ကိုးကန့်ခေါင်းဆောင်သေဆုံးမှုသတင်း ပြောခွင့်ရသူငြင်းပယ်

ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )

ဒီကနေ့ Facebook စာမျက်နှာတွေပေါ်မှာ ပျံနှံနေတဲ့ MNDAA ခေါ် ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် သေပြီဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း ကိုးကန့်အဖွဲ့ ပြောခွင့်ရသူက ငြင်းဆိုပြီး ဦးဖုန်ကြားရှင်ဟာ မိုင်းလားမြို့မှာ ကျန်းကျန်းမာမာ ရှိနေကြောင်းလည်း ပြောဆိုပါတယ်။ နိုင်ငံရေးအရ သုံးသပ်သူတွေကတော့ ဒီရက်ပိုင်းတွေအတွင်း အင်တာနက်စာမျက်နှာတွေမှာ သတင်းအမှားတွေ အတော်များများတွေ့နေရပြီး ဒါဟာ နိုင်ငံရေးမတည်ငြိမ်အောင် ဖန်တီးနေတယ်လို့ ယူဆကြောင်းနဲ့ သတင်းတွေကို သေချာစိစစ်လက်ခံဖို့ လိုကြောင်း အကြံပြုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

MNDAA ခေါ် ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ ရုတ်တရက် နာမကျန်းဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းဆေးရုံကို ပို့ဆောင်စဉ် အင်္ဂါနေ့ညနေက ကွယ်လွန်ခဲ့ကြောင်း သတင်းတွေ ပျံနှံနေခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး MNDAA ခေါ် ကိုးကန့်အဖွဲ့က ပြောခွင့်ရသူ ဦးဖုန်းဝင်းနိုင်က အခုလို ပြန်ကြားပါတယ်။

“ဘာမှ မဖြစ်ပါဘူး။ ဦးဖုန်ကြားရှင် နေကောင်းပါတယ်။ ဒီမှာ ကျန်းကျန်းမာမာ ဒီမှာ ထိုင်နေတာ။ ထမင်းစားရင်း သူငယ်ချင်းနဲ့ စကားပြောပြီးမှ။ ဒီသတင်းက အမှားပါ။ မဟုတ်ပါဘူးနော။ ”

အသက် ၈၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးဖုန်ကြားရှင်ဟာ မိုင်းလားမြို့မှာပဲ နေထိုင်နေကြောင်း ပြောပါတယ်။

NDAA ခေါ် မိုင်းလားအဖွဲ့က အထွေထွေအတွင်းရေးမှုး ဦးကြည်မြင့်ကလည်း အခုလို ပြောပါတယ်။

“မဟုတ်ပါဘူး။ ဦးဖုန်က ဒီမှာ လမ်းလျှောက်နေတယ်။ အဲဒါကြားတော့ ရယ်နေတယ်တဲ့ ဒီအဖိုးကြီးကလည်း။ သူ ၃ခါ ခံပြီနော် အဲလို သူဆုံးသွားပြီလို့ ပြောတာ။ ရှိတယ် ဒီမှာ အေးအေးဆေးဆေးပဲ။ သူတခြားမလုပ်တော့ဘူး အဖိုးကြီးဖြစ်ပြီ အသက်ကြီးပြီ။ ဒီတိုင်းပဲ ဒီလမ်းလျှောက်တာ။ ကျန်တာ ဘာမှ မလှုပ်ရှားဘူး။ တခြား လုပ်ငန်းတွေ နိုင်ငံရေးတွေ ဘာမှ မလုပ်ဘူး။ အိမ်မှာပဲ။ အဲလိုပဲ နော်။”

