အပစ်ရပ်ကြေညာချက် မချိုးဖောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်သတိပေး

တအောင်းလက်နက်ကိုင်တပ်ဖွဲ့ ရှေ့တန်းစစ်မြေပြင်- သတင်းဓာတ်ပုံPSLF -TNLA News & Information Department

တပ်မတော်ဘက်က ၄ လကြာ အပစ်အခတ် ရပ်စဲရေး ကြေညာချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိနေတဲ့အကြောင်း မြန်မာစစ်တပ်က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားတယ်ဆိုရင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်အတိုင်း ညှိနှိုင်းဆွေးနွေး တာ တွေကို အမြန်ဆုံး ပြုလုပ်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ တပ်မတော်ရဲ့ ကြေညာချက်နဲ့ လက်နက်ကိုင် ပဋိပက္ခ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး တလကျော်ကြာမြင့်လာခဲ့တဲ့ ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကြား တကြိမ်၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်အကြား တကြိမ်စီသာ အလွတ်သဘော ဆွေးနွေးနိုင်သေးတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ တပ်မတော်ဘက်က အချက် ၉ ချက်ပါ ကြေညာချက် တစောင်ကို ဒီနေ့ ထုတ်ပြန်ပြီး

ဒီလို ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်ကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုညွှန်မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“နောက်ဆုံးအပိုဒ်က အဓိကပါပဲ။ နောက်ဆုံးအပိုဒ်က ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းများကို အမြန်ဆုံး ပြုလုပ်သွားရန် တိုက်တွန်းပါကြောင်း၊ အဓိကကတော့ ကျနော်တို့ တဘက်သတ် အပစ်အခတ် ရပ်စဲပေးတယ်။ အခု တလကျော်သွားပြီ။ အချိန် လေးလမှာ တလကျော်သွားပြီဆိုတော့ လေးပုံ တပုံပေါ့။ လေးပုံတပုံကုန်သွားတဲ့အချိန်ထိ ကျနော်တို့ ရည်ရွယ်ထားတဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် EAO အဖွဲ့အစည်း အသီးသီးက လုပ်ဆောင်ချက်တွေ အားနည်းနေသေးတယ်လို့ ကျနော်တို့ကမြင်တယ်။ NRPC ပေါ့ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ဆွေးနွေးလို့ ရတယ်။ တပ်မတော်က ဖွဲ့စည်း ပေးထားတဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ၈ ဦးပါ အဖွဲ့နဲ့လည်း ဆွေးနွေးလို့ရတယ်။”

ဒီကနေ့ ထုတ်ပြန်ချက်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက် ၅၊ ၆ နဲ့ ၇ တို့ကို အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့ရော မထိုးသေးတဲ့ အဖွဲ့ တချို့ ကပါ ချိုးဖောက်နေကြောင်း၊ တလကျော် ကာလအတွင်းမှာ EAO အချင်းချင်း တိုက်ပွဲဖြစ်ပွားတာ ၁၃ ကြိမ်၊ နယ်မြေကျော် လွန်လှုပ်ရှားတာ ၁၆၈ ကြိမ်၊ ဆက်ကြေး ကောက်ခံတာ ၁၀ ကြိမ်၊ လူသစ်စုဆောင်းတာ အကြိမ်၂၀၊ တပ်မတော်စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တာ ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

နယ်မြေကျော်လွန်လှုပ်ရှားတာကြောင့် အချင်းချင်းတိုက်ပွဲဖြစ်ပွားတဲ့ အဖွဲ့တွေအနေနဲ့ လည်း ကတိကဝတ်ပြု ထားတဲ့အတိုင်း မူလနယ်မြေတွေကို ပြန်လည်ဆုတ်ခွာဖို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့ကြားမှာ စာချုပ်အဆင့် ကတိကဝတ်ရှိ တာလည်း ရှိတယ်။ အစည်းအဝေး မှတ်တမ်းတွေနဲ့ ကတိကဝတ်ရှိတာတွေလည်း ရှိ တယ်။ ဒါ သူတို့ဘက်ကလည်း တောင်းဆိုတဲ့ ဟာတွေရယ်၊ လက်တွေ့မြေပြင်မှာ ရှိနေ တဲ့ဟာတွေနဲ့ ဆုံးဖြတ်လိုက်တာပေါ့။ ဆုံးဖြတ်ပြီး စာချုပ်တွေ ချုပ်ခဲ့ကြတယ်။ သဘောတူ ညီချက် လုပ်တဲ့အထဲမှာမှ ကျော်လွန်လာတာပေါ့။ အခုကျနော်တို့ ရှမ်းမြောက်မှာ ဖြစ်နေ တဲ့ အချင်းချင်း နယ်မြေလုကြရင်းကနေပြီးတော့မှ ပြည်သူလူထုက အတော်လေး နစ်နာ ပါတယ်။ နစ်နာမှုတွေ မရှိ အောင် ဒီဟာတွေအတိုင်း လိုက်နာဖို့ ထပ်ပြီး သတိပေး တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံး ထားပြီးတော့ ကျော်ထားတဲ့ နယ်မြေတွေကနေပြီး ရုပ်သိမ်းပေးဖို့၊ ကတိကဝတ်ပါ နယ်မြေတွေအတွင်းကို ဆုတ်ပေးဖို့ ဆိုပြီး ကျနော်တို့က ထပ်သတိပေးထားပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နဲ့ တိုက်ပွဲဖြစ်ပွားနေသလို ပြီးခဲ့တဲ့ လတွေက TNLA ခေါ် တအန်း (ပလောင်) အဖွဲ့နဲ့လည်း တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီလို တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

