သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေဆွေးနွေး


U.S. President Joe Biden speaks during the ASEAN - U.S. summit in Phnom Penh, Cambodia, Saturday, Nov. 12, 2022. (AP Photo/Vincent Thian)
U.S. President Joe Biden speaks during the ASEAN - U.S. summit in Phnom Penh, Cambodia, Saturday, Nov. 12, 2022. (AP Photo/Vincent Thian)

အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် အာဆီယံအနေနဲ့ရော တနိုင်ငံငံချင်းစီနဲ့ပါ အမေရိကန်ပြည်ထောင်စုကအတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ ဒီနေ့စနေနေ့ တွေ့ဆုံဆွေးနွေးကြစဉ်မှာ သမ္မတ Biden က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာရှဒေသတခုလုံးမှာ ပိုမိုငြိမ်းချမ်း၊ သာယာဝပြောရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအသင်းအနေနဲ့ရော၊ တနိုင်ငံချင်းစီနဲ့ပါ ဆက်လက်အတူတွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ မြန်မာနိုင်ငံအရေး စိန်ခေါ်မှုတွေကိုလည်း အတူဖြေရှင်းသွားမှာဖြစ်သလို ဘုံစိန်ခေါ်မှုတွေအတွက် ဆန်းသစ်တဲ့နည်းလမ်းတွေကို အတူရှာဖွေနိုင်ဖို့လည်း မျှော်လင့်တယ်လို့ အမေရိကန် သမ္မတ Biden က အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေး အစမှာ ဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက ဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေးကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အမေရိကန်က သန္နိဌာန်ချဆောင်ရွက်နေပါတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen နဲ့ သီးသန့်တွေ့ဆုံစဉ်မှာလည်း အမေရိကန်သမ္မတ Biden ကပြောကြားခဲ့ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အတည်ဖော်လာဖို့ အာဆီယံနဲ့အတူ အမေရိကန်က ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖနွမ်းပင်မြို့တော်မှာ ဒီနေ့ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်နဲ့ အာဆီယံကြား မဟာဗျူဟာမြောက် ကျယ်ပြန့်ပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်သွားတော့မယ် ဆိုတာကိုလည်း အမေရိကန်သမ္မတက ကြေညာခဲ့ပါတယ်။ အာရှဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ အမေရိကန်က အာရှနိုင်ငံတွေအရေး အလေးထားတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကမ္ဘာကြီးအပေါ် ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုတွေကိုလည်း ဒီနေ့ ထိပ်သီးစည်းဝေးပွဲမှာ ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံနဲ့ဆက်စပ် ထိပ်သီးစည်းဝေးပွဲတွေမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်ကိုတော့ ဖိတ်ကြားခြင်း မရှိပါဘူး။ မြန်မာကိုယ်စားပြုမှုမပါဘဲ ကျင်းပတဲ့ စည်းဝေးပွဲတွေက သဘောတူညီချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

=== Unicode =====






XS
SM
MD
LG