ပင်လယ်သမုဒ္ဒရာတွေ တခါသုံးနှာခေါင်းစည်း အမှိုက်အန္တရာယ်နဲ့ ကြုံနေရပြီ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူများ။ (မေ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ပလတ်စတစ်အမှိုက် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရေထုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရတဲ့ တခါသုံး နှာခေါင်းစည်း အမှိုက်အန္တရာယ်ကိုပါ စတင် ရင်ဆိုင်နေရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဟောင်ကောင်ကျွန်းက ကမ်းစပ်တွေမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ အများအပြား စပြီး တွေ့လာနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဟောင်ကောင်မြို့ခံတွေ နှာခေါင်းစည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါ။ ဒီနှာခေါင်းစည်းတွေဟာ ပလတ်စတစ် အမှိုက်ပြဿနာရှိနေတဲ့ ပင်လယ်သမုဒ္ဒရာ ရေထုကို ပိုပြီး ညစ်ညမ်းစေတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။ ဟောင်ကောင်အခြေစိုက် OceanAsia သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ပူးတွဲတည်ထောင်သူ Gary Stokes က -

“ဟောဒီလို ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တခါသုံး နှာခေါင်းစည်းကတော့ အနာဂတ်မျိုးဆက်တွေအတွက် ကမ်းစပ်တွေမှာ ကျနော်တို့ ထပ်ပြီး ချန်ထားပေးမယ့် နောက်ထပ် ဆိုးမွေတခုပေါ့ဗျာ။" လို့ ပြောပါတယ်။

ပင်လယ်ရေထုထဲက အမှိုက်တွေနဲ့ လူမနေတဲ့ကျွန်းက ရေထုထဲ တွေ့ရတဲ့ ပလတ်စတစ် အမှုန်အမွှားတွေအကြောင်း တနှစ်ကြာ သုတေသနတခုကို OceanAsia အဖွဲ့က ကပ်ရောဂါမဖြစ်ခင်မှာပဲ စတင်ခဲ့ပါတယ်။

ကမ်းစပ်တွေမှာ တွေ့မြင်နေကျ အမှိုက် ၅ မျိုးကတော့ ပုလင်းခွံ၊ ဖော့ဘူးခွံ၊ ဓာတ်မီးခြစ်၊ ပလတ်စတစ် ရေသောက်ပိုက်တွေ၊ ဇွန်းခက်ရင်းလို ပစ္စည်းတွေ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တခါသုံး နှာခေါင်းစည်းတွေ ရုတ်တရက် တွေ့လာပါတယ်။ ကမ်းစပ်တလျှောက် မီတာ ၁၀၀ လောက်မှာ နှာခေါင်းစည်း အခု ၇၀ လောက် တွေ့ပါတယ်။ နောက်တပတ်မှာလည်း နှာခေါင်းစည်း အခု ၃၀ လောက် ထပ်တွေ့ပါတယ်။

“လူတွေ နှာခေါင်းစည်း စသုံးလာတာနဲ့ သူ့ရဲ့အကျိုးဆက်ကို ကမ်းစပ်တွေမှာ တွေ့ရပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ တောင်ဘက်စွန်းက လူမနေတဲ့ ကမ်းစပ်တွေထိကို ဒီနှာခေါင်းစည်းတွေ ရောက်ပါတယ်။" လို့ Gary Stokes က ပြောပါတယ်။

လူဦးရေ ၇ သန်းခွဲရှိတဲ့ ဟောင်ကောင်ကျွန်းမှာ နှစ်စဉ် အမှိုက်တန်ချိန် ၆ သန်းလောက် ထွက်တာပါ။ အဲဒီအမှိုက်ထဲက ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ ပြန်အသုံးပြုလို့ ရပါတယ်။

"ကမ်းပေါ်တင်လာတဲ့ လင်းပိုင်တွေ၊ လိပ်အသေကောင်တွေရဲ့ ဗိုက်ထဲမှာ နှာခေါင်းစည်းတွေ မြင်ရတော့မှာပါ။ အဲဒီအဖြစ်မျိုးကိုတော့ မတွေ့မြင်ချင်ပါဘူး။ ဒါက ရေထုထဲရောက်လာတဲ့ နောက်ထပ်ပြဿနာတခုဆိုတာ ထင်ရှားပါတယ်။ လူသားတွေရဲ့ အစားအစာ ရင်းမြစ်တခုကို ထိခိုက်စေနိုင်တဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။" လို့ Gary Stokes က ပြောပါတယ်။

ကပ်ရောဂါမပေါ်ခင် တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီမျိုးမှာ ဟောင်ကောင်မြို့ခံတွေ နှာခေါင်းစည်းတပ်လေ့ ရှိပါတယ်။ ဆောက်လုပ်ရေးအလုပ်သမား Amand ကလည်း စွန့်ပစ်နှာခေါင်းစည်းတွေကို ခုတလော သတိထားမိပါတယ်။

"ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ နှာခေါင်းစည်းတွေကို တွေ့ကရာ ပစ်ထားတာမျိုး၊ သစ်ပင်တွေပေါ်မှာ တွဲလောင်းချိတ်နေတာမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ခုတော့ ဒါမျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။"

COVDI-19 ကပ်ရောဂါ ပေါ်လာတဲ့အချိန်မှာတော့ လူတိုင်းနီးပါး နှာခေါင်းစည်း တပ်လာကြပါတယ်။ တရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ပေမယ့် ဟောင်ကောင်မှာတော့ ရောဂါထိန်းချုပ်ရေး ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တဲ့အတွက် ပိုးကူးစက်သူ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄ ဦးသာ ရှိခဲ့ပါတယ်။ အရောင်းဝန်ထမ်းတဦးဖြစ်သူ Percy က -

"ဗိုင်းရပ်စ်ကြောင့် ဘယ်သွားသွား နှာခေါင်းစည်းတပ်ရပါတယ်။ အပြင်သွားရင် ဒါမှမဟုတ် ရပ်ကွက်ထဲက ပန်းခြံကို သွားတဲ့အခါ လူသိပ်မရှုပ်ဘူးရင်တော့ နှာခေါင်းစည်းတွေ ချွတ်ထားလို့ရပါတယ်။" လို့ ပြောပါတယ်။

ဟောင်ကောင်အစိုးရနဲ့ ကုမ္ပဏီ အတော်များများကလည်း လျှော်ဖွပ်ပြီး ပြန်အသုံးပြုလို့ရတဲ့ အဝတ်စနဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းတွေ ပေးအပ်နေတာပါ။ ဒါပေမယ့်လည်း တခါသုံး နှာခေါင်းစည်းတွေကိုတော့ သုံးစွဲသူတွေက ပိုပြီး သဘောကျကြပါတယ်။

Your browser doesn’t support HTML5

ပင်လယ်သမုဒ္ဒရာတွေ တခါသုံးနှာခေါင်းစည်း အမှိုက်အန္တရာယ်နဲ့ ကြုံနေရပြီ

-----------------------------

(Unicode)