ဦးဖုန်ကြားရှင်ဟာ ၁၉၈၉ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ပြီး MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့နောက် အစိုးရ တပ်မတော်က သူအခြေစိုက်ရာ လောက်ကိုင်မြို့ကို တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ကိုးကန့်တပ်ဖွဲ့ကို အင်အားဖြည့်တင်းပြီး လောက်ကိုင်မြို့ကို ပြန်လည် တိုက်ခိုက်ခဲ့သလို ၂၀၁၇မှာ လည်း နောက်တကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်လာတဲ့အပေါ်မှာ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။

“ကျနော်ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေကို ရှုပ်ထွေးစေချင်တဲ့ အုပ်စုတစုက ဖန်တီးနေတယ်လို့ ထင်တယ်။ လောလောဆည်က ဖုန်ကြားရှင်သတင်းမှ မဟုတ်ဘူး။ အွန်လိုင်းပေါ်မှာ သတင်းတုတွေက အများကြီးထွက်နေတာ။ ဖုန်ကြားရှင်သေပြီ။ ဖြိုးမင်းသိန်းအကြောင်း ရုပ်ရှင်ရိုက်မယ်တို့။ အိမ်ထဲက ပစ္စည်းတွေပါ အခွန်ဆောင်ရမယ်တို့ အမျိုးကို စုံနေတာပဲ။ အဲတော့ ကျနော်တို့က သတင်းမှားတွေက မျိုးစုံ ထွက်နေတဲ့အချိန်မှာ ဘက်စုံထွက်နေတော့ အဲဒါတွေကို သတိထားဖို့တော့ လိုတယ်။ တလိုင်းထဲ ထွက်တာမဟုတ်ဘူး။ လိုင်းပေါင်းစုံက ထွက်နေတာ။”

အထူးသဖြင့် Facebook အသုံးပြုသူတွေအနေနဲ့ သတင်း အချက်အလက်မှန်ရဖို့ ဆန်းစစ်သင့်ကြောင်း ဆက်ပြောပါတယ်။

“သတင်းတခုကို တွေ့ရင် သတင်းရင်းမြစ် သေချာအောင်ကြည့်ပါ။ စိတ်ချ ခိုင်မာတဲ့ သတင်းရင်းမြစ် ဟုတ်မဟုတ် ကြည့်ပေးပါ။ ဒုတိယတခုက သတင်း Page အစစ်လား အတုလားဆိုတာ ခွဲပါ။ ဥပမာ သတင်းဌာနတောင်မှာ ဧရာဝတီတို့ ဘာတို့လည်း သတင်း Page အတုတွေ ရှိတယ်။ ကျန်တဲ့ဟာတွေလည်း Page အတုတွေ ရှိတယ်။ အဲတော့ Page အစစ်လား အတုလား ဆိုတာ ခွဲပါ။ နောက် သတင်းသေချာအောင် အချိန်နည်းနည်းယူ ပေးပါလို့။ တချို့ကတော့ သတင်း အရမ်းဦးချင်တာကို။ ချက်ချင်း Share ကြ၊ ပြုကြနဲ့ နောက်ကျ သတင်းတွေက တလွဲတွေဖြစ်နေရော။ အဲတော့ အဲလိုပဲ အကြံပြုချင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ မဟာမိတ်အဖွဲ့နဲ့ မြန်မာအစိုးရအကြား နိုင်ငံရေး၊ စစ်ရေးအရ မပြေလည်မှုတွေ ဖြစ်ပေါ်နေချိန်မှာ မဟာအဖွဲ့အတွင်းက အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်တဲ့ မမှန်ကန်တဲ့သတင်း ထွက်ပေါ်လာတာကြောင့် ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး လေ့လာသူတွေ အကြား စိတ်တစား ဖြစ်နေကြတာပါ။

အရင်ကလည်း ဦးဖုန်ကြားရှင် ကွယ်လွန်ပြီဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်ခဲ့ဘူးပါတယ် ။

Your browser doesn’t support HTML5

ကိုးကန့်ခေါင်းဆောင်သေဆုံးမှုသတင်း ပြောခွင့်ရသူငြင်းပယ်