊ မရဘူးဆိုရင်တော့ ကျနော်တို့မြို့အတွက်က ဒါအစလေးပဲ ရှိသေးတာ။ နောက်ထပ် အများကြီးသေနိုင်တယ်။ လူဦးရေ ထောင်ဂဏန်းထိလည်း သေသွားနိုင်တဲ့အခြေအနေမျိုးရှိတယ်။"
ကိုဗစ်လူနာတွေကို ကုသပေးနိုင်ဖို့ ကလေးမြို့မှာ ကိုဗစ်စင်တာတခုကိုလည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွင့်လှစ်ထားပါတယ်။ ပရဟိတအသင်းတွေကလည်း လူနာတွေ အဓိကလိုအပ်နေတဲ့ အောက်ဆီဂျင်ဗူးတွေကို တခြားမြို့တွေအထိ သွားယူပေးနေရပါတယ်။
"အရင်ရက်တွေကတော့ တအားခက်ခဲတယ်ဗျ။ မနေ့ကနဲ့ ဒီနေ့တော့ ဘယ်သူလာလာ မပြတ်အောင် ထည့်ပေးနိုင်တယ်ဗျ။ မနက်ဖြန် တရက်အထိလောက်တော့ အဆင်ပြေမယ်ဗျ။ သန်ဘက်ခါရောက်ရင် နည်းနည်းပြန်ခက်ခဲသွားမယ် ထင်တယ်ဗျ။ ကျနော် မုံရွာနဲ့ မန္တလေးကို ဘူးခွံတွေကုန်တာမှန်သမျှ အလှည့်ကျ တလှည့်စီတင်ပြီး မပြတ်အောင်လုပ်နေရတယ်။ ကျနော့်တနေရာတည်းကို တရက်ကို အောက်ဆီဂျင်ဘူးကြီး ၇၀ - ၈၀ လောက် ကုန်တယ်ဗျ။ တခြားပရဟိတ အသင်းတွေကလည်း ဖြည့်ပေးနေတယ်ဆိုတော့ တရက်တရက် အောက်ဆီဂျင်လိုအပ်ချက်က နည်းတာတော့မဟုတ်ဘူးဗျ။"
ရောဂါကူးစက်မှုအခြေအနေကြောင့် မလိုအပ်ရင် အပြင်မထွက်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ကလေးမြို့လည်း ပါဝင်နေပါတယ်။ အခုလို Stay at Home မြို့နယ်တွေထဲက တချို့နေရာတွေကို အသွားအလာကန့်သတ်ထားပြီး၊ အခြေခံပညာသင်ကျောင်းတွေကိုလည်း အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကူးစက်သူ ပြန်မြင့်တက်နေတာမှာ ဇွန်လ ၂၈ ရက်နေ့က အတည်ပြုလူနာသစ် ၁ ထောင့် ၂ ရာကျော်အထိရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲက Myanmar Convention Center၊ ရိုးမရိပ်သာ၊ နဲ့ အင်းယားစင်တာတို့မှာ ကိုဗစ်ကုသရေးစင်တာတွေ ဖွင့်လှစ်ထားပါတယ်။ အားကစားနဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကျောင်းတွေပြန်ဖွင့်နေချိန် ခုလို ကိုဗစ်ကပ်ရောဂါဖြစ်သူတွေ ပြန်များလာတဲ့အတွက် ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ သတိထားလိုက်နာသင့်တဲ့ အချက်တွေကိုလည်း စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။ အဲဒီထဲမှာ နှာခေါင်းစည်း မျက်နှာအကာတွေမပါရင် ကျောင်းထဲ လုံးဝပေးမဝင်ဘူးဆိုတဲ့ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောထားပေမဲ့ တချို့နေရာတွေမှာ လိုက်နာမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
..................................................................................
Your browser doesn’t support HTML5
(Unicode)