မန္တလေးလူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦးသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေး

မန္တလေး လူငယ်သင်တန်းကျောင်း မြင်ကွင်းတခု (ဓာတ်ပုံ - မန္တလေး လူငယ်သင်တန်းကျောင်း Facebook - ဇန်နဝါရီ ၀၃၊ ၂၀၁၉)

[Zawgyi/Unicode]

မန္တလေးလူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားတဲ့ လူငယ် ငါး ဦးကို ပြန်လည်ဖမ်းဆီးရာမှာ နှစ် ဦးသေဆုံးခဲ့တဲ့ အမှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

အရွယ်မရောက်သေးတဲ့ ပြစ်မှုကျုးလွန်သူတွေကို ထိန်းသိမ်းထားတဲ့ မန္တလေး လူငယ်သင်တန်းကျောင်းက ထွက်ပြေးသွားသူ လူငယ်တွေကို အာဏာပိုင်တွေ လိုက်လံဖမ်းဆီးရာကနေ နှစ်ဦး သေဆုံးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ လူမှုဝန်ထမ်းဦးစီဌာနက တာဝန်ရှိသူတွေ ဒီကနေ့ပဲ စစ်ဆေးမှုတွေ စတင်ခဲ့ကြတာပါ။ လူငယ် နှစ် ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့လည်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။

“အခြေအနေမှန်ကို သိအောင် သွားတာပဲ။ ပြန်လာရင်တော့ သိလာရင်တော့ တွေ့တဲ့အပေါ်မူတည် ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်ရင် ဆက်မှာပေါ့နော်။ statement တွေဘာတွေ ထုတ်ဖို့လိုတယ်ဆိုရင်လဲ ထုတ်မှာပေါ့။ ဒါက ဘယ်လိုအခြေအနေကြောင့် ဒီကလေးနှစ်ယောက် သေသွားရတယ်ဆိုတာ အရမ်းသိချင်တာပေါ့၊ အန်ကယ်တို့လည်း။”

SEE ALSO: အားနည်းချိနဲ့နေတဲ့ မြန်မာ့တရားဥပဒေစိုးမိုးရေးနဲ့ အောင်လံ လူသတ်မှု 

ပြီးခဲ့တဲ့နှစ်ထဲ မုံရွာမြို့မှာ လုယက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ခုနစ် ဦးကို တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးခဲ့ပေမဲ့ အရွယ်မရောက်သေးသူတွေအဖြစ် မန္တလေး လူငယ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်က ပို့ခဲ့တာပါ။

ဒီအထဲက ငါး ဦးဟာ သင်တန်းကျောင်းကိုရောက်ပြီး ၅ ရက်အကြာမှာပဲ ထွက်ပြေးခဲ့တာကြောင့် တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးချိန်မှာ ဒဏ်ရာရပြီး နှစ် ယောက် သေဆုံးခဲ့တာပါ။ ထွက်ပြေးတဲ့နေ့မှာပဲ တစ်ဦး သေဆုံးပြီး၊ နောက် တစ်ဦးကလည်း ဗုဒ္ဓဟူးနေ့က ထပ်မံသေဆုံးသွားသလို ဒဏ်ရာရသူ နောက် နှစ် ဦးကိုလည်း ဆေးရုံတင်ထားရပါတယ်။ လူငယ် နှစ် ဦးသေဆုံးမှုအတွက် သင်တန်းကျောင်း တာဝန်ရှိသူတွေကတော့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။

သေဆုံးသွားသူ မောင်ခိုင်ဇော်ထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာလင်းကတော့ ညီဖြစ်သူရဲ့ အလောင်းမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

“ဒီကလေးကို ရိုက်တာကလည်း တုတ်နဲ့ ရိုက်တာမဟုတ်ဘဲနဲ့ ဝါးခြမ်းပြားနဲ့ ရိုက်တာလို့ ပြောတယ်ဗျ။ အဲ့လိုရှင်းထားတာတော့ တွေ့မိတယ် ကျနော်တို့။ တုတ်နဲ့ ရိုက်တာ မဟုတ်ပါဘူးတဲ့ ဝါးခြမ်းပြားနဲ့ ရိုက်တာတဲ့ ဝါးခြမ်းပြားနဲ့ ရိုက်တယ်ဆိုလို့ရှိရင် အရိုးလည်း ကျိုးစရာအကြောင်းမရှိပါဘူး။ ညီလေးရဲ့ ဆရာဝန်ပြောသွားတာက သံတုတ်နဲ့ ရိုက်တာလို့ ပြောသွားတယ်။ ဒဏ်ရာတွေကြည့်ရင် သိသာပါတယ်။ နံရိုးကျိုးတယ်၊ လည်ချောင်းကွဲတယ်။ နံရိုးက ကျိုးပြီးတော့ အဆုတ်ကို အရိုးက သွားထိတာဗျ။ ဆရာဝန်ပြောတာ။”

