အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် နဲ့ စင်္ကာပူမှာတွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံး ညီညွတ် ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီးဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေ နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး၊ လူ့အခွင့် အရေး ချိုးဖေါက်ခဲ့သူတွေအပေါ် အရေးယူနိုင်ရေးနဲ့ ရခိုင်အကြံပေး ကော်မရှင် ရဲ့အကြံပြေုချက်တွေကို အကောင်အထည်ဖေါ်ရေး တိုက်တွန်းခဲ့ တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က VOA ကို ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့လည်း ဝန်ကြီး Pompeo က တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်တွေ သူ့အလုပ် သူလုပ်တာကို မြန်မာနိုင်ငံမှာ ဖမ်းဆီးတဲ့ အတွက် အမေရိကန်အနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်သင့်တယ်လို့လည်းMr. Pompeo က တွိတာမှာ ရေးသားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းခဲ့တာနဲ့ ပတ်သက်တဲ့ နိုင်ငံတော်အဆင့် လျှို့ဝှက်စာရွက်စာတမ်းတွေ သတင်းထောက်တွေရဲ့ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရက စွဲချက်တင်ပေမယ့် သူတို့မှာ အပြစ်မရှိကြောင်း သတင်းထောက်တွေ က ငြင်းဆိုထားပါတယ်။ သူတို့ကို အခုလို ဖမ်းဆီးနိုင်ဖို့အတွက်ရဲတပ်ဖွဲ့က အကွက်ချ လုပ်ကြံခဲ့တာလို့လည်း သတင်းထောက်တွေက ပြောပါတယ်။
သတင်းထောက် ၂ ဦးကို ၇ လအတွင်း တနင်္လာနေ့က အကြိမ် ၃၀ မြောက် ရုံး ထုတ်ခဲ့တာပါ။ သူတို့ရဲ့ရှေ့နေ ဦးသန်းဇော်အောင်ကတော့ ဒီစာရွက်စာတမ်း တွေဟာ လျှို့ဝှက်စာရွက်စာတမ်းတွေ မဟုတ်ဘဲ သတင်းမီဒီယာ ကောင်စီကို တရားဝင်ပေးပို့ထားတဲ့ စာရွက်စာတမ်းတွေဖြစ်တယ်လို့ ချေပထားပါတယ်။ တကယ်လို့သာ အခုလို စွပ်စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ သတင်းထောက်တွေအနေနဲ့ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရနိုင်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့က ဝင်ရောက် စီးနင်းအပြီးမှာ စစ်တပ်က နယ်မြေရှင်းလင်းစဉ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန် တယ်ဆိုပြီး ရိုဟင် ဂျာ ၇ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် သွား တာပါ။ မြန်မာအစိုးရကတော့ အခုလို ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ပဲလိ့ု ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5