ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen ကို Facebook ကနေ ချက်ချင်းဆိုင်းငံဖို့ Facebook ပိုင် Meta ဘုတ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ Facebook အင်တာနက် စာမျက်နှာကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကြီးကို ကြီးကြပ်ရတဲ့ ဒီဘုတ်အဖွဲ့က ဝန်ကြီးချုပ် Hun Sen အနေနဲ့ ကုမ္ပဏီရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုဆိုင်ရာစည်းမျဉ်းချိုးဖောက်တဲ့ ဗွီဒီယိုဖိုင်တင်ခဲ့လို့ ၆ လ ဆိုင်းငံဖို့ တောင်းဆိုတာလို့ ဒီနေ့ ရှင်းပြလိုက်ပါတယ်။
ဒီ Meta ကုမ္ပဏီရဲ့ ငွေကြေးထောက်ပံ့မှုယူထားရပေမဲ့၊ ကြီးကြပ်မှုတွေကို သီးသန့်လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရထားတဲ့ အခုဘုတ်အဖွဲ့ကပဲ Hun Sen ရဲ့ ဗွီဒီယို ဆက်တင်ထားတာက မှားယွင်းနေတာမို့ Facebook ကနေ ဖယ်ရှားပစ်ဖို့ အမိန့်သဘော ထုတ်ပြန်လိုက်တာပါ။ Meta ဘက်ကလည်း ဒီဗွီဒီယိုကို ဖြုတ်ချပစ်ဖို့ သဘောတူပါတယ်လို့ စာရေး အကြောင်းကြား ထုတ်ပြန်ခဲ့ပေမဲ့၊ ထပ်မံစစ်ဆေးသုံးသပ်မှုတွေလုပ်ပြီးမှသာ၊ Hun Sen ရဲ့ အကောင့်ရပ်ဆိုင်းဖို့ အကြံပြုတာကို တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။
ဘုတ်အဖွဲ့ စွပ်စွဲချက်ထဲမှာ Hun Sen အနေနဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ရိုက်နှက်ဆုံးမနိုင်တာနဲ့ ဒီပြိုင်ဘက်တွေရဲ့ အိမ်ကို ဂိုဏ်းအဖွဲ့တွေ စေလွှတ်ပြီးခုလိုလုပ်နိုင်တာကို ဇန်နဝါရီလထဲက တင်ထားတဲ့ ဗွီဒီယိုဖိုင်ထဲ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဝန်ကြီးချုပ် Hun Sen ရဲ့ Facebook အကောင့် အင်တာနက်စာမျက်နှာ ရပ်ဆိုင်းခံရမယ်ဆိုရင် ကမ္ဘောဒီးယားရွေးကောက်ပွဲတွေလုပ်ဖို့ တလတောင် မလိုတော့ချိန်မှာ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့လည်း ဇူလိုင်လ ၂၃ ရက်နေ့မှာလုပ်မဲ့ ဒီကမ္ဘောဒီးယားရွေးကောက်ပွဲက ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကြောင့် အတုအယောင်သာဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယားအရေး ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
ကုမ္ပဏီရဲ့ အခုလို စည်းမျဉ်းတွေချိုးဖောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကောင့်ကို ရပ်ဆိုင်းလေ့ရှိတဲ့ Meta အနေနဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း အမေရိကန်လွှတ်တော် အကြမ်းဖက်မှုအပြီးမှာ အဲဒီအချိန်က သမ္မတ Donald Trump အကောင့်ကို ရပ်ဆိုင်းခဲ့ပါသေးတယ်။
သမ္မတဟောင်း Trump ရဲ့ Facebook အကောင့်ကို ဒီ နှစ်အစောပိုင်းမှာ ပြန်ဖွင့်ပေးခဲ့အပြီးနဲ့လာမယ့် အမေရိကန်ရွေးကောက်ပွဲတွေ မတိုင်ခင်လည်း Facebook အပေါ် ဝေဖန်မှုတွေထွက်နေရာမှာ၊ မနှစ်က ဘရာဇီးရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုကိုင်တွယ်တာ အားနည်းမှုကိုလည်း ထောက်ပြလေ့ရှိပါတယ်။
Your browser doesn’t support HTML5