ရတနာပုံတက္ကသိုလ်ဆန္ဒပြပွဲ သတင်းထောက်တွေရိုက်နှက်ဖို့ ပါမောက္ခပြောခဲ့မှု သတင်းမီဒီယာကောင်စီစုံစမ်း

ဆန္ဒပြနေကြတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတွေရဲ့ဆန္ဒပြပွဲကို သတင်းယူနေတဲ့ သတင်းထောက်တွေကို ရိုက်နှက်ဖို့ အဏုဇီဝဗေဒဌာနပါမောက္ခ ဒေါ်ခင်သက်ကျော်က တွန်းအားပေးခဲ့တဲ့ဖြစ်ရပ်ဟာ သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာ သတင်းယူခွင့် ရှိမရှိဆိုတဲ့အပေါ် စုံစမ်းဖေါ်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောဆိုလိုက်ပြီး အမြဲတမ်း နစ်နာရလေ့ရှိတဲ့ သတင်းသမားအတွက် အကာအကွယ် ပေးသွားမယ်လို့ ကောင်စီရဲ့ တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က မန္တလေးတိုင်း အမရပူရမြို့နယ်မှာရှိတဲ့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ် သတင်းယူနေတဲ့ သတင်းထောက်တွေကို ရိုက်နှက်ဖို့ အဏုဇီဝဗေဒဌာန ပါမောက္ခ ဒေါ်ခင်သက်ကျော်က တွန်းအားပေးခဲ့တဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ယက် မီဒီယာပေါ်မှာ ပျံ့နေတာပါ။

“သတင်းထောက်တွေကိုရိုက် ၊ သတင်းထောက်တွေကို ရိုက်.. ။ အဲဒီမှာ မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကို ရိုက်။ အဲဒီမှာ သတင်းထောက်တွေကို ရိုက်။….”

အဲဒီဖြစ်စဉ်မှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းယူခွင့် ရှိမရှိဆိုတာကို စုံစမ်းဖေါ်ထုတ်သွားဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက လူ ၅ ဦးပါတဲ့ စုံစမ်းရေးကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စဟာ ကောင်စီက စုံစမ်းစစ်ဆေး ရလောက်အောင် လိုအပ်နေပါပြီလား။ အဲဒီ စုံစမ်းရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးသာလွန်ဇောင်းထက်က ခုလိုပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ ဒီ သတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က အမြဲပဲ ခံဘက်ကချည့်ပဲပေါ့နော်။ အစိုးရဝန်ကြီးဌာနပဲ ဖြစ်ဖြစ်၊ စစ်ဘက်လို အဖွဲ့အစည်းကပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ပတ်သက်လို့ရှိရင် အမြဲတမ်းပဲ သူတို့ရဲ့ မကောင်းတဲ့ သဘောထားတွေ တွေ့နေရတယ်။ ကျနော်တို့က ငြိမ်ခံနေခဲ့ရတာတွေက များလာတာဗျ။ များလာတော့ အခုကိစ္စက တိုင်တဲ့အဖွဲ့အစည်းတွေက များတယ်။ နောက်တခုက ကောင်စီရဲ့လုပ်ငန်းစဉ် သတင်းမီဒီယာ နည်းဥပဒေရဲ့ အခန်း (၅)၊ ကောင်စီရဲ့လုပ်ငန်းစဉ် ပုဒ်မ ၂၀/ (ဂ) မှာ ဘာပါလဲဆိုတော့ ဒီလိုမျိုး အခြေအနေ ဖြစ်လာလို့ရှိရင် ကောင်စီက အများပြည်သူကို ထုတ်ပြန်ကြေညာနိုင်တယ်- ဆိုပြီးတော့ သူ့ရဲ့ ဥပဒေ ပြဌာန်းချက် ရှိတဲ့အတွက်ကြောင့်မို့လို့ ဒါကို စုံစမ်းပြီးတော့ ဘယ်လိုဖြစ်သလဲ ဆိုတဲ့ကိစ္စကို ကျနော်တို့ မေးမြန်းမယ်ပေါ့နော်။ ပြီးလို့ရှိရင် အစီရင်ခံစာ ထွက်လာမယ်။ အဲဒီအပေါ်မှာမှ ကောင်စီကနေပြီး အများပြည်သူကို ထုတ်ပြန်ကြေညာမှာပေါ့နော်။”

မေး။ ။ ဆိုတော့ အခုလိုမျိုးပေါ့နော်- စုံစမ်းပြီးရင်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာပါလဲ။

