မင်းတပ် လှထွီကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

မတူပီမှ မင်းတပ်ဖက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း - ယခင်မှတ်တမ်းပုံဟောင်း(Photo: CDF Mindat )

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့က ကျေးရွာတခုကို ဒီနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တချို့ ပျက်စီးသွားပြီး ဒေသခံတချို့အိုးအိမ်စွန့်ခွာရှောင်ပြေးကြရပါတယ်။ မင်းတပ်မြို့နယ်ကို တလနီးပါးလောက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေ အတိအကျရရှိဖို့ ခက်ခဲနေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။

မင်းတပ်မြိုနယ်၊ လှထွီကျေးရွာကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လှထွီကျေးရွာ အနီးနားက ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးတာတွေ ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ ဖုန်းလိုင်းတွေမရတာကြောင့် မြေပြင်အခြေအနေ အတိအကျကို ချက်ချင်း မပြောပြနိုင်သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

" လှထွီကျေးရွာဘက်မှာ ဗုံးကိုလာကြဲတာ အတိအကျပါ၊ ၁၁နာရီ... အခုက နောက်ဆုံး အသံကြားတာကတော့ ၁၂နာရီလောက်မှာ ကြားတယ်။ လေယာဉ်သံလည်း ကြားတယ်၊ ပေါက်ကွဲသံလည်း ကြားတယ်။ ခန့်မှန်းတာကတော့ အထိအခိုက်တွေ၊ လူနာ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်၊ ဒါပေမဲ့ အသေအပျောက်ကတော့ အတိအကျ မသိရသေးဘူး။ အိမ်တွေလည်း တော်တော်ပျက်တယ်လို့ ကြားတယ်။"

ISP အဖွဲ့ရဲ့ သုတေသန စစ်တမ်းအရဆိုရင် ၂၀၂၂ အတွင်း ချင်းပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၅၉၀ကျော် ဖြစ်ပွားခဲ့တာပါ။ အဲဒီအထဲမှာ မင်းတပ်မြို့က အကြိမ်ပေါင်း ၁၂၅ကြိမ်နဲ့ တိုက်ပွဲအများဆုံးမြို့နယ် ဖြစ်ခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုကိုလည်း အကြိမ်ပေါင်း ၄၀နီးပါး ခံခဲ့ရတာ ဖြစ်ပါတယ်။

" ကျနော်တို့ ဘာမှလည်း အခုအချိန်မှာက ပြောလို့ဆိုလို့လည်း မကောင်း၊ ဆုပဲတောင်းရတာပေါ့။ တည်ငြိမ်အေးချမ်း တိုင်းသူပြည်သားတွေက လိုချင်တာကတော့ အမြန်ဆုံး တည်ငြိမ်အေးချမ်းဖို့ပဲ ဖြစ်တယ်။ ဆန္ဒပြည့်ဝပါစေလို့ပဲ ဆက်လက် ဆုတောင်းချင်တာပေါ့နော်။"

မင်းတပ်မြို့က ချင်းကာကွယ်ရေးတပ်ဖွဲ့ CDFတာဝန်ခံတဦး ပြောသွားတာပါ။ မနေ့က တနင်္ဂနွေနေ့ ညဦးပိုင်းမှာ မင်းတပ်မြို့ ၂၇၄ တပ်ရင်း စစ်ကြောင်းဟာ စံရွာမှာ ညအိပ်ခဲ့ကြပြီး ဒီနေ့မှာတော့ ရွာမြောက်ဘက်က လှော်ဝ၊ မယ်လယ်ကုန်း ရွာတွေကို ရောက်နေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။

မင်းတပ်နဲ့ကပ်နေတဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့နယ် တပ်မ ၅၅ ကလည်း မြို့နယ်အစပ်က တောတွင်းမှာ နေရာယူထားကြောင်းလည်း ပြောပါတယ်။ မင်းတပ်မြို့ပေါ်က တချို့ နေရာတွေမှာလည်း မြန်မာစစ်တပ်က နေရာယူထားတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားပြီး ဖြတ်သန်းသွားလာကြဖို့ ဒေသခံအချင်းချင်းကြားမှာ သတိပေးနေကြပါတယ်။

Your browser doesn’t support HTML5

မင်းတပ် လှထွီကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

{Unicode}







