မန္တလေးမြို့မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်လုယက်မှုတွေကို ဆွေးနွေးအဖြေရှာဖို့ ကျင်းပမယ့် လူထု တွေ့ဆုံပွဲကို တိုင်းဒေသကြီး အစိုးရဆီတင်ပြရာမှာ အကြောင်းမပြန်တာကြောင့် ရပ်ဆိုင်းလိုက်ရ ပါတယ်။ ဒီဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့အတွက် မြို့လူထုအတွက် ထိခိုက်ရကြောင်းနဲ့ ကျင်းပခွင့် ရအောင် ဆက်လက် ကြိုးစား သွားမှာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မန္တလေးမြို့မှာ ဒီရက်ပိုင်းတွေအတွင်း အကြမ်းလုယက်တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် မြို့နေလူထုဟာ ညအချိန်အပြင်ထွက်ဖို့ တွန့်ဆုတ်တာတွေဖြစ်နေသလို လူထုကပါ ကိုယ့်လုံခြုံရေး အတွက် ကိုယ်တိုင်ပါဝင် ကင်းလှည့်တာတွေ ဆောင်ရွက်နေရချိန်မှာ လူထုလုံခြုံရေး အတွက် ဒီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဆွေးနွေးပွဲကို ချမ်းအေးသာစံမြို့နယ် မဟာသကျသီဟ ဘုရားရှိ ဓမ္မာရုံတခုမှာ ကျင်းပဖို့ ပြင်ဆင်ခဲ့ ပေမဲ့ အစိုးရဆီကအကြောင်းပြန်ကြားချက် မရတာကြောင့် ပွဲမဖြစ်မြောက်ခဲ့ကြောင်းကို ပွဲစီစဉ်ရာမှာ ပါဝင်သူ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးမောင်မောင်ဦး က ပြောပါတယ်။
“နဂိုက အကြောင်းကြားတာ။ အဲဒီနောက်မှာ ခွင့်ပြု့မိန့်တင်တဲ့ပုံစံဖြစ်အောင်လို့ ဘောင်ဝင်အောင် ပြန် လုပ်ပါဆိုလို့ အစအဆုံး သူတို့ကိုယ်တိုင်ပဲ လိုက်လုပ်ပေးတယ်။ နောက်ပိတ်ဆုံး ခရိုင်ရုံးကအထိ ထွက်သွားတဲ့ စာကို တွေ့ရပါတယ်။ အဲလိုနဲ့ ၁၀နာရီထိ မရခဲ့ဘူးဗျာ။ စောင့်ရင်း စောင့်ရင်း မိုးလည်း သိပ်ချုပ်လာတယ်။ ပြန်လာတယ်။ ဒါပေမဲ့ မနက်ရောက်တော့ ထပ်ကြိုးစားပြီး ကျနော်တို့ စောင့်နေ တယ်။ သို့သော်လည်း အချိန်တွေ အတော်ကြာတဲ့အထိ ဒီအမိန့်ကမရလိုက်တော့ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကျနော်တို့ ဒီအခမ်းအနားကို မဖြစ်တော့ဘူးဆိုတာ ကြေညာလိုက်ရတာပေါ့နော်။”
ဒီအခမ်းအနားကို ဆရာတော် သံဃာတော်တွေအပါအဝင် ရပ်မိရပ်ဖတွေ၊ ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လူမှုအဖွဲ့က ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားခဲ့တာဖြစ်ပြီး ဘာကြောင့် ခွင့်ပြုမိန့်မပေးတာလဲ ဆိုတာကို ပြန်ကြားတာလည်း မရှိခဲ့ကြောင်း ပြောပါတယ်။
ဒီဆွေးနွေးပွဲကို နောက်ပိုင်းကျင်းပနိုင်အောင် ဆက်လက်ကြိုးစားသွားမယ်လို့လည်း ဦးမောင်မောင်ဦး က အခုလို ဆက်ပြောပါတယ်။
“မြို့ကြီးက ခြောက်လာတာကိုတော့ ကျနော်တို့ ခံစားမိတယ်။ ကျောမလုံဘူးဗျ။ သွားကြ လာကြ ရတာ နောက်ကျောမလုံဘူးဆိုတာကို ကျနော်တို့ထဲမှာ ပါဝင်တဲ့ လူတွေအားလုံးက ခံစားရတယ်။ အဲတော့ ဒါတွေအတွက် ကျနော်တို့က အဖြေရှာမှာ။ အခုလို အထမမြောက်လိုက်ဘူးဆိုတော့ တကယ်တန်းပြောရရင် နစ်နာတာတော့ ကျနော်တို့ မြို့က နစ်နာတယ်လို့ ကျနော်တော့ ယာယီအားဖြင့် သုံးသပ်မိတယ်။ ကျနော်တို့ အားမလျော့ပါဘူး။ ထပ်မံကြိုးစားကြည့်ကြမှာအုံးမှာပါ။ ”
ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားခဲ့တဲ့ စာရေးဆရာ ညီပုလေးက သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော်ကတော့ ဖြစ်ချင်တာပေါ့ဗျာ။ ဝိုင်းကြဝန်းကြဖို့ စိတ်ကူးနဲ့ လာကြတာပဲ။ စိတ်မချမ်းမြေ့ဘူး ပေါ့ဗျာ။ ကမ္ဘာဦးပြန်ရောက်သွားသလို ညမိုးချုပ်ရင် ကြောက်နေရတာဆိုတော့ မဟုတ်သေးပါဘူး။ ကျနော်တို့ ၂၁ ရာစုမှာ ရောက်နေမှတော့ ကမ္ဘာဦးပြန်ရောက်သလို ခံစားနေရတာ။ နေဝင်ရင်ကို ကြောက်နေရတာ။ ဒါ လူမှုရေး၊ စီးပွားရေး အကုန်ပတ်သက်တာပေါ့။ ”
အစည်းအဝေး ကျင်းပဖို့ အကြောင်းမပြန်တာနဲ့ပတ်သက်ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးမှာ ရောက်နေ တာကြောင့် ပြန်လည် ဖြေဆိုနိုင်တာ မရှိခဲ့ပါဘူး။
ဒီလ ၁၃ ရက်နေ့က လုံခြုံရေးဆိုင်ရာအစည်းအဝေးမကျင်းပဖြစ်ပေမဲ့ ချမ်းအေးသာစံမြို့နယ် စစ်မှု ထမ်းဟောင်းအဖွဲ့က တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲကို မနော်ရမ္မံကွင်းမှာ ကျင်းပ သလို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားမှာ မန္တလေးဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ ဒုစရိုက်မှုတွေနဲ့ပတ်သက်ပြီး ဒါဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ လက်ရှိအစိုးရအပေါ် အယုံအကြည်မဲ့ အောင် ဖန်တီးနေတာတွေ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကတော့ ဇွန်လက စတင်ပြီ လုံခြုံရေးစီမံချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသလို ဒီရက်ပိုင်းတွေမှာလည်း လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆာင်ရွက်နေပါတယ်။
Your browser doesn’t support HTML5