ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ရဲ့ အဓိက ရည်မှန်းချက်ဟာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမှာ အထူးဒေသ ၄ ဥက္ကဋ္ဌက ပြောကြားပြီး အခမ်းအနားအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တည်ဆောက်ရေးအတွက် ၁၉၉၃ခုနှစ် အမျိုးသားညီလာခံကတည်းက တောင်းဆိုခဲ့ကြောင်း အထူးဒေသ ၄ ရဲ့ ပြောခွင့်ရသူက ရှင်းလင်းခဲ့ပါတယ်။ဒီသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မိုင်းလားဒေသရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ကို ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ နှစ် ၃၀ ပြည့်အခမ်းအနားကို မိုင်းလားမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
မိုင်းလား၊ ဆီလူးနဲ့ နမ့်ပန်း နယ်မြေဒေသတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အထူးဒေသ ၄ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ဆောက်သွားမှာဖြစ်ကြောင်း အထူးဒေသ ၄ ရဲ့အာဏာပိုင်အဖဲ့ွဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းက နှစ် ၃၀ပြည့် အခမ်းအနားအဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
“အထူးဒေသ ၄ ကို တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး သာယာဝပြောတဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဒေသအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး လူထုကျေနပ်တဲ့ နိုင်ငံတော်အစိုးရ အသိအမှတ်ပြုတဲ့ နိုင်ငံတကာ လေးစားတဲ့ ဒေသဖြစ်ပေါ်လာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”
အခမ်းအနားအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်းနဲ့ ပြန်ကြားရေးဌာန ဌာနမှူး ဦးခမ်းမောင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ရေးကို အမျိုးသားညီလာခံ စတင်စဉ်ကတည်းက တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။
“၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ စကျင်းပတဲ့အချိန်ကနေ တောင်းဆိုထားတဲ့ မူကတော့ မပြောင်းလဲဘူး အခုထိ။ ကျနော်တို့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ အဖြစ် သတ်မှတ်ပေးခဲ့တာ ရှိတယ်။ မိုင်းလားရယ်၊ ဆီလူးရယ်၊ နမ့်ပန်းရယ် အဲဒီ ဒေသ ၃ ခု၊ အဲဒါကို တစ်စုတစ်စည်းတည်းထားပြီးတော့ မိုင်းလားကို အထူးဒေသ ၄ လို့ မခေါ်တောင်မှ ဒီအခေါ်အဝေါ် အသုံးအနှုန်းမသုံးတောင်မှ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်နဲ့ သတ်မှတ်ပေးပါဆိုပြီး ကျနော်တို့ ၉၃ ကနေစပြီး ဒီကနေ့အထိ ကျနော်တို့ရဲ့ တောင်းဆိုချက်က ဒါပဲ။ နိုင်ငံရေးရည်မှန်းချက်က ပြည်ထောင်စုကနေ ခွဲထွက်ဖု့ိ ပြည်နယ်တောင်းဖို့ ဒါတွေက ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့ တောင်းဆိုချက်မှာကျတော့ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပါ။ ကျနော်တို့ တောင်းဆိုချက်က ဒါပဲလေ။”
လက်ရှိ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ် ရေးထိုးဖို့ကိုလည်း မဆန့်ကျင်ကြောင်း၊ အားလုံးပါဝင်ရေးမူအရ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
အထူးဒေသ ၄ က သူတို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို အခုလို ဆက်လက် ပြောပါတယ်။
“နောက်နောင်ဆို ကျနော်တို့က ဘယ်လိုသွားမလဲဆိုတော့ ကျနော်တို့က NCA ထိုးကြမယ်။ အားလုံးပေါ့။ အချိန်တန်ရင် NCA ထိုးကြမယ်။ ထိုးပြီးရင် ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲပါမယ်။ အဲဒီကျမှ ကျနော်တို့က နိုင်ငံရေးဆွေးနွေးရမယ်။ ကျနော်တို့ လိုချင်တာ၊ ကျနော်တို့ရဲ့ ရည်မှန်းချက် နိုင်ငံတော်တင်မယ်။ နိုင်ငံတော်က ဘာထပ်ချပေးမလဲ။ အဲဒီကျမှ ကျနော်တို့ ရွေးကောက်ပွဲတို့ ဘာတို့ ပါလို့ ဖြစ်မှာပေါ့။ ကျနော်တို့ မခွဲဘူး။ ဒါပေမဲ့ ကျနော်တို့ ဧရိယာထဲမှာ၊ ကျနော်တို့ ချုပ်ကိုင်ထားတဲ့ အထူးဒေသ ၄ မှာ ကိုယ့်ရဲ့ ပြည်သူတွေအတွက် ကိုယ့်ဒေသအတွက် ကာကွယ်သွားမယ်။”
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လက်ရှိ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်နေချိန်မှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို အလေးထားဖို့ လိုအပ်သလို ဒီအရေးကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား အကြေအလည် ဆွေးနွေးဖို့ကလည်း အရေးကြီးကြောင်း ထောက်ပြပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ ၄ လို ဝပြည်နယ် သွေးစည်းညီညွှတ်ရေးပါတီ UWSP/ UWSA ထိန်းချုပ်ရာ အထူးဒေသ၂ ကလည်း ပြည်နယ်ထူထောင်ရေးကို တောင်းဆိုထားတဲ့အပေါ်မှာ ဒေါက်တာရန်မျိုးသိမ်းက အခုလို ဆက်ပြောပါတယ်။
“UWSA/ UWSP ပေါ့ ဒီရဲ့အနေအထား၊ နောက်ပြီး မိုင်းလားရဲ့အနေအထားတွေကို ကြည့်ပြီးတော့ အခြားတိုင်းရင်းသား လူမျိုးစုတွေကြားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တပ်ရဲ့ အင်အားကြီးဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်မျိုးတွေ လွှမ်းမိုးလာနိုင်တယ်လို့တော့ ကျနော်ကတော့ ယူဆပါတယ်။ မည်သို့ပင်ဖြစ်စေပေါ့လေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီအစိုးရ၊ တပ်မတော်အကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှ ဒီစိန်ခေါ်မှုတွေ၊ ဒီအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အဲလို ဖြေရှင်းနိုင်မှသာလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ပေါက်ပေါက်မြောက်မြောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။”
ဧပြီလအတွင်းမှာ ကျင်းပတဲ့ အထူးဒေသ၂ ဝဒေသကလည်း သူတို့ရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပြည်နယ်တည်ထောင်ဖို့အတွက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5