SEE ALSO: မြန်မာနိုင်ငံမှာ ကလေးသူငယ်သေဆုံးမှုများလာတဲ့အတွက် အပစ်ရပ်ကြဖို့ ကုလ တောင်းဆို

ဆေးစစ်ချက်ထွက်ပေါ်လာတဲ့အခါ တရားမျှတမှုရအောင် ကြိုးပမ်းသွားမယ်လို့လည်း အစ်ကိုဖြစ်သူ ကိုကျော်စွာလင်းက ပြောပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လူငယ်တွေကို ပြုပြင်ထိန်းသိမ်းရမယ့် နေရာမျိုးမှာ အခုလို ဖြစ်ရပ်မျိုးတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

“ဒီလူငယ်သင်တန်းကျောင်းဆိုတာကတော့ ကလေးသူငယ်တွေကို စာရိတ္တပြန်ပြီးတော့ ကောင်းဖို့ အတွက် ပြုပြင်တဲ့ စခန်းမျိုးဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကျနော်တို့ ကြည့်တဲ့အခါမှာ ပြုပြင် ရေးစခန်းသင်တန်းကျောင်းမှာ တာဝန်ရှိတဲ့သူတွေက ကလေးတွေအပေါ်မှာ ကလေးနဲ့မလိုက်ညီသော ဆက်ဆံမှုတွေ လုပ်ဆောင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ကျနော်တို့တွေ့ရတယ်။ စုံစမ်းစစ်ဆေးမှု တွေလုပ်ဆောင်တဲ့ အထိတော့ ကျနော်တို့ မရှိပေမဲ့ တွေ့ရှိသမျှအချက်ကို ပြောမယ်ဆိုရင်တော့ သူတို့ရဲ့ ကိုင်တွယ်ပုံက ကလေးတွေအတွက် ကျနော်တို့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ကလေးနဲ့ မကိုက်ညီသော စည်းကမ်းမျိုး ဒါမှမဟုတ်လို့ရှိရင် ကိုင်တွယ်ဖြေရှင်းမှုပုံစံက နည်းလမ်းမကျတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးမှာပဲဖြစ်ဖြစ် ပြောထားတာက ဒီလိုမျိုး ဂေဟာတွေ သင်တန်းကျောင်းတွေမှာရောက်တဲ့ ကလေးတွေရဲ့ အခြေအနေကို ပုံမှန်စစ်ဆေးနိုင်ခွင့်ရှိရမယ်ဆိုတာ ဒါကိုထောက်ပြတာပါ။ သူတို့ချထားတဲ့ စည်းကမ်းတွေက ကိုက်ညီရဲ့လား။ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကရော ကလေးတွေအတွက် အကျိုးရှိရဲ့လား ဒါကို စုံစမ်းစစ်ဆေးတဲ့ အရာမျိုး ရှိဖို့အတွက် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးမှာလည်း အတိအကျ ဖော်ပြထားပြီးသားပါ။ အခုဖြစ်သွားတဲ့ ကိစ္စမှာ ပြောချင်တာတစ်ခုကတော့ သံသယရှိစရာ လိုအပ်တာထက်ပိုမိုပြီးတော့ ကြီးမားတဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်၊ ဒါကြောင့်မို့လို့ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီးတော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။”

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့လည်း ထုတ်ပြန်ချက်တွေတင်မကဘဲ ဥပဒေမဲ့လုပ်ရပ်တွေကို ထိထိရောက်ရောက် တားဆီးနိုင်အောင် ကြိုးပမ်းဖို့ လိုတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။ လတ်တလောမှာတော့ လူငယ် နှစ် ဦးသေဆုံးမှုအတွက် သင်တန်းကျောင်း တာဝန်ရှိသူတွေက မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်ရှင်။

Your browser doesn’t support HTML5

မန္တလေးလူငယ်သင်တန်းကျောင်းက လူငယ်နှစ်ဦးသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေး

[Unicode Version]










SEE ALSO: မလေးရှားမှာ တရားမဝင်မြန်မာတဦး COVID-19 ရောဂါနဲ့ သေဆုံး