လတ်တလော ရခိုင်ဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလို ပြောပါတယ်။

“ရခိုင်ဘက်မှာတော့ ၂၀ ရက်နေ့နောက်ပိုင်း ၂၃ ရက်နေ့၊ ၂၄ ရက်နေ့မှာ ပလက်ဝ ဘက်မှာ ဖြစ်ခဲ့တာတွေ ရှိတယ်။ ပလက်ဝဘက်မှာ ထိတွေ့မှုတွေ ဆက်ဖြစ်နေပါတယ်။ ထိတွေ့မှုတွေ ဆက်ဖြစ်နေတော့ ၂၃ ရက်နေ့ ၊ ၂၄ ရက်နေ့မှာ AA ပေါ့-သူတို့ အခြေချဖို့ ကြိုးစားလာတဲ့စခန်းပေါ့။ ခေတ္တစခန်း ၂ ခုကို သိမ်းဆည်းရမိပါတယ်။”

AA ခေါ် ရခိုင်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ရသေ့တောင်မြို့နယ်ထဲမှာလည်း ရှိတယ်။ ဘူးသီးတောင်မြို့နယ်ထဲမှာလည်း ရှိတယ်။ ပလက်ဝမြို့နယ်ထဲမှာ ဗမာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတွေ ရှိတယ်။ ၂၂ ရက်နေ့မှာ ပလက်ဝမြို့နယ်ထဲက ဒလက်မေရွာရဲ့ အထက်ဘက်မှာရှိတဲ့ တောင်ကုန်းတွေကို မြန်မာ့တပ်မတော်ဘက်ကနေ ဟယ်လီကော်ပတာ ၂ စီးနဲ့ ၂ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ ၂၃ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ် နေတာရှိတယ်။ ၂၄ မှာလည်း လှမ်းပစ်နေတယ်။ နေ့စဉ်ရက်ဆက် ဖြစ်နေတယ်ဗျ။ ဒါပေမဲ့ စခန်းတွေ ဘာတွေ ကျနော်တို့ဘက်က လက်လွှတ်လိုက်တာမျိုး ဘာမှမရှိဘူး။ ”

AA တပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို အခြား တအန်း (ပလောင်)နဲ့ ကိုးကန့် တပ်ဖွဲ့ တွေနဲ့ အတူ ကြိုဆိုထားပြီး တနိုင်ငံလုံး အပစ်ရပ်ဖို့ တောင်း ဆိုထားသလို ငြိမ်းချမ်းရေးဆွေးနွေးဖို့လည်း အဆင်သင့်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကတော့ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်မှတ်တိုင် အမှတ် ၄၁ မှာ ရှိတဲ့ ရဲကင်းစခန်းကို တဖက်နိုင်ငံဘက်ခြမ်းကနေ ဗုံးပစ်လောင်ချာ၊ လက်နက် ငယ်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ မြန်မာလုံခြုံရေး အဖွဲ့တွေက ပစ်ခတ်တဲ့အဖွဲ့ကို စိစစ်နေသလို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ယူပြီး ဒီတိုက်ခိုက်မှုကို အသိပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောပါတယ်။

“အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ခေါ်ပြီးတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးပေးဖို့ ကျနော်တို့ ပြောကြားပါတယ်။ တရားဝင် သံတမန်စာလည်း ပေးခဲ့ပါတယ်။ သံအမတ်ကြီးကလည်း သူ့နိုင်ငံကို Head Quarter ကို ပြန်တင်ပြပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ ပြန်ကြားပေး မယ်လို့ပြောထားပါတယ်။”

၂၄ ရက်နေ့ နယ်စပ်မှတ်တိုင် အမှတ် ၄၁ ပစ်ခတ်မှုမှာ နယ်ခြားစောင့် ရဲတပ်သား ၂ ဦးနဲ့ နယ်စပ်ခြံစည်းရိုးပြင် အလုပ်သမားတဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါ တယ်။ တပ်မတော်ရဲ့ ဒီကနေ့ထုတ်ပြန်ချက် အပေါ် သူတို့ ရဲ့သဘောထားအမြင်ကို သိနိုင်ဖို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Your browser doesn’t support HTML5

အပစ်ရပ်ကြေညာချက် မချိုးဖောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်သတိပေး