ဖြေ။ ။ အဲဒါက ဖြစ်စဉ်နဲ့ အခြေအနေတွေအပေါ်မှာ မူတည်တယ်ဗျ။ ဘယ်လို ဆက်လုပ်မလဲဆိုတော့ လုပ်ပိုင်ခွင့်ရှိတာတွေကတော့ အများကြီးပဲ။ ကောင်စီရဲ့ လုပ်ငန်းစဉ်တွေထဲမှာလည်း ပါတယ်။ ပြီးတော့ ကောင်စီနဲ့ သူ့ရဲ့ ဥပဒေမှာ အခွင့်အရေးတွေမှာ မီဒီယာလောကတခုလုံးကို ကိုယ်စားပြုတဲ့ သဘောရှိတဲ့အခါကျတော့ အဲလိုဆက်လုပ်နေတဲ့ဟာကကျတော့ ကောင်စီဝင် ၂၉ ဦးရဲ့ သဘောထားပေါ်မှာ မူတည်တယ်။ ကျနော်တို့ကတော့ ငါးဦးကော်မတီအနေနဲ့ စုံစမ်းမှာပေါ့လေ။

မေး။ ။ ဟုတ်ကဲ့၊ ဆိုတော့-တကယ့်လက်တွေ့မှာကော ဘယ်လို အရေးယူ ဆောင်ရွက်နိုင်တာမျိုးတွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့က အရေးယူဆောင်ရွက်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူးဗျ။ မီဒီယာလောကအတွက် ကျနော်တို့က ကိုယ်စားပြုပြီး ဒီလိုအခြေအနေတွေတော့ ရှိတယ်ဆိုပြီး နိုင်ငံတော်သမ္မတနဲ့ တိုင်းပြည်ကို ကြေညာနိုင်တဲ့ အဖွဲ့အစည်းပေါ့နော်။ အဲဒီတော့ ကျနော်တို့ကနေမှတဆင့် ဒီလိုတော့ သတင်းလွတ်လပ်ခွင့်ဟာ ထိခိုက်နေပါတယ်လို့ ပြောလိုက်လို့ရှိရင် ဒီအသံဟာ သမ္မတကနေ ဖွဲ့စည်းထားတဲ့၊ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ဒီအဖွဲ့အစည်းတခုကနေ ထွက်တဲ့အသံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သာမန်အဖွဲ့အစည်းတွေက ထွက်တဲ့ အသံထက် ပိုပြီးတော့ ကျယ်တယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီနေရာမှာ မေးစရာရှိတာကလေ- အခုလို ဖြစ်ပျက်နေတာတွေက သတင်းသမားတွေ အပေါ်မှာ ဒီဆရာမအပါအဝင် လူထုရဲ့အမြင်တွေက မကောင်းဘူး ဖြစ်နေသလား။ ယုံကြည်မှုတွေ ပျက်နေတဲ့သဘောလို့ရော မယူဆနိုင်ဘူးလား။

ဖြေ။ ။ အကြောင်းအရာတွေက ဗွီဒီယိုကလစ်ထဲမှာ ကြည့်ရတာ တခုတည်းနဲ့တော့ ဆုံးဖြတ်လို့မရဘူး။ အဲဒါကြောင့် ဘယ်လိုဖြစ်ခဲ့လဲ၊ ဘာဖြစ်ခဲ့လဲဆိုတာ သေသေချာချာကို လေ့လာဖို့လိုတယ်။ ဒါကြောင့် ကော်မတီဖွဲ့ပြီး ကျနော်တို့ သွားပြီး လေ့လာမှာပါ။

မေး။ ။ သတင်းမီဒီယာသမားတွေဘက်ကရော သတင်းယူတဲ့နေရာမှာ စောင့်ထိန်းလိုက်နာသင့်တဲ့ ဘယ်လို အနေအထားတွေ ရှိသင့်တယ်လို့ မီဒီယာကောင်စီအနေနဲ့ အကြံပြုချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့မှာ ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေရှိတယ်။ ရပိုင်ခွင့်တွေ ရှိတယ်။ အဲဒီတော့ သတင်းမီဒီယာဥပဒေထဲမှာ အကုန်ပါပါတယ်။ အဲဒီတော့ ဒီထဲက ကျင့်ဝတ်တွေနဲ့ ရပိုင်ခွင့်တွေနဲ့အညီ မီဒီယာသမားတွေကရော လုပ်သလား၊ တဘက်က လူတွေကရော အခုနကလို ဒေါ်ခင်သက်ကျော်လို လူမျိုးကရော ဘာကြောင့်မို့လို့ ဒီလိုမျိုး အော်ဟစ်သလဲ ဆိုတဲ့ဟာတွေကို အခြေအနေတွေ အားလုံးကို ကျနော်တို့က အခုမှစပြီးတော့ ကျနော်တို့က လေ့လာဖို့ပဲရှိတဲ့ အနေအထားမျိုးတွေပေါ့နော်။

စုံစမ်းရေးကော်မတီဟာ ဖြစ်စဉ်အသေးစိတ်ကို ၁၄ ရက်အတွင်း ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာ တစောင်ကို ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တင်ပြသွား မယ်လို့ ဆိုပါတယ်။ အဲဒီကမှတဆင့် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

ရတနာပုံတက္ကသိုလ်ဆန္ဒပြပွဲသတင်းထောက်တွေရိုက်နှက်ဖို့ပါမောက္ခ ပြောခဲ့မှုသတင်းမီဒီယာကောင်စီစုံစမ်း